လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ကြုံနေရသည့် ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲအခြေအနေအပေါ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
စစ်ကိုင်းတိုင်း – ကချင်ပြည်အစပ်တွင်ရှိသည့် ပင်လည်ဘူးမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့က မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေသည်မှာ ၁ လနှင့် ၇ ရက်ခန့် ကြာမြင့်လာပြီဖြစ်ပြီး စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကို အပြင်းအထန် ကြုံနေရသည်။
ကောလင်းမြို့၏ အနောက်မြောက်ဘက် ၂၅ မိုင်အကွာ၊ ဝန်းသိုမြို့နှင့် ၄၁ မိုင် အကွာအဝေးတွင်ရှိသည့် ပင်လည်ဘူးမြို့ကို KIA နှင့် PDF ပူးပေါင်းတပ်တို့က ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်စဉ်တိုင်း မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေသည်မှာ ၆ ကြိမ် တိုင်တိုင်ရှိလာပြီ ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။
၂၀၂၄ ဩဂုတ်လ ၁၄ ရက်နေ့က ပြန်ထိုးစစ်ဆင်နေသည့် ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲသည် ၂၀၂၄ ခုနှစ်အတွင်း ဒုတိယအကြိမ် ထိုးစစ်ဆင်နေသည့် တိုက်ပွဲလည်းဖြစ်သလို စစ်ကောင်စီဘက်ကလည်း လေကြောင်းအသုံးပြု အပြင်းအထန်ကာကွယ်နေလို့ ယနေ့အထိလည်း ပင်လယ်ဘူးမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။
လက်ရှိ၌ KIA နှင့် PDF ပူးပေါင်းတပ်တို့က တစ်လကျော်ကြာ ထိုးစစ်ဆင်နေသည့် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ အခြေအနေ ဘယ်လိုရှိနေပါလဲ။ ပင်လည်ဘူးမြို့တိုက်ပွဲ အခြေအနေနှင့်ပတ်သက်ပြီး မြို့သိမ်းတိုက်ပွဲတွင် ပါဝင် တိုက်ခိုက်နေသည့် ပင်လည်ဘူးမြို့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ပထမဆုံး ပင်လည်ဘူးမြို့တိုက်ပွဲ နောက်ဆုံးအခြေနေကို ပြောပြပေးပါအုံး။
ဖြေ။ ။ ဟုတ်။ ဒီနေ့တစ်ရက်ထဲ တောကျောင်းဆိုတဲ့နေရာမှာ ရဲစခန်းနဲ့နီးတယ်။ မီတာအားဖြင့်ဆိုရင် ၁၄၆ မီတာလောက်ပဲ ကွာတဲ့နေရာမှာ စစ်အင်အားလာချသွားတယ်။ အဲဒါချနိုင်ဖို့ Y12 နဲ့ တောက်လျှောက်ပစ်တာ နေ့လည် ၂ နာရီဝန်းကျင် အထိ ၁၂ ကြိမ်လောက် ရှိပြီ။ Mi-17 နဲ့ စစ်အင်အားချနေတာ ၇ ကြိမ် ရှိပြီ။ အဲဒါ နောက်ဆုံးအခြေနေပါ။
မေး။ ။ ဒီနေ့လာပို့သွားတဲ့စစ်ကြောင်းက စစ်အင်အားဘယ်လောက်ရှိနိုင်လဲ။ ဘယ်တပ်ရင်း ဌာနချုပ်ကလဲဆိုတာရော သိရလား။
ဖြေ။ ။ စစ်အင်အားကတော့ ၁၀၀ ကျော်နိုင်တယ်။ ခန့်မှန်းပေါ့။ ဒီနေ့ချတာက ကျနော်တို့သိရတဲ့အချက်လက် အရ မကွေးမြို့စောင့်တပ်လို့ သတင်းရထားပါတယ်။
မေး။ ။ ပင်လည်ဘူး အခုလောလောဆယ်ရော စစ်ကောင်စီတပ်ဘက်ကလည်း စစ်အင်အားဖြည့်နေတော့ နှစ်ဖက်ထိတွေ့အခြေအနေ ဘယ်လိုရှိပါလဲ။
ဖြေ။ ။ ခုနက လာချသွားတဲ့အဖွဲ့နဲ့ ကျနော်တို့အဖွဲ့ တိုက်ပွဲပြင်းထန်နေပါတယ်။ ပြီးတော့ သူတို့လေကြောင်း ကနေချပေးတဲ့ စစ်လက်နက်ရိက္ခာတွေကိုလည်း ကျနော်တို့ဘက်က အများကြီးသိမ်းရမိထားတာတွေ ရှိပါတယ်။ ဘာတွေလဲဆိုတော့ တိတိကျကျမသိရသေးဘူး။
မေး။ ။ အရင်တခေါက်ကလည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ပို့နေတဲ့ စစ်လက်နက်ရိက္ခာတွေကို ကာကွယ်ရေးတပ်ဘက်က သိမ်းရမိတာရှိတယ်လို့သိရတယ်။ ဟုတ်ပါလား။
