1 ဇူလိုင် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ရေရှည်ဆိုတော့ ရောက်နေတဲ့မြို့မှာ နေဖို့မလွယ်တော့ ကိုယ့်မြို့ကိုယ့်ရွာကိုပဲ ပြန်လာတယ်။ ဒေသခံတွေ ကိုယ့်မြို့ကိုယ့်ရွာကို ပြန်လာကြတော့ စစ်ကောင်စီက မြို့ထဲနဲ့ ပတ်ပတ်လည်က ပြည်သူတွေရှိတဲ့နေရာတွေကို...

“ရေရှည်ဆိုတော့ ရောက်နေတဲ့မြို့မှာ နေဖို့မလွယ်တော့ ကိုယ့်မြို့ကိုယ့်ရွာကိုပဲ ပြန်လာတယ်။ ဒေသခံတွေ ကိုယ့်မြို့ကိုယ့်ရွာကို ပြန်လာကြတော့ စစ်ကောင်စီက မြို့ထဲနဲ့ ပတ်ပတ်လည်က ပြည်သူတွေရှိတဲ့နေရာတွေကို ဗုံးတွေကြဲတယ်။ ပြည်သူတွေက ပြေးစရာမရှိတော့ လည်စင်းခံပေးနေသလို ဖြစ်တာပေါ့” ယိင်းလျန်းဟန်/ SHRF ပြောရေးဆိုခွင့်ရှိသူ

ညီနောင်မဟာမိတ်တပ်များထိန်းချုပ်နယ်မြေများအတွင်း ဆက်လက်နေထိုင်ကြသည့်ဒေသခံများ၏ လေကြောင်း အန္တရာယ်နှင့်အခက်အခဲများအပေါ် SHRF ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်နှင့် ဆက်သွယ်မေးမြန်းချက်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသောဒေသများတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က အောက်တိုဘာ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့မှ အောက်တိုဘာ ၆ ရက်နေ့အထိ ၆ ပတ်တာကာလအတွင်း သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခမ်း၊ နမ္မတူ၊ လားရှိုးနှင့် မိုင်းရယ်စသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ၅၅ ဦး သေဆုံးကာ ၁၃၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း SHRF ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကောင်စီတပ်က တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ထိန်းချုပ်ထားသည့် မြို့များကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ပြည်သူသေဆုံးမှုအပြင် စာသင်ကျောင်းများ၊ ဘုရားစေတီများ၊ ဟော်တယ်များ၊ တက္ကသိုလ်များအပါအဝင် အဆောက်အဦး ၄၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း SHRF ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိချိန်၌ သျှမ်းပြည်မြောက်ပိုင်းအတွင်း စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများ၊ ညီနောင် မဟာမိတ်တပ်များထိန်းချုပ်ထားသည့် နယ်မြေများအတွင်း ဆက်လက်နေထိုင်သည့် ဒေသခံများ၏ လေကြောင်း အန္တရာယ် စိုးရိမ်မှုအခြေအနေ၊ ရင်ဆိုင်ကြုံနေကြရသည့် အခက်အခဲများအပေါ် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်/ SHRF ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်နှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ၆ ပတ်အတွင်း စစ်တမ်းအရ ကောက်ယူထားတဲ့ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုက ဘယ်လောက်ရှိပါလဲ။

ဖြေ ။ ။ ကျမတို့ စစ်တမ်းကောက်ထားတဲ့ သေဆုံးမှုစာရင်းက စုစုပေါင်း ၅၅ ဦး ရှိတယ်။ ဒဏ်ရာရရှိသူက ၁၃၀ ကျော် ရှိတယ်။ ဒါကတော့ စာရင်းကောက်ထားတဲ့ မြို့နယ် ၆ မြို့နယ်ပေါ့နော်။ မြေပြင်မှာတော့ ဒီထက် များရင်များ နိုင်တယ်။ ဒါကတော့ ကျမတို့ မြေပြင်ကိုမေးထားတဲ့ အချက်အလက်ဆိုတော့ ဒီထက်များရင် များနိုင်ပါတယ်။ သေဆုံးသူ ၅၅ ဦးထဲမှာ လက်နက်ကြီးထိတဲ့လူက ၁၀ ရာခိုင်နှုန်းပေါ့။ လေယာဉ်ဗုံးကြဲလို့ သေဆုံးတာကတော့ ၉၀ ရာခိုင်နှုန်းပါ။ ဒီသေဆုံးမှု ၅၅ ဦးထဲမှာမှ အမျိုးသမီးနဲ့ ကလေးတွေက ပိုများတယ်။

