“ရေတိုမှာ ကြတော့ အခြားမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နောက် PDF တွေနဲ့ လက်တွဲပြီးတော့ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်အမျိုးမျိုး အမြစ်ပြတ် တိုက်ခိုက်ရေးအတွက် ကျနော်တို့ရဲ့စစ်ရေး မဟာဗျူဟာ ရည်ရွယ်ချက်ပေါ့နော်” ဒေါက်တာသီရိမွန်ချမ်း (မွန်ပြည်ကာကွယ်ရေးတပ် MSDF ဥက္ကဋ္ဌ)

0
522
ပုံစာ - MSDF ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်း

မွန်ပြည်ကာကွယ်ရေးတပ် MSDF ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းနှင့် အမေးအဖြေ

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ မွန်ပြည်သူတွေကို ကိုယ်စားပြုတဲ့ တပ်တစ်ခုအနေနဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ လက်ရှိမှာတော့ မွန်ပြည်ကာကွယ်ရေး MSDF ဟာ မွန်ပြည်နယ်တောင်ပိုင်းဒေသဘက်မှာ လှုပ်ရှားနေပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပါတယ်။

လက်ရှိ မွန်ပြည်ကာကွယ်ရေးတပ် MSDF ရဲ့ လှုပ်ရှားမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး မွန်ပြည်ကာကွယ်ရေးတပ် MSDF ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ မွန်ပြည်ကာကွယ်ရေးတပ် MSDF ကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာပါလဲ။

ဖြေ။ ။ မွန်ပြည်ကာကွယ်ရေးတပ် ဖွဲ့စည်းရခြင်းရဲ့ အဓိကရည်ရွယ်ချက် နှစ်ခုပေါ့နော်၊ ရေတို ရည်ရွယ်ချက်နဲ့ ရေရှည် ရည်ရွယ်ချက်လို့ ပြောလို့ရတယ်။ ရေတိုရည်ရွယ်ချက်က တပ်ဖွဲ့စည်းပြီးတော့ နွေဦးတော်လှန်ရေးမှာ အခြားအခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ မွန်ပြည်ကို ကိုယ်စားပြုနေတဲ့ တပ်တစ်ခု အနေနဲ့ ပူးတွဲပြီး တိုက်ပွဲဝင်နိုင်အောင် ဆိုပြီးတော့ မွန်ပြည်ကာကွယ်ရေးတပ် ဖွဲ့စည်းရခြင်းရဲ့ ပထမရည်ရွယ်ချက် ပေါ့နော်။

ဒုတိယရည်ရွယ်ချက်ကြတော့ ရေရှည်နဲ့သက်ဆိုင်တဲ့ အမျိုးသားရေးကိစ္စနဲ့ ပတ်သက်တယ်ပေါ့နော်။ နောက်နောင်မှာ မွန်အမျိုးသားများရဲ့အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်တဲ့ တောင်းတင်းခိုင်မှာတဲ့ professional Army တစ်ခုလိုမျိုးပေါ့နော်။ မွန်အမျိုးသားတပ် တစ်တပ်ဖြစ်အောင် တည်ဆောက်ဖို့ ကျနော်တို့ ရည်ရွယ်ပြီးတော့ မွန်ပြည်ကာကွယ်ရေးတပ်ကို ဖွဲ့စည်းရခြင်း ဖြစ်တယ်။

မေး။ ။ မွန်ပြည် ကာကွယ်ရေးတပ်ရဲ့ စစ်ရေး၊ နိုင်ငံရေး မျှော်မှန်းချက်ကရော ဘာတွေဖြစ်မလဲ။

ဖြေ။ ။ မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ စစ်ရေးရည်ရွယ်ချက်မှာလည်း ရေတိုစစ်ရေးရယ်၊ ရေရှည်စစ်ရေးရယ်။ ရေတိုစစ်ရေး မဟာဗျူဟာ ကတော့ ခုနက နိုင်ငံရေးရည်မှန်းချက်တွေနဲ့ ဆက်စပ်တယ်ပေါ့နော်၊ ရေတိုမှာ ကြတော့ အခြားမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နောက် PDF တွေနဲ့ လက်တွဲပြီးတော့ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်အမျိုးမျိုး အမြစ်ပြတ် တိုက်ခိုက်ရေးအတွက် ကျနော်တို့ရဲ့စစ်ရေး မဟာဗျူဟာ ရည်ရွယ်ချက်ပေါ့နော်၊ နိုင်ငံရေးရည်ရွယ်ချက်ကလည်း စစ်ရေးရည်ရွယ်ချက်နဲ့ သိပ်မကွာပါဘူး။

