“လုံးဝစိုးရိမ်ရတဲ့ အနေအထားလို့မြင်ပါတယ်။ မဖြစ်ရင်တော့ ကောင်းတာပေါ့အကိုရယ်။ ဖြစ်ပြီဆိုတာနဲ့ မလွယ်ဘူးလို့မြင်တယ်။ ဘာလို့လည်းဆိုတော့ စစ်တွေမှာက ပြည်သူတွေက တနေ့တခြား နည်းနည်းလာပြီလေ။ ပြောင်းရွှေ့သွားတာတွေ များနေတယ်။ တစ်ရာရာခိုင်နှုန်းဆိုရင် ခြောက်ဆယ်ရာခိုင်နှုန်းက ပြောင်းရွှေ့သွားကြတယ်” စစ်တွေမြို့ခံတစ်ဦး

0
155

စစ်တွေမြို့၏ လက်ရှိစစ်ရေး၊ လူမှုစီးပွားရေးအခြေအနေများနှင့်ပတ်သက်ပြီး စစ်တွေမြို့ခံအမျိုးသားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်အတွင်းက စစ်တွေမြို့မှာ စစ်ကောင်စီဌာနဆိုင်ရာရုံးများ လုပ်ငန်းလည်ပတ်မှု၊ ပြည်နယ်စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်များ ရှိ/မရှိနှင့် စစ်တွေမြို့၏ လက်ရှိ စစ်ရေးအခြေအနေကြောင့် ဒေသခံများရဲ့လူမှုစီးပွားရေး အခြေအနေများကို သိရှိနိုင်ရန် စစ်တွေမြို့ခံ အမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ အခုရက်ပိုင်း စစ်တွေမြို့ရဲ့စစ်ရေးအခြေအနေတွေကို သိသလောက်ပြောပေးပါ။

ဖြေ။ ။ စစ်ရေးအခြေအနေကတော့ စစ်တွေမှာ အခုတော့ငြိမ်နေတယ်ပေါ့ဗျာ။ လက်နက်ကြီးတွေ တခါတရံ ပစ်တာကြားရတယ်။ သူတို့စစ်တပ်မိသားစုတွေကိုတော့ ပြောင်းရွှေ့နေတာကြာပြီ။ အခုလောလောဆယ်တော့ စစ်တွေမှာ ဘာဘာညာညာတော့ မကြားရသေးဘူး။ AA ဘက်က စစ်တပ်ကို လက်နက်ချဖို့ စာကမ်းထားတဲ့ သတင်းတွေကြောင့် ပြည်သူတွေက ထိတ်လန့်နေကြတယ်။

မေး။ ။ ရက္ခိုင့်တပ်တော် (AA) က စစ်တပ်ဘက်ကို သတိပေးတယ်လို့သတင်းတွေ ထွက်လာတယ်။ အဲဒီ နောက်ပိုင်း စစ်တွေကပြည်သူတွေအခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ရက္ခိုင့်တပ်တော်က စစ်တွေ ဒကစတစ်ခုလုံးကို လက်နက်ချဖို့သတိပေးစာကမ်းတယ်လို့ ကျွန်တော်တို့တွေ ကြားရပါတယ်။ အခုလကုန်လို့မှ လက်နက်မချရင် ဝင်တိုက်မယ်ဆိုတာတွေရောပေါ့။ အဲဒါတွေကြားတော့ ပြည်သူတွေအကုန် အထိတ်တလန့် ဖြစ်နေကြတာပေါ့။ တချို့ပြည်သူတွေဆိုရင်လည်း ကိုယ့်မိသားစုတွေနဲ့ ဘေးလွတ်ရာကို ထွက်ပြေးနေကြတာတွေ ရှိတယ်။ မပြောင်းဘဲ ဆက်နေတဲ့သူတွေလည်း ရှိတယ်။ မပြောင်းရွှေ့သေးတာက အနည်းစုပါပဲ။ အများစုကတော့ အဲဒီသတင်းကြားကတည်းက ပြောင်းရွှေ့ နေကြတယ်။

မေး။ ။ ရန်ကုန်ကလာတဲ့ လေယာဥ်စီးခရီးသည်တွေကို ဖမ်းထားတာကရော ဘယ်လိုအခြေအနေရှိပါလဲ။

ဖြေ။ ။ ရန်ကုန်ကလာတဲ့ လေယာဥ်စီးခရီးသည်လူငယ်တွေ ယောက်ကျားရော၊ မိန်းမရော အကုန်ဖမ်းထား တယ်ဗျ။ စစ်တွေလောကနန္ဒာထဲမှာထားတယ် ဖမ်းထားတဲ့သူတွေကို။ သူတို့ထဲမှာ လွတ်တဲ့သူလည်းလွတ်တယ်။ မလွတ်သေးသူတွေလည်း အများရှိသေးတယ်လို့ သိရတယ်။