မေး။ ။ “၁၀၂၇ စစ်ဆင်ရေး” မှာ စစ်ကောင်စီတပ်က သျှမ်းပြည်မြောက်ပိုင်းက မြို့ (၆) မြို့ကို အဓိကထားပြီး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့အပေါ် ပြည်သူလူထုတွေက ဘယ်လောက်ထိစိုးရိမ်နေရလဲ။

ဖြေ ။ ။ အဓိကတော့ ပြည်သူတွေက “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲစဖြစ်တုန်းကတော့ တခြားမြို့၊ တခြားရွာတွေ တိမ်းရှောင်ကြတယ်။ ရေရှည်ဆိုတော့ ရောက်နေတဲ့မြို့မှာ နေဖို့မလွယ်တော့ ကိုယ့်မြို့ကိုယ့်ရွာ ကိုပဲ ပြန်လာတယ်။ ဒေသခံတွေ ကိုယ့်မြို့ကိုယ့်ရွာကို ပြန်လာကြတော့ စစ်ကောင်စီက မြို့ထဲနဲ့ ပတ်ပတ်လည်က ပြည်သူတွေရှိတဲ့ နေရာတွေကို ဗုံးတွေကြဲတယ်။ ပြည်သူတွေက ပြေးစရာမရှိတော့ လည်စင်းခံပေးနေသလို ဖြစ်တာပေါ့။

ပြေးရင်လည်း စစ်ရှောင်အနေနဲ့ကြတော့ ဒုက္ခရောက်တယ်။ စစ်ကောင်စီက စစ်ရှောင်တွေရှိနေတဲ့မြို့၊ တိုက်ပွဲတွေဖြစ်နေတဲ့မြို့ကိုမှ လေယာဉ်တွေနဲ့ ဗုံးကြဲတယ်။ စားနပ်ရိက္ခာတွေ ပိတ်ထားတာရော၊ သူတို့လမ်းတွေ တားဆီးထားတာရောရှိတယ်။ သူတို့တွေကြတော့ စိုးရိမ်ကြတယ်။ မတတ်နိုင်လို့ မပြေးနိုင်လို့သာ နေနေကြရတာပေါ့။ တချို့တွေကြတော့ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတယ်ဆိုရင်‌တောင် ကိုယ်ဘယ်လိုလုံခြုံအောင်နေရမလဲ၊ ဘယ်မှာပုန်းရမလဲဆိုတာလောက်ကိုပဲ တွေးကြတော့တာပေါ့။

မေး ။ ။ လက်ရှိမှာ စစ်ကောင်စီအနေနဲ့ ကလေးနဲ့အမျိုးသမီးတွေအပေါ် ဘယ်လောက်ထိ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးရွားစွာကျူးလွန်နေလဲ။

ဖြေ ။ ။ ကျမတို့ကောက်ယူထားတဲ့ စစ်တမ်းတွေ၊ လေ့လာသုံးသပ်ချက်တွေအရ ကလေးနဲ့ အမျိုးသမီးတွေက လေကြောင်းဗုံးကြဲလို့ ထိခိုက်သေဆုံးမှုထဲမှာတော့ တော်တော်များတယ်။ တော်တော်လေးကို ဆိုးရွာစွာထိခိုက်တယ်။ သူတို့ကတော့ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဗုံးကြဲလိုက်တဲ့အခါ တော်တော်လေးကို ထိခိုက်ကြတာပေါ့နော်။