နိုင်ငံရေး ရည်ရွယ်ချက်မှာလည်း ဒီအတိုင်းပဲ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ် အမျိုးမျိုး ပြုတ်ကျ ပြီးတော့ ကျနော်တို့ ဗမာပြည်ကို စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းရေး နိုင်ငံရေး ရည်ရွယ်ချက်ရယ်၊ နောက်ပြီးတော့ ကျနော်တို့ မွန်ပြည်နယ်နဲ့ ကျနော်တို့ မွန်လူမျိုးတွေအတွက် ကျနော်တို့ ရည်မှန်းထားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အချုပ်အခြာအာဏာ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်တစ်ပြည်ပေါ့နော်၊ အဲဒီ ပြည်မှာကြတော့ နှစ်မျိုးရှိတာပေါ့ ဖက်ဒရယ်စနစ်ပြည် နောက်ပြီးတော့ ကွန်ဖက်ဒရေးရှင်း ဖက်ဒရယ်စနစ်နဲ့ ချိန်ကိုက် ပေးနိုင်ရင် ဒါပေမဲ့ အခုချိန်မှာကြတော့ မပြောတော့ဘူး။

ဒါပေမဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အချုပ်အခြာနဲ့ ပြည့်ဝတဲ့ မွန်ပြည် တစ်ခုဖြစ်အောင် အဲဒီရည်ရွယ်ချက်နှစ်ခု ရှိတာပေါ့၊ ပထမ ရည်ရွယ်ချက်က တစ်တိုင်းပြည်လုံးနဲ့ ဆိုင်တယ်၊ တစ်တိုင်းပြည်လုံးကြတော့ စစ်အာဏာရှင် စနစ် အပါအဝင် အာဏာရှင်အမျိုးမျိုး အမြတ်ပြတ် ဖြုတ်ချရေးနဲ့ ကျနော်တို့ မွန်အမျိုးသားတွေ ရည်မှန်းထားတဲ့ နှစ် ၇၀ ကတည်းက စပြီးတော့ တော်လှန်ရေး လုပ်လာခဲ့တဲ့ လက်နက်ကိုင် လုပ်လာခဲ့တဲ့ ကျနော်တို့ရဲ့ ရည်မှန်းချက်ပေါ့နော်၊ အမျိုးသားလွတ်မြောက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိဖို့ အတွက်ပေါ့နော်။

မေး။ ။ လက်ရှိမှာ ဘယ်လိုစစ်ဆင်ရေးမျိုးတွေကို ဘယ်ဒေသတွေမှာ လှုပ်ရှားနေပါလဲ။

ဖြေ။ ။ လက်ရှိ အခြေအနေအရ စစ်ရေးလှုပ်ရှားမှုကတော့ အကြီးအကျယ် လှုပ်ရှားတာတော့ မရှိသေးဘူး။ ဒါပေမဲ့ ဒီမဟာမိတ်တွေနဲ့ ပူးတွဲပြီးတော့ အခြေအနေပေးတဲ့ နေရာတွေကြတော့ ကျနော်တို့ မဟာမိတ်တွေနဲ့ တွဲပြီးတော့ လှုပ်ရှားမှု ရှိတယ်။ ကျနော်တို့ရဲ့ အဓိက စစ်ရေးလှုပ်ရှားမှုနေရာက မွန်ပြည်နယ်တောင်ပိုင်း၊ တနင်္သာရီတိုင်းတို့ နောက်ပြီးတော့ မွန်ပြည်နယ်တောင်ပိုင်းမှာဆိုရင် အထူးအလေးထားပြီးတော့ စစ်ရေး ပြင်ဆင်မှုပေါ့နော်၊ စစ်တိုက်တာထက် ကျည်ဆံတစ်တောင့် ထွက်ခိုင်းတာကို စစ်တိုက်တာ မဟုတ်ဘူး။

