မွန်ညီညွတ်ရေးပါတီ ပြောခွင့်ရ နိုင်သန်းရွှေနှင့် အမေးအဖြေ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ပြည်နယ်အဆင့်စည်းရုံးမယ့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရထားတဲ့ မွန်ညီညွတ်ရေးပါတီက ပြည်တွင်းမှာ မွန်နိုင်ငံရေးပါတီတစ်ခု ရပ်တည်ဖို့ သင့် မသင့် ပြည်သူလူထုဆီမှာ စစ်တမ်းကောက်ယူခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ စစ်တမ်းအရ ပြည်တွင်းမှာ မွန်နိုင်ငံရေးပါတီတစ်ခု ရှိရမယ်ဆိုတဲ့ သဘောတူမှုမျိုး ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီနှစ်ကုန် ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသမီးပါတီ (မွန်) အပြင် စစ်ကောင်စီနဲ့နီးစပ်တဲ့ ပါတီတချို့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတာပါ။
အဲဒီပါတီတွေထဲကနေ ပြည်နယ်အခြေစိုက် မွန်ညီညွတ်ရေးပါတီ MUP အနေနဲ့ လာမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုအခြေအနေ ပါတီစည်းရုံးမှုအခြေအနေနဲ့ လက်ရှိ ပါတီအပေါ် ထားရှိတဲ့ ပြည်သူ့ဆန္ဒနဲ့ပတ်သက်လို့ သုံးသပ်ချက်တွေအကြောင်း သံလွင်တိုင်းမ်က မွန်ညီညွတ်ရေးပါတီ ပြောခွင့်ရ နိုင်သန်းရွှေနဲ့ အခုလို မေးမြန်းထားပါတယ်။
မေး – လတ်တလော မွန်ပြည်နယ်မှာ ပြည်မအခြေစိုက်ပါတီတချို့က ပါတီရုံးခန်းဖွင့်လှစ်တာတို့ ပါတီစည်းရုံးရေးလုပ်ငန်းစဉ် လုပ်ဆောင်တာတွေ တွေ့ရတယ်။ ဆရာတို့ ပြည်နယ်အခြေစိုက် ပါတီအနေနဲ့ လတ်တလောမှာ ဘယ်လို ပါတီရဲ့လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေတာမျိုးရှိမလဲ။
ဖြေ – လောလောဆယ်တော့ ပါတီလုပ်ငန်းစဉ်တွေက မြို့နယ်အစည်းအဝေးတော့ရှိတယ်။ တခြားဟာတော့ မရှိဘူး။ နောက်အမှုဆောင်အစည်းအဝေးတို့ အစည်းအဝေးလုပ်တာပဲရှိတယ်။ ကျန်တဲ့ လုပ်ငန်းကတော့ သိပ်မရှိပါဘူး။ နောက်တစ်ခုက ပြည်သူလူထုတွေ အခက်အခဲရှိရင် ကျွန်တော်တို့ ကူနေတဲ့ လုပ်ငန်းဆောင်တာတွေတော့ ရှိတယ်။
မေး – တချို့ပါတီတွေက ဒေသခံတွေကို ပါတီဝင်အဖြစ် စည်းရုံးနေတဲ့အပေါ်မှာရော ပြည်နယ်အခြေစိုက်ပါတီအနေနဲ့ စိုးရိမ်မှုရှိလား။
ဖြေ – လောလောဆယ်တော့ စိုးရိမ်မှုတော့ မရှိပါဘူး။ တခြားပြည်ထောင်စုပါတီတွေ ပြည်ထောင်စုအဆင့် မှတ်ပုံတင်ထားတဲ့ ပါတီတွေက မွန်ပြည်နယ်မှာ နည်းနည်း အေးဆေးတဲ့ အခါကျတော့ အခုလက်ရှိတော့ မသိရသေးဘူး။
