30 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“လူသားချင်းစာနာမှုကို ရှေးရှု့ပြီးတော့မှ အိမ်နီးချင်းနိုင်ငံနဲ့ အာဆီယံနိုင်ငံတွေဟာ ဒီမြန်မာပြည်သူလူထုတွေ အန္တရာယ်ကြုံတွေ့နေရတဲ့အခါမှာ သူတို့ကိုထပ်မံပြီးတော့မှ သူတို့ကိုဒုက္ခမရောက်စေဖို့အတွက် မလုပ်ဆောင်ဖို့အတွက် နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းပြီးတော့ လှုံ့ဆော်ပြောဆိုပေးဖို့အတွက်...

“လူသားချင်းစာနာမှုကို ရှေးရှု့ပြီးတော့မှ အိမ်နီးချင်းနိုင်ငံနဲ့ အာဆီယံနိုင်ငံတွေဟာ ဒီမြန်မာပြည်သူလူထုတွေ အန္တရာယ်ကြုံတွေ့နေရတဲ့အခါမှာ သူတို့ကိုထပ်မံပြီးတော့မှ သူတို့ကိုဒုက္ခမရောက်စေဖို့အတွက် မလုပ်ဆောင်ဖို့အတွက် နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းပြီးတော့ လှုံ့ဆော်ပြောဆိုပေးဖို့အတွက် အင်မတန်မှအရေးကြီးပါတယ်” စောနန္ဒဆူး/ KHRG ပြောရေးဆိုခွင့်ရှိသူ

ထိုင်းနိုင်ငံကို တရားမဝင်တိမ်းရှောင်ရောက်ရှိနေသူများကို ထိုင်းအာဏာပိုင်များက စစ်ကောင်စီထံပြန်ပို့နေမှုနှင့်ပတ်သက်ပြီး ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ပြောရေးဆိုခွင့်ရှိသူစောနန္ဒဆူးနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကပြဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေကြောင့် နယ်ပယ်အလွှာအသီးသီးက လူငယ်များသည် ထိုင်းနိုင်ငံထဲကို တိမ်းရှောင်လာခဲ့ကြသည်။ ယင်းသို့ တိမ်းရှောင်လာရာတွင်လည်း ထိုင်းနိုင်ငံထဲသို့ တရားဝင်လမ်းကြောင်းဖြင့် ရောက်ရှိလာကြသည့် လူငယ်များရှိသလို တရားမဝင် လမ်းကြောင်းကနေတဆင့် ရောက်ရှိလာခဲ့သော လူငယ်များလည်း အများအပြားရှိနေသည်။

ထိုလူငယ်အများစုသည် ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမားများအနေဖြင့် ရရာအလုပ်ကို လုပ်ကိုင်ကာ ရပ်တည်နေထိုင်ရသည့်ကြားက ထိုင်းအာဏာပိုင်များရဲ့ ဖမ်းဆီးခြင်းကိုခံရပြီးနောက် မြန်မာနိုင်ငံထဲသို့ ပြန်ပြီး ပို့ဆောင်ခံရချိန်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းစုဆောင်းမှုခံရပြီး စစ်သင်တန်းကို ပို့ဆောင်ခံခဲ့ရမှုများရှိနေသည်။

ထိုသို့ဖြစ်စဉ်များ ရှိလာသည့်အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူများက ထိုင်းအာဏာပိုင်များထံ လူ့အခွင့်အရေးရှု့ထောင့်အရ တောင်းဆိုမှုများရှိရာတွင် ထိုအခြေအနေများနှင့် ပတ်သက်ပြီး ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ ထိုင်းနိုင်ငံကိုရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီလက်ထဲ ပြန်ပို့နေတဲ့အပေါ် လူ့အခွင့်အရေးရှု့ထောင်ကနေ ဘယ်လိုသုံးသပ်လို့ရနိုင်ပါလဲ။