စစ်ပညာရှင်တွေရဲ့ ပြောဆိုချက်အရဆို စစ်တိုက်တာ စစ်ရေးလှုပ်ရှားတာက မဟာဗျူဟာအရ ပြင်ဆင်ထားမှု ပေါ့နော်၊ တိုက်ပွဲ ဘယ်လိုစစ်ဖော်ဆောင်မယ်၊ နောက်ပြီးတော့ မွန်ပြည်သူပြည်သားတွေရဲ့ အထောက်အပံ့ ဘယ်လောက်ရနိုင်မလဲ အဲဒီလိုမျိုး အခြေခံ ဖောင်ဒေးရှင်းပေါ့နော်။ အဲဒီလိုမျိုး စတင်ပြီးတော့ လှုပ်ရှားလာတယ်။ စစ်တိုက်တာက လွယ်လွယ်လေးပါပဲ။ စစ်သားတွေကြတော့ အရေးသာတဲ့ နေရာမှာ တိုက်ပွဲဖော်ဆောင်လို့ ရတယ်။

ဒါပေမဲ့ စစ်တိုက်တဲ့နေရာ တစ်ခုခုမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် မွန်ပြည်သူပြည်သားတွေရဲ့ အထောက်အပံ့တွေ နောက်ပြီးတော့ မဟာမိတ်တွေရဲ့ ထောက်ခံမှုတွေလည်း လိုတယ်ဆိုတော့ ကျနော်တို့ရဲ့ စစ်ရေးမဟာဗျူဟာအရ ဒီတောင်ပိုင်းမှာကြတော့ ကျနော်တို့ အခြေခံစခန်းတွေ ဆောက်နေတယ်၊နောက်ပြီးတော့ အထောက်အပံ့တွေ ရရှိဖို့အတွက် လူထုဆက်ဆံရေးတို့ မူဝါဒချမှတ်ရေးတို့ အဲဒီလိုမျိုးလုပ်ထားတာ တော်တော်လေးတော့ အဆင်သင့်ဖြစ်နေပါပြီ။

မေး။ ။ အခု မွန်ပြည်ကာကွယ်ရေးတပ်မှာ အမျိုးသမီးတပ်သားတွေ စစ်သည်တော်တွေ ဘယ်လောက် ပါဝင်နေပြီလဲ။ ရာခိုင်နှုန်းအားဖြင့် ဘယ်လောက်ဆိုတာ ပြောလို့ရပြီလဲ။

ဖြေ။ ။ အခုလောလောဆယ်ပေါ့နော်၊ အခုအခြေအနေကြတော့ တပ်တည်ခါစလည်း ပြောလို့ရတာပေါ့။ ကျနော်တို့ မွန်ပြည်ကာကွယ်ရေးတပ် တည်လာတာက ၂၀၂၁ ခုနှစ်ပေါ့နော်၊ စက်တင်ဘာလလောက်မှာ ဒါပေမဲ့ တကယ့်တကယ် reform ပေါ့၊ ပြုပြင်ပြောင်းလဲပြီးတော့ တောင်းတင်းခိုင်မာတဲ့တပ် တစ်တပ်ဖြစ်အောင် ဒီဖွဲ့စည်းပုံတို့ နောက်ပြီးတော့ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်ကော်မတီတို့ ပြန်ဖွဲ့လာတာက ဒီနှစ် ၂၀၂၃ ဇန်နဝါရီလကုန်လောက်မှာ ဖြစ်တယ်။ တပ်ရဲ့ဖွဲ့စည်းမှု ပြန်ပြင်တာတို့ နောက်ပြီးတော့ နိုင်ငံရေးဦးဆောင်မှုတို့ စစ်ရေးဦးဆောင်မှု အဲဒီလိုမျိုး လုပ်နေတဲ့ အချိန်ကာလဆိုတော့ တပ်ဖွဲ့စည်းခါစ အချိန်လို့ ပြောလို့ရတယ်။

