ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့ ည ၉ နာရီကျော်အချိန်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း လအိကျေးရွာရှိ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီလေကြောင်းနှင့် ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ကျောင်းနေအရွယ်ကလေးနှင့် အသက် ၄၀ ကျော် အမျိုးသမီးနှစ်ဦး စုစုပေါင်း ၉ ဦး သေဆုံးခဲ့ရပြီး ၂၀ ဦး ဝန်းကျင် ထိခိုက်ဒဏ်ရာရှိခဲ့သည်။
စစ်ကောင်စီက အရပ်သားများအပေါ် လေကြောင်းအသုံးပြု တိုက်ခိုက်မှုအပြင် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းပေါင်းစုံနှင့် ကျူးလွန်နေခြင်းကို ထိရောက်သည့်အရေးယူမှုများ ဆောင်ရွက်နိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်းများကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နှင့် ကရင်နီအရပ်ဖက်အဖွဲ့အစည်း အပါအဝင် အရပ်ဖက်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများပါဝင်သည့် အဖွဲ့အစည်းပေါင်း ၃၀၀ ကျော်က ထုတ်ပြန်ချက်ထုတ် တောင်းဆိုထားသည်။
လက်ရှိတွင် ဘန်ကောက်စစ်ဘေးရှောင်စခန်း၌ နေထိုင်သူများသည် တခြားနေရာကို ရွေ့ပြောင်းနေထိုင်ကြသူများရှိသလို အဆိုပါစစ်ရှောင်စခန်းမှာပင် နေထိုင်ကြသူများလည်း ရှိနေဆဲဖြစ်သည်။ အရပ်သား စစ်ဘေးရှောင်များရှိရာနေရာကို စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုအပေါ် ကိုယ်တိုင်ကြုံခဲ့ရသည့် ဘန်ကောက်စစ်ဘေးရှောင်စခန်း နေထိုင်သူတို့ရဲ့ ခံစားချက်တောင်းဆိုမှုများကို စုစည်းဖော်ပြလိုက်ပါသည်။
လော်ရင်းရှို (စစ်ဘေးရှောင်)
ကျနော်ကတော့ ဘန်ကောက်စစ်ရှောင်မှာ နေလာတာ ၃ နှစ်ပေါ့နော။ အဲ့ဒီနေ့ညဖြစ်ပုံက အပြစ်မဲ့ပြည်သူတွေကို ဗုံးလာကြဲတယ်ဆိုတာက ကျနော်ကိုယ်တိုင်တွေ့ရသလောက် ပြောပြမယ်ပေါ့နော။ အဲ့ဒီအိမ်မှာ အမျိုးသမီးရှိတယ် အမျိုးသားရှိတယ် အငယ်ဆုံးတယောက်လည်း ရှိတယ်။ မြင်ရတာတော့ အခုထိ မျက်လုံးကနေ မထွက်ဘူးပေါ့ နော။ မြင်လည်းမမြင်ချင်တော့ဘူး အဲ့ဒီဖြစ်ရပ်တွေက။ ကျနော်တို့လည်း စစ်ရှောင်တော့ ရွာတွေလည်းပျက် လူကလည်း တကွဲတပြားဖြစ်ကြ တချို့ ဆွေမျိုးရှိတဲ့နေရာသွား၊ ကျနော်တို့ကလည်း ဆွေမျိုးမရှိတော့ ဒီမှာပဲ နေနေရတယ်ပေါ့။ စိတ်ခြောက်ခြားတယ်ပေါ့။ စိတ်ပိုင်းဆိုင်ရာ တအားထိခိုက်ပါတယ် ဒါတွေက။ ဖြစ်နိုင်ရင် ကျနော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး စစ်ရှောင်တွေအတွက်ပေါ့နော အင်အားဖြစ်စေမယ့်ဟာတွေကို တောင်းဆိုချင်ပါတယ်။
ဒေါ်ခင်ထွေး (အလယ်တန်းပြဆရာမ)
