မဲဆောက်မြို့မှာ တော်လှန်ရေးအင်အားစုတွေ စားဝတ်နေရေးပြေလည်ဖို့ ထမင်းတစ်နပ် ၁၅ ဘတ် ရောင်းချနေတဲ့အဖွဲ့မှ ဆရာကျောင်း (မြင်းခြံ) နဲ့ အမေးအဖြေ။
အာဏာသိမ်းစစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထွက်ပြေးခိုလှုံနေကြတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ စားဝတ်နေရေး အခက်အခဲတွေ ပြေလည်စေဖို့အတွက် ထမင်းတစ်နပ် ၁၅ ဘတ် (မြန်မာငွေကျပ် ၁၃၀၀ ဝန်းကျင်)နဲ့ ရောင်းချပေးနေတာ တွေ့ရပါတယ်။
ထမင်းတစ်နပ် ၁၅ ဘတ် နဲ့ ရောင်းချတဲ့အစီအစဉ် စတင်ဖြစ်လာတဲ့ အခြေအနေ၊ လက်ရှိမှာ ဘယ်သူတွေကို ဘယ်လိုပုံစံနဲ့ အဓိကထား ရောင်းချပေးနေတာပါလဲ။ ဒီလိုရောင်းချရာမှာ ကြုံရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ထမင်းတစ်နပ် ၁၅ ဘတ် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဆရာကျောင်း (မြင်းခြံ) ကို မေးမြန်းထားပါတယ်။
မေး။ ။ အရင်ဆုံး ထမင်းတစ်နပ် ၁၅ ဘတ် အဖွဲ့ကို ဖွဲ့စည်းလုပ်ဆောင်ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
ဖြေ။ ။ ဘဝတူရဲဘော်တွေရဲ့ အခြေခံစားဝတ်နေရေးအတွက် တချို့အဖွဲ့တွေက နေရေးအတွက် အကူအညီပေးနေတော့ ကျွန်တော်တို့အဖွဲ့က စားရေးသောက်ရေး အဆင်ပြေအောင် ဘဝတူ CDM ဝန်ထမ်း တွေ၊ ဘဝတူရဲဘော်တွေအတွက် စဉ်းစားပြီးတော့ ဒီအဖွဲ့လေးကို နိုင်ငံတကာရောက် မျိုးဆက်ဟောင်း ရဲဘော်တွေရဲ့ တစ်ဦးချင်းမတည်ငွေ ဘတ် ၁ သိန်းလောက်နဲ့ ကျွန်တော်တို့စပြီး ဒီအဖွဲ့ကို စတင်လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။
မေး။ ။ ထမင်းတစ်နပ် ၁၅ ဘတ်အဖွဲ့ကို တော်လှန်ရေးအင်အားစုတွေအတွက် လုပ်ဆောင်ပေးဖို့ ဘယ်လိုအခြေအနေတွေကြောင့် စတင်ဖြစ်တာပါလဲ။
ဖြေ။ ။ သင်္ကြန်ပြီးလောက်မှာကျတော့ ကျွန်တော်တို့သေချာမြေပြင်ကိုဆင်းပြီး အချက်အလက်တွေ စုဆောင်းတဲ့အချိန်မှာ သင်္ကြန်ပြီးလောက်မှာ တချို့ရဲဘော်တွေ၊ တချို့အဖွဲ့အစည်းတွေကနေ ရိက္ခာပေးဝေမှု အစီအစဉ်တွေ နှောင့်နှေးသွားတယ်။ အဲဒီအတွက်ကြောင့် ဘဝတူရဲဘော်တွေ သက်သာချောင်ချိရေးအတွက် ငါတို့တော့တစုံတခု လုပ်ကြရအောင် တတ်နိုင်သလောက်လုပ်ကြရအောင်ဆိုပြီး ထမင်းတစ်နပ် ၁၅ ဘတ် ဆိုပြီး လုပ်တာ။