ဒါပေမဲ့ အရင်တုန်းက ဖွဲ့စည်းတာက မဟာမိတ်နယ်မြေမှာ ရပ်တည်နေတာဆိုတော့ ဒါကြောင့် အခု လောလောဆယ်က ကျနော်တို့ တပ်ထဲမှာ အမျိုးသမီးစစ်သည်တွေရဲ့ ပါဝင်မှုတော့ တော်တော်လေးနည်းတယ်။ အထူးသဖြင့် အမျိုးသမီးတွေကြတော့ ဆေးတပ်ဖွဲ့မှာ ဆေးခန်းမှာ နောက်ပြီးတော့ ဆက်ဆံရေးဌာနတို့ နောက်ပြီးတော့ ဆက်သွယ်ရေးဌာနတို့ အဲဒီလိုမျိုး staff တွေနဲ့ပဲ ပါဝင်တာရှိတယ်။ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဖော်ဆောင်တဲ့ နေရာမှာကြတော့ ပါဝင်နှုန်းတော့ မရှိသေးဘူး။ နောက်နောင် တကယ်လို့ ကျနော်တို့ လှုပ်ရှားမှုအင်အား တိုက်ပွဲဖော်ဆောင်မှုအင်အား တပ်ရဲ့အားလည်း ကြီးမားလာတဲ့အချိန်ကြရင် အမျိုးသမီးတပ် ပေါ့နော် အဲဒီလိုမျိုးဖြစ်ဖို့တော့ ကျနော်တို့ မဟာဗျူဟာ ရေးချထားတာတော့ ရှိတယ်။

မေး။ ။ လက်ရှိ အနေအထားအရ မွန်ပြည်နယ်အတွင်းက မြို့နယ်အများစုတွေမှာ တိုက်ပွဲတွေ၊ လုပ်ကြံ သတ်ဖြတ်မှုတွေ ရှိလာနေတယ်။ ဒီအခြေအနေမှာ မွန်ပြည်ကာကွယ်ရေးတပ်အနေနဲ့ လူထုတွေကို ဘယ်လို အကာအကွယ်ပေးမှုတွေ လုပ်ဆောင်သွားဖို့ရှိလဲ။

ဖြေ။ ။ ကျနော်တို့ မွန်ပြည်ကာကွယ်ရေးတပ် ဖွဲ့စည်းရခြင်းရဲ့ ခုနက ဒုတိယရည်ရွယ်ချက်ပေါ့နော်၊ မွန်ပြည်ကို အကာအကွယ်ပေးနိုင်ဖို့ တောင်းတင်းခိုင်မာတဲ့တပ် တစ်တပ်ဖြစ်အောင် ရည်ရွယ်တာက ကျနော်တို့ မွန်ပြည်နယ်မှာ ရှိတယ်။ ပြည်နယ်သူ ပြည်နယ်သားတွေပေါ့နော်၊ မွန်လူမျိုး အပါအဝင် မွန်ပြည်နယ်သူ ပြည်နယ်သားတွေကို အကာအကွယ်ပေးနိုင်ဖို့ ကျနော်တို့ တပ်ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်တစ်ခုပါ၊ အခုချိန်မှာကြတော့ သိတဲ့အတိုင်းပဲ ကျနော်တို့ မွန်ပြည်နယ်ဘက်မှာကြတော့ ကျနော်တို့ မွန်လက်နက်ကိုင် တပ်တွေရဲ့ တိုက်ပွဲဖော်ဆောင်မှု အားနည်းမှု၊ နောက်ပြီးတော့ တပ်အင်အားနည်းပါးမှုတွေကြောင့် ကျနော်တို့ နယ်မြေမှာ တခြားတိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေ တခြား PDF တွေကနေ တိုက်ပွဲ လာဖော်ဆောင်တာရှိတယ်။

ဒီလို ကျနော်တို့ မွန်လူမျိုးတွေအတွက် ပြည်သူတွေ မနစ်နာဖို့ ဒီလို စစ်မီးထဲမှာ ကျနော်တို့ မွန်တွေကို အထိအခိုက် မများအောင်ဆိုပြီးတော့ ကျနော်တို့ နယ်မြေထဲမှာ ကျနော်တို့ မွန်လက်နက်ကိုင်တပ်တွေ တိုက်ပွဲဖော်ဆောင်မှ ရမယ်၊ တချို့အမြင်တွေကြတော့ ကျနော်တို့ မွန်ပြည်သူတွေကို သက်ညှာတယ် မွန်ပြည်နယ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ချင်တယ် ဆိုပြီးတော့ တိုက်ပွဲဖော်ဆောင်မှုတွေ မရှိခဲ့ဘူး၊ မလုပ်ခဲ့ဘူး။ ဒါဟာ ကျနော်တို့ အမြင်အရတော့ မှားတယ်။ ကိုယ့်ပြည်နယ်မှာကြတော့ စစ်မီးဆိုတာ တောမီးလိုပါပဲ။ ကိုယ့်ရဲ့နယ်မြေဒေသမှာ ကိုယ့်ရဲ့မွန်ပြည်နယ်မှာ ကိုယ်ကစစ်ပွဲ မဖော်ဆောင်ဘူးဆိုရင် အခုလိုမျိုး မဟာမိတ် KNU ကနေ တပ်မဟာ ၈ တို့ ကျနော်တို့ မွန်ပြည်နယ်ဒေသ အားလုံးနီးပါးမှာ တိုက်ပွဲဖော်ဆောင်မှုတွေ ရှိတယ်။