အဲ့ဒီညမှာ လေယာဉ်ကြဲတော့ ကျမတို့ ကျောင်းသားကျောင်းသူတွေပါသွားတော့ ဘယ်လိုမှ ဖြေဆည်လို့ မရဘူးပေါ့နော။ ပြီးတော့ ကျမအိမ်ဆိုလည်း ဘာမှရစရာ မရှိတော့ဘူး။ ကျမတို့တောင်းဆိုချင်တာက ကျမတို့ ဒီအတိုင်းရပ်မနေဘူး ပြန်လည်ထူထောင်ဖို့ ရှိတယ်။ ပြန်လည်ထူထောင်ဖို့ဆိုရင် လိုအပ်တဲ့အမိုးအကာတွေ ကူညီပေးဖို့ တောင်းဆိုပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ကျမတို့ စစ်ရှောင်တွေကို ကျမတို့မှာ လုံခြုံမှုမရှိဘူး၊ ကျမတို့ကို ပစ်မထားဖို့ အမြန်ဆုံး စစ်ကောင်စီကို အရေးယူပေးဖို့ တောင်းဆိုချင်ပါတယ်။”
မောင်ပီတာချမ်း (Grade – 12 ကျောင်းသား)
အခုလိုမျိုး တိုက်ပွဲကာလအတွင်းမှာ စာသင်ကျောင်းတို့ဖြစ်ဖြစ် စစ်ရှောင်နေရာပဲဖြစ်ဖြစ် လေယာဉ်မပျံသန်းရ နယ်မြေဆိုပြီးတော့မှ နိုင်ငံတကာကို လေယာဉ်မပျံသန်းရဇုန်ဆိုပြီးမှ လုပ်ထားပေးဖို့ တောင်းဆိုချင်တယ်ပေါ့။ ဘာလို့လဲဆို အခုက ကျောင်းသူကျောင်းသားတွေလည်း အရမ်းများတယ်။ ပြီးတော့ ဟိုနေ့က လေယာဉ်လာကြဲ သွားတဲ့အချိန်မှာဆို ကျောင်းသူကျောင်းတွေ၊ ကလေးငယ်တွေ ဒါကျနော်တို့ သိရသလောက်ပေါ့။ ဒီမှာဆိုရင် ကျနော်တို့ညီမလို့လည်း ပြောလို့ရတယ်၊ ကျနော်တို့နဲ့အတူတူ ကျောင်းသူကျောင်းသားတွေလည်း အများကြီး ရှိတယ်။ အားလုံးက ညီအစ်ကိုမောင်နှမတွေပဲ။ ကျနော်တို့နဲ့ ပိုခင်တဲ့ ကျောင်းသူလေးတွေဆိုရင်လည်း အသက်ရှင်စရာ အခွင့်အရေးရှိရဲ့သားနဲ့ အသက်ရှင်မယ့်နေ့ရက်တွေလည်း အများကြီး ရှိသေးတယ်။ ဒါပေမယ့် အလကားနေ အသက်ပေးသွားလိုက်ရတယ်ပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့ သူတို့အတွက် အရမ်းစိတ်မကောင်း ဖြစ်မိတယ်။

မောင်ဧလိယ (Grade -12 ကျောင်းသား)
လေယာဉ်လာကြဲသွားတဲ့ရက်က တကယ်စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ ကျောင်းသား၊ ကျောင်းသူရော စစ်ရှောင်ရော အသက်ပေးခဲ့လိုက်ရတယ်။ တကယ် စိတ်မကောင်းပါဘူး သူတို့အတွက်။ ဘာမှလည်း ပြန်မလုပ် ပေးနိုင်ဘူး။ အခုလည်း ကျောင်းတွေ ပိတ်လိုက်ရတယ်။ ကလေးတွေ ကျောင်းတက်ခွင့်မရတော့ဘူး။ အခုလည်း အခြေအနေဆိုးသေးတယ်။ အခုက ကိုယ်ဆီစစ်ရှောင်တဲ့ နေရာဆီ ပြန်လိုက်ရတယ်။ ကျောင်းက ပြန်ရွေ့ရမလား အဲ့မျိုးလည်း ရှိတယ်။ အကယ်၍ ကျောင်းရွေ့ခဲ့မယ်ဆိုရင် လိုအပ်ချက်များတယ်၊ အကူအညီ အများကြီးလိုတယ်။
ဒေါ်မေစူး (စစ်ဘေးရှောင်)
သေသွားတဲ့ထဲမှာ ကျမညီမ တစ်ယောက်လိုပဲ ကလေးတွေလည်း ပါသွားတယ်။ ကျမဝမ်းနည်းနေတယ်၊ အခုထိ မပျောက်နိုင်ဘူး။ တောင်းဆိုချင်တာက နိုင်ငံတကာက အရေးမယူပေးလို့ မရတော့ဘူးလို့။ စစ်ရှောင်စခန်းက သူတွေ ရွေ့ရင်တော့လိုက်ရွေ့မယ်၊ မရွေ့တော့လည်း ကာကွယ်တတ်သလိုတော့ ကာကွယ်ရမှာပေါ့။ ကောင်းကင်နိုင်ငံ ရောက်ပါစေလို့ အမြဲတမ်းဆုတောင်းပေးတယ်။ သတိရတိုင်း ဝမ်းနည်းတယ်။ သတိရတိုင်း ငိုနေရတယ်။ အခုထိလည်း မစားနိုင်မသောက်နိုင်ဘူး။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။