“ယခုချိန်မှာ တိုက်ပွဲပြင်းထန်တဲ့ကာလမို့ လုံခြုံရေးကိုသာ ပထမနေရာမှာ ထားပါ။ အိမ်တိုင်းအိမ်တိုင်း ဗုံးခိုကျင်းတွေ တူးထားကြပါလို့တော့ မှာချင်ပါတယ်။ စစ်ကောင်စီတပ်ဟာ ရွာထဲလက်နက်ကြီး နေ့စဥ်လိုလို ပစ်ခတ်နေတဲ့အတွက် အမြဲဂရုစိုက်ကြပါ။ သတိရှိကြပါ။ အချင်းချင်း ဖေးမကူညီကြပါ” ဗျူဟာမှူး /KNLA တပ်မဟာ (၃)

0
427
ပုံစာ- ညောင်လေးပင်ခရိုင်ရှိ စစ်ကောင်စီစစ်ကြောင်းထိုးရာကျေးရွာများတွင် မြေမြှုပ်မိုင်းများထောင်ထားခဲ့။

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းများအခြေအနေနဲ့ ပတ်သတ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၃)၏ ဗျူဟာမှူးနှင့် ဆက်သွယ် မေးမြန်းချက်။

မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်ရေး သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိခဲ့သော မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် လူ ၅၀၀ ကျော် သေဆုံးခဲ့ရကြောင်း မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေးအဖွဲ့၏ နိုဝင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်ဖော်ပြချက်အရ သိရသည်။

စစ်အာဏာသိမ်းယူပြီးနောက် ကရင်အမျိုးသားအစည်းအရုံး- KNU နယ်မြေရှိ မြို့နယ်အချို့တွင်လည်း မြေမြှုပ်မိုင်းများကြောင့် ထိခိုက်သေဆုံးခဲ့ရသူများ ရှိလာကြောင်း ကေအဲန်ယူနှင့်နီးစပ်သူတချို့က ပြောဆိုမှု ရှိနေပါသည်။

စစ်ကောင်စီတပ်နှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ အများအပြား ဖြစ်ပွားလျက်ရှိနေသည့် KNU တပ်မဟာ (၃)၊ ညောင်လေးပင်ခရိုင်အတွင်း၌ စစ်ကောင်စီက မြေမြှုပ်မိုင်းအများအပြား ထောင်ထားသည့် အခြေအနေနှင့် ပတ်သက်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ (၃) ၏ ဗျူဟာမှူးအား ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ညောင်လေးပင်ခရိုင်က ကျောက်တံခါးမြို့နယ် နံဇရွာနဲ့ တလိုင်းခင်ဘက်မှာ စစ်ကောင်စီဘက်ကမြေမြှုပ်မိုင်းတွေ အများကြီးထောင်ထားတယ်လို့ သိရတယ်၊ အဲ့ဒါဟုတ်ပါလား။ မိုင်းအလုံးရေ ဘယ်လောက်ထိ ရှိလဲဆိုတာ အရင်ပြောပြပေးပါရှင့်။

ဖြေ။ ။ မိုင်းအလုံးရေကတော့ အများကြီးပါဘဲ။ စစ်တပ်က သူတို့ရွာထဲဝင်တိုင်း မိုင်းအများကြီး ထောင်ထားခဲ့တယ်။ ပြည်သူလူထု အသုံးအဆောင်နေရာတွေ လူသွားလမ်းတို့၊ လှေခါးတို့၊ ဆိုလာပြားထားတဲ့ နေရာတွေမှာ ထောင်ထားတာတွေ ရှိပါတယ်။ အလုံးရေကတော့ ပြောဖို့ခက်ပါတယ်။ လောလောဆယ် ကျနော်တို့ ဖော်နိုင်တာကတော့ မိုင်းအလုံးရေ ၅၀ ကျော်ပါပြီ။

မေး။ ။ စစ်ကောင်စီတပ်က တပ်စွဲပြီးပြန်ဆုတ်ရင် အဲ့ဒီလိုပဲမိုင်းထောင်ထားခဲ့လေ့ ရှိတာလား။ အများအားဖြင့် ဘယ်ရွာတွေမှာ မိုင်းတွေထောင်ထားတာရှိပါလဲ။