ဖြေ။ ။ ဟုတ်ပါတယ်။ ၈ (ဩဂုတ်) လပိုင်း ၂၁ ရက်နေ့ လာချတဲ့၊ သိမ်းနိုင်တဲ့အထဲမှာ လက်နက်ခဲယမ်းနဲ့ အစားသောက် အဓိကချသွားတာ။ ဆာလာအိတ်ရော၊ သစ်သားသေတ္တာနဲ့ရော လေထီးနဲ့ချတာ။ အဲအချိန် လာပို့သွားတဲ့ စစ်ကြောင်းကိုလည်း ကျနော်တို့ဘက်က ဖမ်းရမိတာတွေလည်းများတယ်။
မေး။ ။ နောက်တစ်ခုက တိုက်ပွဲတစ်လတာအတွင်း ဖမ်းဆီးရမိတဲ့ သုံ့ပန်းအခြေနေလည်း သိပါရစေ။
ဖြေ။ ။ ဒီနေ့လာချတာနဲ့ဆိုရင် စစ်အင်အားဖြည့်တာ ၃ ကြိမ် ရှိပြီ။ ပထမလာပို့တဲ့စစ်ကြောင်းက တကြောင်းလုံး လက်နက်ချ အလင်းဝင်တယ်။ ဒုတိယအကြိမ် လာပို့တဲ့စစ်ကြောင်းက အရှင်ဖမ်းမိတာ ရှိတယ်။ နောက်တခုက ခုဒီမှာပို့လာတဲ့ စစ်သားတွေက အောက်ပိုင်းကနေ ပို့လာတာဆိုတော့ ဒီဘက်ကို သူတို့ နယ်မြေမကျွမ်းဘူး။ အဲတော့ လမ်းမှားပြီး ကျနော်တို့ဘက်ကို ထွက်ပြေးလာတဲ့သူတွေလည်း ရှိတယ်။ ပြီးတော့ တချို့က စစ်မတိုက်ချင်တော့ဘူးဆိုပြီး ထွက်ပြေးသွားတဲ့သူတွေကို ဖမ်းရမိတာရှိတယ်။ ဖမ်းဆီးရမိတာ၊ သုံ့ပန်းနဲ့ ပေါင်းရင်တော့ ၈၀ ကျော်ပြီ။
မေး။ ။ အဲဒါဆိုရင် လက်ရှိပင်လည်ဘူးမြို့ထဲက ဘယ်နေရာ၊ ဘယ်စခန်းတွေ ကျန်သေးပါလဲ။
ဖြေ။ ။ အခု မြို့ထဲက ရဲစခန်းနဲ့အာရှဘဏ်ကုန်းပဲ ကျန်တော့တယ်။ ကျန်တာ အကုန်ရပြီ။ ဒီနေရာကို လက်မလွတ်အောင် စစ်တပ်က အပြင်းအထန် လေကြောင်းသုံးနေတာ။ မသိရင် အပြည်ပြည်ဆိုင်ရာ လေဆိပ်လားထင်ရတယ်။ နေ့တိုင်း လာပစ်တယ်။ မပစ်တဲ့နေ့ မရှိသလောက်ပါဘဲ။ နေ့တိုင်းတိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေဆဲ အခြေအနေဖြစ်ပါတယ်။
မေး။ ။ ပင်လည်ဘူးတိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုကို အဓိကအားထားနေရတယ်လို့ ပြောချင်တာလား။
ဖြေ။ ။ သူတို့ နေ့တိုင်းလာပစ်တယ်။ တခါလာပစ်ရင် အလုံး ၂၀၊ ပေါင် ၃၀၀၊ ပေါင် ၅၀၀ ဗုံး၊ ပေါင် ၁၀၀၀ ဗုံး၊ ပြီးရင် ကလပ်စတာဗုံးလည်း သုံးနေတယ်လို့ ခန့်မှန်းလို့ရတယ်။ ကလပ်စတာဗုံးဆိုတာ ဘာကိုကြည့်ပြီး ပြောနိုင်တာလဲဆိုရင် သူက တခြားဗုံးတွေနဲ့ မတူဘူး။ ဗုံးပေါက်ကွဲတဲ့ပုံစံကအစ ဒါကြောင့် ကလပ်စတာတွေလည်း သုံးနေတယ်လို့ ခန့်မှန်းလို့ရတာ။
မေး။ ။ အခု အဲဒီနေရာစခန်းတွေမှာ စစ်အင်အား ဘယ်လောက်ရှိနိုင်သေးလဲ။ ဘယ်တပ်တွေ အများဆုံးပါဝင်လဲ။
ဖြေ။ ။ ရဲစခန်းမှာ ၁၀၀ ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းရတယ်။ အဲထဲမှာ ရဲမေ ၃၀ လောက်ပါတယ်။ ကျန်တာက ဒဏ်ရာရထားတဲ့သူတွေရော မရတဲ့သူတွေရော အားလုံးပေါင်းရင် အဲလောက်ရှိမယ်။ နောက် အာရှဘဏ်ကုန်းကလည်း ၁၀၀ ဝန်းကျင်ပဲ။ အဲမှာ အခုဆိုရင် ဘန်ကာတွေ အသစ်ထပ်ဆောက်နေကြတယ်။ စစ်ကောင်စီတပ်အပြင် ပျူစောထီး၊ ဘုန်းဘုန်းဝါသဝရဲ့ ပြည်သူ့စစ်ပြီးရင် SNA (ရှမ်းနီတပ်) တွေလည်းပါတယ်။ စစ်အင်အားတော့ ခန့်မှန်းရခက်နေတယ်။
မေး။ ။ အခု ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဘက်က ရာခိုင်နှုန်းအားဖြင့် ဘယ်လောက် လောက် ထိန်းချုပ်ထားနိုင်ပြီလို့ ပြောလို့ရမလဲ။
ဖြေ။ ။ မြို့ကို ၇၀ ရာခိုင်နှုန်းတော့ ထိန်းချုပ်ထားနိုင်ပြီလို့ ပြောလို့ရတယ်။ အခု နောက်ဆုံးကျန်တဲ့ စခန်းတွေကို စစ်တပ်ကလည်း အပြင်းအထန် လေကြောင်းနဲ့အင်အားဖြည့် လေကြောင်းနဲ့ပစ်နေလို့ အမြန်သိမ်းဖို့ခက်နေတဲ့ အခြေအနေဖြစ်ပါတယ်။
KNG ပေးပို့သည်။