ဖြေ။ ။ ဘယ်လိုပဲဖြစ်ဖြစ် အဲလိုမျိုးပြန်ပို့တဲ့ဟာက ဒီ migrant worker မှ မဟုတ်ဘူးပေါ့နော။ ပုံမှန် – ဥပမာ IDPs ဆိုလို့ရှိရင်လည်း ယခင့် ယခင်ဖြစ်စဉ်မှာလည်း ရှိခဲ့တယ်ပေါ့နော။ ဒီ ထိုင်း – မြန်မာ နယ်စပ်တလျှောက်မှာ အထူးသဖြင့် ကျောင်းသားလူငယ်လေးတွေ ပြန်ပို့ခံရတဲ့ ဖြစ်စဉ်မျိုးလိုပေါ့နော။ နောက်တခါကြလို့ရှိရင် နယ်စပ်က IDPs တွေ ပိုမိုဆိုးရွားလာတဲ့ လက်နက်ကိုင်ပဋိပက္ခကြောင့်မို့လို့ ဒီထိုင်းဖက်ခြမ်းကို ယာယီထွက်ပြေးနေစဉ်မှာ ပြန်ပို့ခံရတဲ့ဖြစ်စဉ်တွေ ဒါတွေကတော့ ရှိခဲ့တယ်ပေါ့နော။ ဆိုတော့ ကျနော်ပြောရမယ်ဆိုရင်တော့ အဲဒီ တပ်မဟာ (၄) ဖြစ်စဉ်နဲ့ဆက်နွယ်ပြီးမှ တိုက်ရိုက်တော့ မပြောလိုဘူး ခင်ဗျာ။ ယေဘုယျ အခြေအနေကို ပြန်ပို့နေတဲ့ အခြေအနေကြောင့်မို့လို့ စိုးရိမ်ဖွယ်ရာကောင်းတဲ့ လူ့အခွင့်အရေး ရှု့ထောင့်ကနေပဲ ဒါ ကျနော် သုံးသပ်ပြောရင်တော့ ပြောလို့ရပါတယ်ခင်ဗျာ။

မေး။ ။ စစ်မှုမထမ်းချင်လို့ ထိုင်းကိုထွက်ပြေးလာတယ်၊ အလုပ်လုပ်တယ်။ တရားမဝင်ဖြစ်တဲ့အတွက် အဖမ်းခံရပြီး ပြန်ပို့ခံရတယ်။ ပြန်ပို့ခံရတဲ့အခါမှာ စစ်တပ်က သူတို့ကိုဖမ်းပြီး စစ်မှုထမ်းဖို့လုပ်တယ်။ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်ရတယ်။ သူတို့ရဲ့ အခွင့်အရေးလည်း ရှုံးဆုံးတာတွေရှိတဲ့အပေါ်မှာ KHRG အနေနဲ့ ထိုင်းအစိုးရကို ဘာများတောင်းဆိုချင်ပါလဲ၊ ဘယ်လို ပြောချင်ပါလဲ။

ဖြေ။ ။ အဓိကကြတော့ ဒီလိုမျိုးအန္တရာယ်ရှိတဲ့ အခြေအနေအောက်မှာ မည်သို့ပင်ဆိုစေကာမူ မြန်မာပြည်သူ ပြည်သားတွေအနေနဲ့ ထိုင်းနိုင်ငံကို တရားမဝင်နည်းနဲ့ပဲ ဝင်ရောက်လာနေတဲ့အခါမှာ သူတို့ကိုတော့ ဒါ လူသားချင်းစာနာသောအားဖြင့်တော့ သူတို့အသက်အန္တရာယ် စိုးရိမ်ရတဲ့ အတိုင်းအတာအထိ ပြန်ပို့ပေးခြင်း ကိုတော့ မလုပ်စေချင်ဘူး။ ဒါတောက်လျှောက် ထိုင်းအာဏာပိုင်တွေကို အစုအဖွဲ့အသီးသီးကလည်း ဒါတောင်းဆို နေတာပဲ။ ဒီ့အပြင် ဒီလိုမျိုး အသက်ဘေးအန္တရာယ်အထိ ဒုက္ခရောက်နေကြတဲ့ မြန်မာပြည်သူလူထုတွေကို ပြန်ပို့မယ့်အစား သူတို့ အမျိုးမျိုးသောစိန်ခေါ်မှုတွေလည်း ကြုံတွေ့နေရတယ်။ စိုးရိမ်ပူပန်နေရတယ်။ ကိုယ့်ရဲ့လုံခြုံရေးအတွက် ဒါတွေကို သူတို့အတွက် ဘေးကင်းလုံခြုံမှုပေးဖို့ရယ် နောက် သူတို့အကာအကွယ်ဖြစ်နိုင်တဲ့ အတိုင်းအတာတခုထိ ပေးဖို့ရယ်၊ ဒါက ထိုင်းအစိုးရကို တောက်လျှောက်ပေါ့နော။ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကနေသော် လည်းကောင်း တခြားသက်ဆိုင်ရာ အစုအဖွဲ့အသီးသီးကနေသော်လည်းကောင်း တောင်းဆိုလျက်ရှိတယ်ပေါ့။