မေး။ ။ စစ်တွေကတပ်ရင်းတွေကို AA ဘက်က ထိုးစစ်ဆင်တာမျိုး ရှိနေပြီလား။

ဖြေ။ ။ အဲဒါတော့ မရှိသေးဘူးနဲ့တူတယ်ဗျ။ လက်နက်ကြီး ရံဖန်ရံခါ ပစ်တာကလွဲရင် ဘာသံမှတော့ မကြားရသေးဘူး။ ဒီနေ့တော့ လက်နက်ကြီး ခဏပစ်သံကြားတယ်။ ပုဏ္ဏားကျွန်းဘက်ကို ပစ်တာဖြစ်နိုင်တယ်။

မေး။ ။ စစ်တပ်က လက်နက်ကြီးပစ်ခတ်တာကရော ဘယ်လိုအခြေအနေရှိပါလဲ။

ဖြေ။ ။ အရင်လိုတော့ ဆက်တိုက်ဆက်တိုက် မပစ်တော့ဘူးဗျ။ တခါတခါ နှစ်ချက်သုံးချက်ပစ်တယ်။ အဲဒီလိုမျိုးပါပဲ။

မေး။ ။ စစ်ကောင်စီဌာနဆိုင်ရာရုံးတွေ အခြေအနေကရော ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ ရုံးတွေက သူတို့ရုံးတက်နေကြတာရှိတယ်။ မတက်တဲ့ ရုံးတွေလည်းရှိတယ်။ တက်တဲ့ရုံးတွေမှာလည်း လူနည်းစုပဲ ရုံးတက်ကြတာရှိတယ်။

မေး။ ။ ပြည်နယ်စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရော စစ်တွေမှာရှိနေကြသေးလား။ ဘယ်လိုကြားရပါလဲ။

ဖြေ။ ။ တချို့ကြတော့ရှိသေးတယ်လို့ သိရတယ်။ အများစုကတော့ မရှိတော့ဘူးလို့ကြားတယ်။ ပြောင်းရွှေ့ ကုန်ကြတာထင်တယ်။

မေး။ ။ အခုလက်ရှိစစ်တွေမြို့အခြေအနေက အရမ်းကြီး စိုးရိမ်ရတဲ့အနေအထား ရောက်နေပြီလား။ ဘယ်လို ထင်ပါလဲ။

ဖြေ။ ။ ကျွန်တော့်ပုဂ္ဂလိကအမြင်နဲ့ ပြောရရင်တော့ လုံးဝစိုးရိမ်ရတဲ့ အနေအထားလို့မြင်ပါတယ်။ မဖြစ်ရင်တော့ ကောင်းတာပေါ့အကိုရယ်။ ဖြစ်ပြီဆိုတာနဲ့ မလွယ်ဘူးလို့မြင်တယ်။ ဘာလို့လည်းဆိုတော့ စစ်တွေမှာက ပြည်သူတွေက တနေ့တခြား နည်းနည်းလာပြီလေ။ ပြောင်းရွှေ့သွားတာတွေ များနေတယ်။ တစ်ရာ ရာခိုင်နှုန်းဆိုရင် ခြောက်ဆယ်ရာခိုင်နှုန်းက ပြောင်းရွှေ့သွားကြတယ်။ ပြောင်းရွှေ့ နေကြတယ်။

မေး။ ။ မြို့တွင်းမှာရော စစ်တပ်ဘက်က ဘယ်လိုလှုပ်ရှားမှုတွေရှိနေပါလဲ။

ဖြေ။ ။ အရင်ကလိုပဲ စစ်တပ်က ပုံမှန်လှည့်ကင်းထွက်တယ်။ ဟိုတစ်နေ့ကဆိုရင် ကိုရီးယားဆိပ်ကမ်းဘက်မှာ လှေငယ်တွေ ဖမ်းဆီးတယ်။ တခြားထူးထူးခြားခြားတော့ မကြားမိသေးဘူး။

မေး။ ။ စစ်တပ်က ညမထွက်ရအမိန့် ထုတ်ထားတယ်ဆိုတော့ စစ်တွေကပြည်သူတွေရဲ့ သွားလာလှုပ်ရှားမှု အခြေအနေက ဘယ်လိုရှိကြလဲ။

ဖြေ။ ။ ဟုတ်တယ်ဗျ။ စစ်တွေမှာ ညမထွက်ရအမိန့် မာရှယ်လောထုတ်ထားတယ်။ ည ၉ နာရီက မနက် ၄ နာရီ အထိ ထုတ်ထားတာ။ အဲဒီလိုထုတ်ပြီးတော့ ညနေ ၄ နာရီနောက်ပိုင်းဆိုရင် ပြည်သူတွေက အပြင် သိပ်မထွက်ကြတော့ဘူး။

မေး။ ။ စစ်တွေက ဈေးတွေ၊ ဆိုင်တွေ၊ လုပ်ငန်းတွေအခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ။ ။ မြို့မဈေးကတော့ ဖွင့်ထားသေးတယ်ဗျ။ ဆိုင်တွေဆိုရင်လည်း စစ်ဘေးရှောင်သွားတဲ့ဆိုင်တွေ အိမ်တွေ ပိတ်ထားခဲ့ကြတာတွေ ရှိတယ်။ ဘဏ်တွေကတော့ ပိတ်ထားတာ အတော်ကြာနေပြီထင်တယ်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here