ဒေသတွင်းတိုက်ပွဲများကြောင့် ဝမ်းရေးအခက်ခဲများကြားက ရှင်သန်နေရတဲ့ ကရင်နီစစ်ရှောင်တွေရဲ့ စကားသံများ။
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ ဒေသတွင်းတိုက်ပွဲများကြောင့် ကရင်နီလူထုတွေဟာ စစ်ရှောင်ဘဝနဲ့ ဖြတ်သန်းနေကြရတာ နှစ်နှစ်ကျော်ကာလထဲ ရောက်ရှိလာနေပြီး အခက်ခဲပေါင်းစုံနဲ့ နေထိုင်နေကြရပါတယ်။
လက်ရှိမှာလည်း စစ်ရှောင်လူထုဟာ စားနပ်ရိက္ခာ ပြတ်လပ်တာတွေ၊ နေထိုင်သွားလာရ ကြပ်တည်းခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် သူတို့တွေရဲ့ ရှင်သန်ရပ်တည်နေရတဲ့ အခြေအနေစကားသံတချို့ကို စုစည်းမေးမြန်း ဖော်ပြလိုက်ပါတယ်။
ဒေါ်ဆာစေ (စစ်ရှောင်တစ်ဦး)
ရိက္ခာအခြေအနေကြတော့ အဲ့လိုပဲ၊ တစ်ပတ်စာထက် ပိုမရှိဘူး။ အဲ့လိုမျိုး တအားခက်ခဲကြတယ်ပေါ့နော၊ ခက်ခဲတဲ့ အချိန်တွေမှာဆိုလည်း ကိုယ့်စစ်ရှောင်အချင်းချင်း အိမ်နီးနားချင်းပဲ အကူညီတောင်းတယ်။ စစ်ရှောင် အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ကိုယ်ချင်းစာနာစိတ်ရှိပြီး သနားစိတ်ရှိကြပြီး တစ်ယောက်နဲ့တစ်ယောက် ကူညီကြတယ်ပေါ့။ ဖေးမကြတယ်။ ချွေတာတာတော့ ဟိုတကယ့်ကို ချွေတာရတယ်ပေါ့နော။ အရင်က လူ ၅ ယောက်ဆို ၅ ဘူး ချက်ရမဲ့အစား ခုလူ ၅ ယောက်ဆို ၃ ဘူး ၄ ဘူး ချက်စားနေရတယ်ပေါ့နော။
ဦးဗျားနို (စစ်ရှောင်တစ်ဦး)
သူများပေးတဲ့ဟာက မလောက်ဘူးလေ။ လူကများလာတယ်ရော၊ ကလေးတွေလည်း အကုန်လုံး ရောက်လာတော့ မလောက်ဘူး။ အပြင်ကနေပဲ ဝယ်ကြတယ်။
ဒေါ်ထူးစေး (စစ်ရှောင်တစ်ဦး)
သွားတောင်းနေရတယ်လေ။ ကျန်းမာရေးမကောင်းတော့ အဒေါ်က ရိက္ခာပြတ်ပြီဆို ဟိုးအမျိုးတွေ မောင်နှမတွေကို ဖုန်းလှမ်းဆက်ပြီးတော့ အကူညီတောင်းရတယ်လေ။ အဲ့လိုမျိုးပဲ အဒေါ်လုပ်ရတယ်။ အဒေါ်က အလုပ်မလုပ်နိုင်ဘူး၊ မလုပ်နိုင်ခါကြတော့ အဒေါ်စားဖို့ ဆန်ကုန်ပြီ။ အဒေါ်သုံးဖို့ ပိုက်ဆံလည်း ဝယ်စားဖို့ ပိုက်ဆံလည်း လုံးဝ မရှိဘူး။ နင်တို့ထည့်လာပေးအုံး အကူညီလှမ်းတောင်းရတယ်။ ပြီးတော့မှ ဟိုးအဝေးမှာ ရောက်နေတဲ့ မောင်နှမတွေက ပို့လာပေးရတယ်ပေါ့နော။ စားဖို့ရိက္ခာတွေ ဘာတွေခက်ခဲကြုံနေပြီဆို အဲ့လိုမျိုးပဲ။
ဒေါ်နိုးဘာ (စစ်ရှောင်တစ်ဦး)
ရိက္ခာရောက်မလာတာကြာတော့ အဒေါ်တို့မိသားစုက ဘယ်လိုမျိုးဖြေရှင်းရလဲဆိုတော့ တခါတလေဆိုရင် တောထဲမှာ သွားပြီးတော့မှ ရိက္ခာတွေ မှိုတို့၊မျှစ်တို့ သွားချိုးတာမျိုး ရှိတယ်ပေါ့နော။ ဒါပေမယ့် အမြဲတမ်း မသွားရဲဘူး။ အခုက တောတွေက ထူထပ်လာတော့ မြွေပေါလာတယ်ပေါ့နော။ ထင်းသွားရှာချင်မှာ ထင်းသွား မရှာရဲဘူး။ တခါတလေဆိုတော့ ဘာလဲ ကျမတစ်ယောက်အနေနဲ့ဆိုတော့ ကျမက အလုပ်မလုပ်နိုင်တဲ့လူ ဖြစ်တဲ့အတွက် ဒီမှာနေတဲ့မိသားစု အသိုင်းဝိုင်းတွေက ဘာတစ်ခုရှိလည်းဆိုတော့ သူ့အိမ်မှာရှိတဲ့ဥစ္စာကို သူကဝေမျှတယ်။ ကိုယ့်အိမ်မှာရှိတဲ့ နည်းနည်းဥစ္စာလေးကို ဖဲ့ကျွေးတယ်။ အဲ့လိုမျိုးလေးနဲ့ ကျမတို့ သွားကြတယ်ပေါ့နော။
ဒေါထရေးဇာ (စစ်ရှောင်တစ်ဦး)
ရိက္ခာတော့ ခက်ခဲတာ အများကြီးရှိပါတယ်။ သူများလှူပေးသလောက်လည်း မလောက်ဘူးပေါ့နော။ ကျမတို့ အဲခါကျတော့ ကိုယ်ပိုင်ဝင်ငွေ မရှိတဲ့တွက် အလုပ်ရှာရတာလည်း ခက်ခဲတယ်။ ကလေးငယ်တွေနဲ့ နေရတော့ ပိုဆိုးတာပေါ့။ အပြင်အလုပ်လုပ်ဖို့လည်း အဆင်မပြေဘူး။ သူများလှူတဲ့ဟာလေးနဲ့ ဥစ္စာပေါ့၊ ကြည့်ချိန် စားတာပေါ့။ ဆီ နှစ်ဇွန်းစားမယ့်အစား တစ်ဇွန်းစားတယ်။ တခါတလေ ဟင်းနှစ်အိုးမချက်ပဲနဲ့ တစ်အိုးပဲ ပေါင်းချက်လိုက်တယ် အဲ့လိုမျိုးပဲ။
ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။