မေး ။ ။ သျှမ်းပြည်အတွင်း စစ်ကောင်စီက အဓိကပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတဲ့မြို့တွေက အခြေအနေဘယ်လိုရှိနေလဲ။ ပြည်သူလူထုတွေရဲ့ အခြေအနေကရော ဘယ်လိုအခက်အခဲမျိုးတွေ ကြုံတွေ့နေကြရလဲ။

ဖြေ ။ ။ မြို့အတွင်းကတော့ စစ်ရှောင်စခန်းတွေမှာ နေတဲ့လူလည်းရှိသလို အခုမှ မြို့ကနေ ထွက်ပြေးနေတာ တွေလည်းရှိတယ်။ မြို့ထဲမှာတော့ ပြည်သူကတော့ တဝက်လောက်ကတော့ ကျန်အုံးမှာပေါ့နော်။ အဓိကတော့ သီပေါမြို့မှာပေါ့။ လားရှိုးမှာကြတော့ ပြည်သူတွေ အဝင်အထွက်မမှန်တော့ အတိအကျ မပြောတတ်ဘူးရှင့်။ ပြည်သူတွေကြတော့ ကြောက်ကြောက်လန့်လန့်နဲ့ ဘယ်အချိန် ကိုယ့်ခေါင်းပေါ်ကို ဗုံးလာကျမလဲဆိုတာကို တွေးပြီးမှပဲ ရှင်သန်နေကြရတာပေါ့။ မြို့တိုင်းလိုလိုကတော့ ဒေသခံတွေကျန်တယ်၊ စားဝတ်နေရေး အတွက်က ခက်ခဲပေမဲ့ ဆေးဝါးတွေပေါ့၊ စစ်ကောင်စီက အခြေခံဆေးဝါးတွေနဲ့ လောင်စာဆီတွေကိုပါ ဖြတ်တောက် ထားတယ်။ ပြည်သူတွေအတွက်ကတော့ တော်တော်လေးကို ခက်ခက်ခဲခဲနေကြရတာပေါ့။

မေး ။ ။ SHRF အနေနဲ့ လက်ရှိမှာ စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်နေတာနဲ့ပတ်သက်ပြီး ဘာများဆက်ဖြည့်ပြောချင်ပါလဲ။

ဖြေ ။ ။ စစ်ကောင်စီဘက်ကနေ ရပ်တည်ပြီးတော့ ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ‌မေးခွန်းပြန်ထုတ်ရမှာပေါ့‌နော်။ စစ်ရာဇဝတ်မှုကို စစ်ကောင်စီက ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ လေယာဉ်နဲ့ဗုံးကြဲနေတာက စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ မတရားမှုကိုသိရက်နဲ့ ဒီလေယာဉ်ဆီတွေ ဆက်ပြီးတင်သွင်းတာ၊ စစ်ကောင်စီကို ဆက်ပြီးပူးပေါင်းနေတာ၊ ထောက်ပံ့နေတာဆိုတာက မတရားမှုကို အတူတူကျူးလွန်တာ။ စစ်ကောင်စီနဲ့အတူ လူအခွင့်အရေးချိုးဖောက်တာနဲ့အတူတူပဲလို့ ကျမပြောချင်တယ်။

စစ်ကောင်စီကို အခုချိန်မှာ ထောက်ပံ့ကူညီနေတဲ့ တရုတ်နိုင်ငံပေါ့။ ကျမတို့မှတ်တမ်းမှာလည်း ရှင်းရှင်းလင်းလင်းပြထားပါတယ်။ စစ်ကောင်စီ ဗုံးကြဲတဲ့နေရာတွေလည်း တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေက တော်တော်ကျနေတယ်ပေါ့နော်။ သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ စီမံကိန်းတွေကို ထိခိုက်အောင်လုပ်နေတဲ့ စစ်ကောင်စီကို ဆက်ပြီး တရုတ်ကိုယ်တိုင်ကလည်း သူတို့ကို ဆက်လက်မကူညီဖို့ စဉ်းစားသင့်တယ်လို့ ပြောချင်ပါတယ်ရှင့်။ ဒါတွေက ထုတ်ပြန်ချက်ထဲမပါဘဲ ထည့်ပြောချင်တဲ့အရာပေါ့နော်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။