တိုက်ပွဲရဲ့ကြားမှာ ထိခိုက်တာက မွန်ပြည်သူတွေပေါ့နော်၊ ဒါကြောင့်ပဲ ကျနော်တို့ မွန်ပြည်နယ်ကို ငြိမ်းချမ်း စေချင်ရင် ကျနော်တို့ မွန်ပြည်သူကို မထိခိုက်စေတဲ့ ကျနော်တို့ ကာကွယ်ရေးတပ်ပဲ ဖြစ်ဖြစ်၊ တခြား မွန်ပြည်သစ် ပါတီက တပ်ပဲဖြစ်ဖြစ် တခြားဘယ်တပ် ဖြစ်ဖြစ် ကိုယ့်ရဲ့ နယ်မြေဒေသမှာ ကိုယ်ကတိုက်ပွဲဖော်ဆောင်ပြီးတော့ ကိုယ့်ရဲ့ ပြည်နယ်သူ ပြည်နယ်သား မွန်ပြည်သူပြည်သား အပေါ်မှာ ညှာတာထောက်ထားပြီးတော့ တချို့နေရာမှာ ကြတော့ ပြည်သူတွေ အထိအခိုက်များနေတဲ့ နေရာမှာကြတော့ ကိုယ်က တိုက်ပွဲဖော်ဆောင်ဖို့ မဟုတ်ဘူး။ ဒါကြောင့်ပဲ တောမီး မလောင်ချင်ရင်တော့ တခါတလေ ကိုယ်ကအရင်းစုပြီးတော့ မီးစပြီးတော့ အရင်ရှို့ရတယ်။ ဒါမှသာ တောမီးကို ကာကွယ်နိုင်မယ်။

စစ်မှာလည်း ဒီအတိုင်းပဲ၊ စစ်မှာကြတော့ ကျနော်တို့ စစ်ရေးအမြင်ကြတော့ proactive plan၊ proactive Strategy နော်၊ ဒီလိုမျိုး ငြိမ်ငြိမ်နေမယ့်အစား ကိုယ့်ပြည်နယ်ထဲ စစ်ပွဲ မပေါ်လာခင်၊ စစ်ပွဲ မရောက်လာခင်၊ စစ်မီး မရောက်လာခင် ကြိုတင်ပြီးတော့ စစ်ပွဲအတွက် စီစဉ်ထားရမယ်။ ဖော်သင့်တဲ့နေရာမှာကြတော့ ကိုယ်တိုင် အဲဒီလိုမျိုး တိုက်ပွဲဖော်ဆောင်မှု လုပ်ရင်တော့ အခုလိုမျိုး ကျနော်တို့ မွန်ပြည်နယ်မှာရှိတဲ့ မြို့နယ်အများစုမှာ တိုက်ပွဲတွေကြောင့် လုပ်ကြံသတ်ဖြတ်ရတာတို့ ထိခိုက်ဒဏ်ရာရတာတို့ သေကြေရတာတို့ အဲဒီဒဏ်တွေ ကာကွယ်နိုင်မှာပေါ့နော်။ ဒါကြောင့်မို့လို့ အခုချိန်မှာ ကျနော်တို့ အထူးကြိုးစားနေတယ်။ ကျနော်တို့ မွန်ပြည်နယ် မှာ ကျနော်တို့ကိုယ်တိုင် တိုက်ပွဲဖော်ဆောင်နိုင်ဖို့ နောက်ပြီးတော့ ပြည်သူမထိခိုက်အောင် ဘယ်လို တိုက်ပွဲ ဖော်ဆောင်မလဲ ဆိုတဲ့ စစ်ရေးမဟာဗျူဟာတွေ ကျနော်တို့ စီစဉ်နေတာ ရှိတယ်။