မေး။ ။ ထိုင်းဘက်က အခုလိုလုပ်နေတာက ပြန်ပို့ခံရတဲ့လူတွေအတွက် ဘယ်လိုစိုးရိမ်စရာမျိုးတွေရှိနေပါလဲ။

ဖြေ။ ။ ဒီလိုလုပ်ခြင်းအားဖြင့်ဟာဆိုလို့ရှိရင် မြန်မာပြည်သူလူထုတွေကို ထပ်ဆင့်ထပ်မံပြီးတော့မှ ဒုက္ခရောက်အောင်လုပ်တာနဲ့အတူတူပဲ။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်အောင်လုပ်ဆောင်တာနဲ့ အတူတူသက်ရောက်တယ်ပေါ့လေ။ ဘာလို့လဲဆိုလို့ရှိရင် အထူးသဖြင့် စစ်မှုထမ်းဥပဒေရဲ့ အန္တရာယ်အောက်မှာ အထူးသဖြင့် မြန်မာပြည်က လူငယ်လူရွယ်တွေဟာဆိုလို့ရှိရင် ဒီအန္တရာယ်အောက်မှာ ကျရောက်နေကြတယ်။

သူတို့တွေအနေနဲ့လည်း ဒီအန္တရာယ်အောက်ကနေ လွတ်မြောက်အောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားပြီးတော့မှ လွတ်မြောက်အောင်လမ်းတွေ ရှာနေကြတာပဲပေါ့နော။ ဆိုတော့ ဒီထိုင်းနိုင်ငံအပြင် တခြားသက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့လည်းပဲ ဒီလိုမျိုး ဒီလိုမျိုး ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေ အန္တရာယ်ကျရောက် မယ့် မြန်မာပြည်သူတွေကို ထပ်မံဒုက္ခရောက်အောင်မလုပ်ဖို့ ဖြစ်နိုင်တဲ့ အတိုင်းအတာနဲ့ ကာကွယ်ပေးခြင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေပေးဖို့အတွက် ဒါအင်မတန်မှကို အရေးကြီးပါတယ်။

မေး။ ။ အခုက အသက်အန္တရာယ်ရှိနေတဲ့ အခြေအနေကနေထွက်ပြေးလာတယ်။ အသက်အန္တာရာယ်ဇုန်ထဲကို ထပ်ပြန်ပို့ခံရတယ်။ အဲဒီအခြေအနေတွေကြောင့် နိုင်ငံတကာကို KHRG အနေနဲ့ ဘယ်လိုတောင်းဆိုချင်ပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့ တစ်အချက်ကကြတော့ သက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံတွေ နောက်အာဆီယံနိုင်ငံတွေပေါ့နော၊ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အသက်ဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ အတိုင်းအတာအထိ သူတို့နိုင်ငံမှာ ခိုလှုံခွင့် ရှာနေတဲ့ မြန်မာပြည်သူလူထုတွေကို အိမ်နီးချင်းနိုင်ငံတွေ အာဆီယံနိုင်ငံတွေအနေနဲ့ ဝိုင်းဝန်းပြီးတော့မှ ပံ့ပိုး ကူညီပေးဖို့အတွက် နိုင်ငံတကာအစုအဖွဲ့တွေ အနေနဲ့လည်းပဲ ဝိုင်းဝန်းပြီးတော့မှ ပြောဆိုပေးဖို့ ဒါကျနော်တို့ တောင်းဆိုလိုတယ်ပေါ့နော်။