ပထမတုန်းကတော့ ဘတ် ၁၀ နဲ့ ထမင်းတစ်နပ် ၁၀ ဘတ်နဲ့ ရောင်းဖို့ အထိ ကြိုးစားကြတာ။ ဒီဟာက တစ်လနှစ်လနဲ့ ရပ်သွားရင် မဖြစ်သေးဘူး ဆိုပြီးတော့ ကျွန်တော်တို့က ထမင်းတစ်နပ် ၁၅ ဘတ်နဲ့ တစ်ပတ်ကို နှစ်ရက်နဲ့ ရောင်းချနိုင်ဖို့၊ အဲဒီထဲမှာမှ ကျွန်တော်တို့ အဓိကထားရောင်းချလိုတာကတော့ ကျွန်တော်တို့ ရဲဘော်တွေ၊ နိုင်ငံရေး အဝန်းအဝိုင်းက ရဲဘော်တွေ၊ CDM ဝန်ထမ်းတွေ အတွက် အဓိက ထားပြီးတော့ ရောင်းချနိုင်အောင် ကြိုးစားတာပေါ့။
သူတို့အပေါ်ကို ပစ်မထားဘူး၊ ပစ်မထားဘူးဆိုတဲ့ အခြေအနေလေး ပေါ်လွင်အောင်ဆိုပြီး ကျွန်တော်တို့ တတ်နိုင်တဲ့ ရန်ပုံငွေလေးနဲ့ တစ်ဦးချင်း ချွေနဲစာလေးတွေ စုပေါင်းပြီးတော့ တစ်ပတ်ကို နှစ်ရက်တိုင် ရောင်းချပေးနေတာ။ ရောင်းတဲ့အခါ ပို့ခမယူပဲ တစ်ထုပ်ထဲ မှာရင်တောင် အိမ်အထိလိုက်ပို့တယ်။ တကယ်လိုအပ်တဲ့ ရဲဘော်တွေဆိုရင် ကျွန်တော်တို့ပေ့ချ် မက်ဆင်ဂျာမှာ ဆက်သွယ်မှာယူနိုင်တယ်။ စစ်ရှောင်တွေ၊ အရေးပေါ်ဒုက္ခရောက်နေတဲ့ ရဲဘော်တွေကို ကူညီတဲ့အနေနဲ့ ထမင်းတစ်နပ် ၁၅ ဘတ် အဖွဲ့ကနေပြီး လှူဒါန်းပေးကမ်းတာတွေ ရှိတယ်။
မေး။ ။ ထမင်းတစ်နပ် ၁၅ ဘတ် အဖွဲ့အနေနဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာမှာ ဘယ်လိုပုံစံတွေနဲ့ လည်ပတ်နေတာပါလဲ။
ဖြေ။ ။ ကျွန်တော်တို့ ဘဏ္ဍာရေးပိုင်းမှာ ပွဲ ၃၀၀ နဲ့ ၅၀၀ ကြား နေ့စဉ်အဆင်ပြေသလို ရောင်းချပေးတဲ့ အချိန်မှာ ကျွန်တော်တို့က နေ့စဉ်အရှုံးတွေနဲ့ ရင်ဆိုင်ရပါတယ်။ မဲဆောက်ရဲ့ လက်ရှိကုန်ဈေးနှုန်း ပေါက်ဈေးအရ အပတ်တိုင်း ရှုံးပါတယ်။ ဘဏ္ဍာရေးအခြေအနေက ဒီလောက်အထိ တောင်ခံနိုင်လဲဆိုတော့ တချို့ရဲဘော်တွေက ၁၀ ဘူး မှာပြီး ၁ ဘူးထဲ စားသုံးပြီး ၉ ဘူးစာ ပြန်လှူတာရှိပါတယ်။ အဲဒီရန်ပုံငွေတွေနဲ့ တစ်ဦးချင်း ကျွန်တော်တို့က အလှူခံရပ်တည်တဲ့ အဖွဲ့အစည်းလည်း မဟုတ်ဘူး။ ကျွန်တော်တို့အဖွဲ့ကို သဘောကျတဲ့ အလှူရှင်တွေက ဘတ် ၁၀၀၀ မျိုး၊ ဘတ် ၅၀၀ မျိုး၊ လှူဒါန်းတဲ့ ပိုက်ဆံတွေနဲ့ ကျွန်တော်တို့မှာ စာရင်းစစ်အဖွဲ့ ရှိပါတယ်။ စာရင်းကိုင်သက်သက် ရှိပါတယ်။ ဘဏ္ဍာရေးမှူး ရှိတယ်။ ပိုနေတဲ့ ရဲဘော်တွေရဲ့ အလှူငွေအနည်း အကျဉ်းမျှနဲ့ ကျွန်တော်တို့ပင်မလက်ကျန်ငွေနဲ့ လည်ပတ်နေတာပါ။