မေး။ ။ KNU တပ်မဟာ ၄ ရဲ့ ချောင်းမြောင်းပစ်ခတ်မှုကြောင့် မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ရတာတွေလည်း ရှိခဲ့တယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ရော ဘယ်လိုအခြေအနေရှိပါလဲ။

ဖြေ။ ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့တယ်။ ဖြစ်လာပြီးတဲ့ အချိန်မှာကြတော့ ခုချိန်ထိ KNU ဘက်က တာဝန်ခံမှု၊ တာဝန်ယူမှု ဘာမှ မရှိသေးဘူး။ တပ်မဟာ ၄ ကိုလည်း ကျနော်တို့ ဆက်သွယ်တယ်။ နောက်ပြီးတော့ KNU ဗဟိုဌာနချုပ်တို့ နောက်ပြီးတော့ KNU ဗဟိုအတွင်းရေးမှူးတို့ ဥက္ကဋ္ဌကိုယ်တိုင်ကို ကျနော်တို့ ဖုန်းဆက်တယ်။ ကျနော်ကိုယ်တိုင်လည်း အခါခါ ဖုန်းဆက်တယ်။ ဒါပေမဲ့ ဖုန်းကိုင်တာ မရှိဘူး။ နောက်ပြီးတော့ တပ်မဟာ ၄ ကို Email နဲ့ ပို့တယ်၊ နောက်ပြီးတော ဗဟိုနဲ့လည်း Email ပို့တယ်၊ Email ပြန်လာတာ တစ်ခုကြတော့ တပ်မဟာ ၄ ပေါ့၊ အရင်တုန်းက တပ်မဟာ ၄ တပ်ရုံး ကနေ ပြန်လာတာက သူတို့ အထက်အရာရှိတွေနဲ့ တင်ပြမယ်လို့ အဲဒီလောက်ပဲ ပြောထားတယ်၊ ဒီနောက်ပိုင်းမှာ ကြတော့ ဘာမှ ပြန်ကြားလာတာ မရှိဘူး။

KNU ဗဟိုနဲ့ ပတ်သက်ပြီးတော့လည်း ဗဟို ပြောရေးဆိုခွင့်ရှိသူ စောကလယ်စေးနဲ့ တခါလောက် အဆက်အသွယ်ရတယ်။ သူကလည်း ဒီအတိုင်းပါပဲ၊ အောက်ခြေ တပ်ဖွဲ့၊ တပ်မှူးတွေရဲ့ အစီရင်ခံစာကို စောင့်နေတယ်။ ဒါပေမဲ့ အခုချိန်ထိ လနဲ့ချီပြီးဖြစ်နေပြီ၊ ဘာမှအကြောင်းပြန်ကြားတာ မရှိသေးဘူးနော်။ ဒီအပေါ်မှာကြတော့ ကျနော်တို့ မွန်တပ်ဖွဲ့တွေ၊ မွန်အမျိုးသားတွေလည်း တော်တော်လေး မခံမရပ်ဖြစ်နေတယ်၊ အခုချိန်မှာကြတော့ မဟာမိတ်အချင်းချင်းပေါ့နော်၊ ဘုံရန်သူကို တိုက်ပွဲဝင်နေတဲ့ အချိန်မှာကြတော့ အခုလိုမျိုး ကြီးနိုင်ငယ်ညှင်း နောက်ပြီးတော့ မဟာမိတ် မဆန်တဲ့ လုပ်ရပ်တွေ အဲဒီလိုမျိုး မလုပ်သင့်ဘူး။ နောက်ပြီးတော့ အောက်ခြေမှာ ဖြစ်လာခဲ့တဲ့ ပြဿနာတွေကို ကြီးတဲ့ ပြဿနာငယ်သွားအောင်၊ ငယ်တဲ့ပြဿနာ ရှင်းသွားအောင် အပေါ်က တာဝန်ခံတွေပေါ့နော်၊ တပ်မှူးတွေ ဖြစ်ဖြစ်၊ KNU ခေါင်းဆောင်တွေ ဖြစ်ဖြစ် ဒီကိစ္စတွေကြတော့ အလေးထားပြီးတော့ ရှင်းလင်းသင့်တယ်။ အဲဒီလိုမျိုး ကျနော်တို့ မျှော်မှန်းထားတဲ့အတိုင်း ဘာမှ မဖြစ်လာခဲ့ဘူးပေါ့နော်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here