လူသားချင်းစာနာမှုကို ရှေးရှု့ပြီးတော့မှ အိမ်နီးချင်းနိုင်ငံနဲ့ အာဆီယံနိုင်ငံတွေဟာ ဒီမြန်မာပြည်သူလူထုတွေ အန္တရာယ်ကြုံတွေ့နေရတဲ့အခါမှာ သူတို့ကိုထပ်မံပြီးတော့မှ သူတို့ကိုဒုက္ခမရောက်စေဖို့အတွက် မလုပ်ဆောင် ဖို့အတွက် နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းပြီးတော့ လှုံ့ဆော်ပြောဆိုပေးဖို့အတွက် အင်မတန်မှ အရေးကြီးပါတယ်။ တဖက်ကနေလည်း ဒါကာကွယ်ပေးရေးဆိုင်ရာ ကူညီထောက်ပံ့မှုအပြင် နောက်တခြားလိုအပ်တဲ့ ငွေရေး ကြေးရေးပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေဟာလည်း ဒါနိုင်ငံတကာအနေနဲ့ လုပ်ဆောင် လို့ရတဲ့အရာတွေ ဖြစ်တယ်။

ဒါကြောင့်မို့ နိုင်ငံတကာ အစုအဖွဲ့ UN အစုအဖွဲ့အပါအဝင် တခြား သက်ဆိုင်ရာ ပေါ့နော၊ အစုအဖွဲ့တွေ အနေနဲ့လည်းပဲ ဒီလိုအပ်တဲ့ကူညီပံ့ပိုးမှုတွေကိုပေါ့နော အတိဒုက္ခရောက်နေတဲ့ မြန်မာပြည်သူလူထုတွေ အထူးသဖြင့် ဒီစစ်မှုထမ်းဥပဒေအန္တရာယ်အောက် ကျရောက်နေတဲ့ မြန်မာပြည်သူလူထု လူငယ်လူရွယ်တွေကို ဝိုင်းဝန်းကူညီကာ ကွယ်ပေးဖို့အတွက် ဒါ နိုင်ငံတကာတွေအနေနဲ့လည်းပဲ ဝိုင်းဝန်း တိုက်တွန်းနှိုးဆော် ပေးဖို့အတွက် ဒါတောင်းဆိုလိုပါတယ်ခင်ဗျာ။

မေး။ ။ မြန်မာပြည်သူတွေအနေနဲ့ အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ဖြစ်စဉ်တွေနဲ့ အဲ့ဒီအပေါ်မှာရော တခြားဘာတွေများဖြည့်စွက်ပြောချင်ပါလဲ။

ဖြေ။ ။ ကျနော်တို့ မြန်မာပြည်သူလူထုကကြတော့ အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းကပေါ့နော၊ တောက်လျှောက် ယခုအချိန်အထိ လူ့အခွင့်အရေးချိုးဖောက်မှု တောက်လျှောက်ရင်ဆိုင်ကြုံတွေ့လာနေရတယ် ပေါ့နော။ ဒီအာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက တမျိုးပြီးတမျိုးလာနေတယ်ပေါ့ နော။ အထူးသဖြင့် ပြည်သူလူထုတွေရဲ့ ဘေးကင်းလုံခြုံခွင့် အသက်ရှင်သန်ခွင့် ကျန်းမာရေး၊ ပညာရေး လက်လှမ်းမီနိုင်ခွင့် အသက်မွေးဝမ်းကြောင်းပြုခွင့် အစရှိတဲ့ ဒီအခြေခံလူ့အခွင့်အရေးတွေဟာဆိုလို့ရှိရင် နေစဉ်နဲ့ဓူဝ ဒါတစ်နိုင်ငံလုံး အတိုင်းအတာမှာ ချိုးဖောက်ခံနေရတာပေါ့နော။