မေး။ ။ ထမင်းတစ်နပ် ၁၅ ဘတ် အဖွဲ့ရဲ့ ရောင်းချပေးမှု ပုံစံကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ။ ကျွန်တော်တို့ကရက်တိုင်း တစ်လမှာ ရက် ၃၀ ရှိရင် ၃၀ ရက် လုံး ရောင်းချပေးချင်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့မှာ သူများနိုင်ငံဖြစ်တာတကြောင်း၊ ကျွန်တော်တို့ကို စေတနာ့ဝန်ထမ်း ကူညီပေးနေတဲ့ အဝန်းအဝိုင်းက လူသိနည်းနေသေးတော့ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်တဲ့ဟာတွေ နည်းပါးနေတဲ့အတွက် ကျွန်တော်တို့က တစ်ပတ်ကို နှစ်ရက်ပေါ့၊ အဲဒီလိုလေး ရောင်းပေးပါတယ်ဗျ။ တနင်္လာနေ့ရယ်၊ ကြာသာပတေးနေ့ရယ် ရောင်းပေးပါတယ်။ အဲဒီလိုရောင်းပေးဖို့ဆို ကျွန်တော်တို့က တနင်္လာနေ့ ရောင်းပေးဖို့ကို တနင်္ဂနွေနေ့တည်းက ကြိုတင်ပြီးတော့ လှီးချွတ်၊ နောက်နေ့ ရောင်းနိုင်အောင် ကျွန်တော်တို့က တစ်ပတ်ကိုနှစ်ရက် ရောင်းတယ်ဆိုရင် ကျွန်တော်တို့က လုပ်အားပေး စေတနာ့ဝန်ထမ်းတွေ က ၄ ရက် အလုပ် လုပ်ရပါတယ်။ လောလောဆယ်က ဘဏ္ဍာရေး အခြေအနေက နေ့စဉ်ရောင်းချပေးလို့ အဆင်ပြေပေမယ့် လုပ်အားပေး၊ လူအင်အားနည်းနေတယ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ နေ့စဉ် ရောင်းချပေးဖို့ ကျွန်တော်တို့မှာ အခက်အခဲကြုံနေရလို့ တစ်ပတ်ကိုနှစ်ရက်ပဲ ရောင်းချပေးနိုင်တာပါ။
မေး။ ။ ဘယ်လိုလူတန်းစားကို အဓိကထားပြီး ရောင်းချပေးနေပါလဲ။
ဖြေ။ ။ အဓိကထားချင်တာက CDM ဝန်ထမ်းတွေရယ်၊ နိုင်ငံရေး တတ်ကြွလှုပ်ရှားသူတွေရယ်၊ စစ်အာဏာ သိမ်းပြီးတော့ အမိနိုင်ငံကို စွန့်ခွာပြီး တဖက်နိုင်ငံမှာ မလုံမခြုံနဲ့ လူမှုဒုက္ခတွေကြုံတွေ့နေရတဲ့ ကျွန်တော်တို့ ဘဝတူရဲဘော်တွေအတွက် အစီအစဉ်တစ်ရပ်အနေနဲ့ ကျွန်တော်တို့ ရောင်းချပေးတာပါခင်ဗျ။
မေး။ ။ ထမင်းတစ်နပ် ၁၅ ဘတ် အဖွဲ့အနေနဲ့ စစ်ဘေးရှောင်တွေအတွက် ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။ ဘယ်လိုတွေများ ကူညီဆောင်ရွက်ပေးနေပါသလဲ။ ဘာတွေ ဆက်လုပ်သွားဖို့ရှိပါလဲ။