မေး – ဆရာတို့ ပါတီမှာ ပါတီဝင် အင်အားဖြည့်ဖို့ ရှိဦးမလား။ စည်းရုံးရေးလုပ်ငန်းတွေရော ရှိလာမလား။
ဖြေ – ပါတီစည်းရုံးရေးက အမြဲတမ်းလုပ်နေတယ်။ ပါတီဝင် အင်အားတိုးအောင် အမြဲတမ်း ကျွန်တော်တို့ လုပ်နေကြတယ်။ ကျန်တဲ့ ကိစ္စတွေကျတော့ အခုတော့ ဘာမှမလုပ်သေးဘူး။
ပါတီက နုတ်ထွက်သူတွေ တချို့ ဆုံးသွားသူတွေ၊ အဲဒါတွေကိုလည်း သေချာစိစစ်နေကြတယ်။
မေး – ပါတီအနေနဲ့ ပြည်နယ်တွင်းမှာ ပါတီရုံးခန်း အရေအတွက် ပြည့်မီပြီလား။
ဖြေ – ပြည့်ပါတယ်။ ပြည်နယ်အခြေစိုက်ဆိုတော့ ပြည့်ပါတယ်။ ပိုတောင်ပိုတယ်။
မေး – ပါတီအနေနဲ့ ရွေးကောက်ပွဲအတွက် ဆုံးဖြတ်ချက် တစ်စုံတရာ ချမှတ်ပြီးပြီလား။
ဖြေ – ရွေးကောက်ပွဲနဲ့ပက်သက်တာ စဉ်းစားချက်တော့ အနည်းအများရှိတယ်။ ပြည်တွင်းမှာ ပါတီအနေနဲ့ ရပ်တည်ဖို့ အားလုံးပေါ့။ပြည်သူလူထုဆီမှာလည်း စစ်တမ်းယူတဲ့အခါ ရှိသင့်တယ်ဆိုတာ သဘောတူကြတယ်။ ရှင်သန်အောင် ဘယ်လိုလုပ်မလဲ။ မွန်ညီညွတ်ရေးပါတီမရှိရင် အခြားသော မွန်နိုင်ငံရေးပါတီ တစ်ခုခုတော့ ရှိကိုရှိရမယ်ဆိုတဲ့ ရခဲ့တာပေါ့နော်။ ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး ကျွန်တော်တို့ ပါတီဆက်ရှိနေမယ်ဆိုရင် ရွေးကောက်ပွဲကို မဖြစ်မနေ ဖြတ်ကျော်ရမှာပဲ။ တကယ်လို့ ပြည်သူလူထုက ပါတီမရှိလည်း ရတယ်ဆိုတဲ့ အမြင်မျိုးထွက်လာရင် ကျွန်တော်တို့ ပါတီကတော့ တခြားနည်းလမ်းတွေ ရွေးမှာပေါ့။ ပါတီကို ဘယ်လိုလုပ်ကြမလဲ ပြန်စဉ်းစားရမှာပေါ့။
မေး – လူထုအပေါ်မူတည်တယ်လို့ ပြောလို့ရလား။
ဖြေ – ဒေသခံ ပြည်သူလူထုပေါ်မူတည်တယ်။ နောက်ကျွန်တော်တို့ ပါတီဝင်တွေရဲ့ သဘောဆန္ဒပေါ်မူတည်တယ်။ အဲဒီ အပေါ် အခြေခံပြီးတော့ ကျွန်တော်တို့က စဉ်းစားဆုံးဖြတ်သွားမှာပေါ့။
မေး – တခြားဖြည့်စွက်ချင်တာရှိမလား။
ဖြေ – ထူးထူးထွေထွေတော့ ဘာမှလည်း ပြောစရာမရှိပါဘူး။ ကော်မရှင်ကလည်း ဘာမှလည်း ညွှန်ကြားချက် ဘာမှလည်း မရှိသေးဘူး။ ကျွန်တော်တို့ အားလုံးကြားနေရတာက သတင်းမီဒီယာတွေပေါ်မှာ သတင်းဌာနတွေပေါ်မှာ ထုတ်တဲ့ သတင်းတွေအပေါ်မှာပဲ ကျွန်တော်တို့ ကြားနေရတယ်။ အခုထိတော့ ထွေထွေထူးထူးတော့ သိပ်မရှိသေးဘူး။
သံလွင်တိုင်းမ်