အထူးသဖြင့် ဒီလက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု လေကြောင်း တိုက်ခိုက်မှု ထိုးစစ်ဆင်မှုတွေအောက်မှာ အရပ်သားပြည်သူလူထုတွေဟာဆိုလို့ရှိရင် စစ်ဘေးရှောင်နေရတယ်။ နောက်တခါကြလို့ရှိရင် စစ်ကောင်စီရဲ့ အမျိုးမျိုးသော ညှင်းပန်းနှိပ်စက်မှု ချိုးဖောက်မှုတွေအောက်မှာ ဒါ မြန်မာပြည်သူလူထုတွေဟာ ကူရာမဲ့ကယ်ရာမဲ့ အနေအထားအထိတောင်မှ ရောက်ရှိနေတဲ့လူဦးရေကလည်း အများအပြားကြီး ရှိနေပါတယ်ပေါ့နော။ ဒီအာဏာ သိမ်းမှုအောက်မှာလည်းပဲ ဆက်ပြေးရတဲ့ အပြစ်မဲ့အရပ်သားပြည်သူလူထုတွေကလည်း မရေတွက်နိုင်အောင်ပဲ နောက်တစ်ခါကြလို့ရှိရင် အရာအားလုံးကို စွန့်လွှတ်နေရတဲ့ အရပ်သားပြည်သူလူထုကလည်း အများကြီးရှိနေတယ်။

မေး။ ။ ဆိုတော့ ဒီလိုအခြေအနေတွေနဲ့ ကြုံနေရတဲ့ပြည်သူတွေအတွက် မြန်မာလူထု၊ မြန်မာပြည်သူတွေကို နိုင်ငံတကာက ဝိုင်းဝန်းကူညီပေးဖို့ တောင်းဆိုချင်တာပါလား။

ဖြေ။ ။ ဆိုတော့ ဒီလိုမျိုး ကျနော်တို့တိုင်းပြည်ရဲ့ အဆိုးဝါးဆုံးအခြေအနေ ရောက်ရှိနေတဲ့အချိန်မှာ ကမ္ဘာကြီး က ဒီအတိုင်းကြည့်မနေစေချင်ဘူးပေါ့နော။ တချို့သော နိုင်ငံတကာအစုအဖွဲ့တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အတိုင်းအတာ တစ်ခုအထိတော့ ဝိုင်းဝန်းပါဝင်လုပ်ဆောင်ပေးတာမျိုး ကူညီပေးတာမျိုးရှိနေပါတယ်။ ဒါပေမယ့် ဒါတွေက မလိုအပ်ဘူး။ ဒီထက်ပိုပြီးတော့မှ ကျနော်တို့ မြန်မာပြည်ရဲ့အရေးကို ပိုမိုအရေးပေးဖို့အတွက် အာရုံစိုက်ဖို့အတွက် လိုအပ်တဲ့ကူညီပံ့ပိုးမှုတွေကို ထိရောက်လုံလောက်စွာ ပေးဖို့အတွက်က အင်မတန်မှ အရေးကြီးတယ်ပေါ့နော။

အဲဒါကြောင့်မို့ ကျနော်တို့မြန်မာပြည်သူလူထုရဲ့ ဘေးကင်းလုံခြုံခွင့် အသက်ရှင်သန်ခွင့်နဲ့ အမျိုးမျိုးသော လူ့အခွင့်အရေးတွေကို ပြန်လည်ရရှိဖို့အတွက်ကြတော့ အရေးကြီးဆုံးကကြတော့ ဒီစစ်အာဏာရှင်စနစ်ကို ကျနော်တို့ အဆုံးသတ်နိုင်ဖို့အတွက် ဝိုင်းဝန်ပြီးတော့မှ ဖြစ်နိုင်တဲ့ဘက်ကနေ နိုင်ငံတကာအစုအဖွဲ့ကနေ သော်လည်းကောင်း အိမ်နီးချင်းနိုင်ငံ အာဆီယံအဆင့်ကနေ သော်လည်းကောင်း တာဝန်ရှိသော အသီးသီးသော အစိုးရကနေသော်လည်းကောင်း ဝိုင်းဝန်းအရေးယူဆောင်ရွက်ပေးဖို့ ကူညီပံ့ပိုးပေးဖို့အတွက် ထိထိရောက်ရောက် လုပ်ဆောင်ပေးဖို့အတွက် ဒါတောင်းဆိုလိုပါတယ်။

NMG ပေးပို့သည်။