ဖြေ။ ။ စစ်ဘေးရှောင်တွေအတွက် လှူဒါန်းချင်တယ်ဆိုရင် ကျွန်တော်တို့က ကျွန်တော်တို့ချက်ပြုတ်တဲ့ တနင်္လာနဲ့ ကြာသပတေးနေ့တွေမှာ ကျွန်တော်တို့ ထပ်ဆောင်းပြီးတော့ လုပ်အားဒါနအနေနဲ့ ချက်ပြုတ် ပေးတာ ရှိပါတယ်။ ညနေခင်းပိုင်းပေါ့။ ဆိုလိုချင်တာ ကျွန်တော်တို့က တနင်္လာနေ့ မနက်ခင်း ရောင်းတယ်။ ကြာသပတေးနေ့ မနက်ခင်း ရောင်းတယ်။ ညနေခင်းစာ ကူညီပါဦး၊ စစ်ရှောင်တွေအတွက် သွားရောက် လှူဒါန်းချင်ပါတယ်လို့ ချိတ်ဆက်လာတဲ့ အဖွဲ့တွေ ရှိတယ်ဆိုရင် စေတနာ့ဝန်ထမ်းတွေက ဝိုင်းဝန်း ချက်ပြုတ်ပြီး ညနေ ၄ နာရီ အမီ ပြင်ဆင်ချက်ပြုတ်ပြီးတော့ ကျွန်တော်တို့ ထုပ်ပိုးပြီးတော့ ကျွန်တော်တို့ ပို့ဆောင်မယ့် ဝန်ဆောင်မှုလေးပါ ကျွန်တော်တို့လုပ်နေပါတယ်ဗျ။
အဲဒီထက်ပိုပြီး ထပ်လုပ်စရာလည်း ရှိပါတယ်။ ပိုနေတဲ့ အဝတ်အစားတွေကို ကျွန်တော်တို့ စစ်ရှောင်တွေကို ကျွန်တော်တို့ကနေ လှူမယ်ဆိုပြီး ချိတ်ဆက်ပြီးတော့ လှူပေးတဲ့အစီအစဉ်လေးပါ ထပ်လုပ်ထားပါတယ်။ ဒီအဖွဲ့လေးရဲ့ ရည်ရွယ်ချက်ကတော့ မဲဆောက်ရောက် ဘဝတူရဲဘော်တွေအတွက် သက်သာချောင်ချိရေး အစီအစဉ်တွေ ကျွန်တော်တို့ တတ်နိုင်သလောက် အမှီအခိုကင်းကင်းနဲ့ အနှောင်အဖွဲ့ကင်းကင်းနဲ့ စေတနာသန့်သန့်နဲ့ ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျ။
မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားလိုတာရှိပါလဲ။
ဖြေ။ ။ ကျွန်တော်တို့သည် တာဝန်ရှိပါတယ်ဆိုတဲ့ အဖွဲ့အစည်းတွေ အသင်းအပင်းတွေက တာဝန်မဲ့တယ် လို့ ခံစားနေရတဲ့အတွက် ကျွန်တော်တို့က တာဝန်သိတဲ့အတွက် ကျွန်တော်တို့က ဒီတာဝန်ကို တပိုင်တနိုင် စတင် ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီထက်လည်း ပိုကောင်းတဲ့ အစီအစဉ်တွေအနေနဲ့ ထမင်းတစ်နပ် ၁၅ ဘတ် အဖွဲ့သားတွေက ကြိုးစားနေပါတယ်။ တာဝန်ရှိတဲ့လူကြီးမင်းများ အနေနဲ့လည်း ကျွန်တော်တို့ ကဲ့သို့သော အနှောင်အဖွဲ့ကင်းတဲ့ လူသားချင်းစာနာတဲ့ အထောက်အထားတွေကို ကျွန်တော်တို့ထက် ပိုပေးနိုင်တဲ့အဖွဲ့တွေက ပေးကြပါလို့ အဖွဲ့ကိုယ်စားရော၊ ကျွန်တော်ကိုယ်တိုင်လည်း မဲဆောက်ရောက် ထွက်ပြေးတိမ်းရှောင်သူ ဖြစ်တဲ့အတွက် ဘဝတူတွေကိုယ်စား ကျွန်တော်ကနေ တာဝန်ရှိသူတွေဆီ သံလွင်တိုင်းမ်ကနေတဆင့် တောင်းဆိုချင်ပါတယ်။
သံလွင်တိုင်းမ် ပေးပို့သည်။