ဖြေ။ ။ မိုင်းထောင်ထားခဲ့တာ ရှိပါတယ်။ KNU မုန်းမြို့နယ် သစ်ချဆိပ်ကျေးရွာ၊ ကြောင်ပြာကျေးရွာ၊ ရန်မျိုးအောင်ကျေးရွာ၊ နောင်ကုန်းကျေးရွာ၊ ငထွေစုတ်ကျေးရွာတွေပေါ့။ ကျောက်ကြီးမြို့နယ်မှာလည်း အဲဒီလို မိုင်းထောင်ခဲ့တဲ့ ဖြစ်စဥ်တွေ ရှိပါတယ်။ အနီးဆုံး ပြောရမယ်ဆို နံဇ၊ တလိုင်းခင်၊ ကညှင်ကျိုး ရွာတွေမှာ မိုင်းတွေ အများကြီးထောင်ခဲ့တယ်။

မေး။ ။ ဒေသခံတချို့ ပြောတာသိရတာတော့ တလိုင်းခင်နဲ့ နံဇဘက်မှာ ထောင်ထားတဲ့မိုင်းတွေမှာ ကားမိုင်းတွေပါ ပါလာတယ်လို့ သိရတယ်။ အဲဒါရော ဟုတ်ပါလား၊ ကားမိုင်းဆိုတာ ရိုးရိုးမိုင်းထက် ပေါက်ကွဲအား ဘယ်လောက်ပြင်းလဲ ဆိုတာလည်း ရှင်းပြပေးပါဦး။

ဖြေ။ ။ ကားမိုင်းတွေ ပါပါတယ်။ MM-2 အမျိုးအစားပါ။ MM-4 လို အမျိုးအစားတော့ မဟုတ်ဘူးပေါ့။ အများအားဖြင့် M-14 လို့ခေါ်တဲ့နင်းမိုင်းတွေကို ထောင်ပါတယ်။ အခုကတော့ အဲဒီထက်ပိုပြင်းတဲ့မိုင်းပေါ့၊ အဲဒါက နင်းမိတဲ့သူကို သေစေရုံမက ၅ မီတာပတ်လည်က သက်ရှိအားလုံးကို ဒုက္ခပေးနိုင်ပါတယ်။

မေး။ ။ KNLA အနေနဲ့ မိုင်းရှာဖွေရှင်းလင်းရေး လုပ်ဆောင်ရာမှာ ဘယ်လောက်ထိ နိုင်နင်းသလဲ ဆိုတာလေး ပြောပြလို့ရရင် ပြောပြပေးပါဦး။

ဖြေ။ ။ အဲဒါကတော့ ပြောဖို့ခက်ပါတယ်။ မိုင်းဆိုတာက အသက်မသွင်းခင်တော့ အန္တရာယ် မပေးနိုင်ပေမယ့် အသက်သွင်းပြီးရင်တော့ အရမ်းအန္တရာယ်များပါတယ်။ ကျနော်တို့ KNLA မှာက မိုင်းရှင်းလင်းရေးအတွက် အထောက်အကူပစ္စည်းမရှိတော့ ပိုပြီးသတိထားရတာပေါ့။ ဒါပေမယ့် စစ်မြေပြင် တပ်မှူးတွေကတော့ ဂရုတစိုက် သတိမပျက်အောင်တော့ လုပ်ဆောင်ရပါတယ်။

မေး။ ။ ဒေသခံတွေရှိနေတဲ့ရွာတွေနဲ့ အနီးအနားပတ်ပတ်လည်မှာ မိုင်းထောင်ထားခဲ့တဲ့ စစ်တပ်ရဲ့ ရည်ရွယ်ချက်ကို ကေအဲန်ယူအနေနဲ့ ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ။ ။ စစ်ကောင်စီကတော့ ပြည်သူအားလုံးကို ရန်သူလို့သာမြင်တဲ့အတွက် ပြည်သူလူထုရဲ့အိမ်တွေကို မီးရှို့မယ်။ လေယာဥ်နဲ့ ဗုံးကြဲမယ်၊ အမြှောက်နဲ့ ပစ်မယ်၊ ရွာထဲဝင်ပြီး ပြည်သူလူထုပစ္စည်းတွေကို ယူမယ်။ ခိုးမယ်။ မိုင်းထောင်ခဲ့မယ်။ ဒါဟာ စစ်ကောင်စီတပ်က လုပ်နေကြပဲပေါ့။ ဖက်ဆစ်အမွေဆိုးတွေမို့ ဘာမှတော့ မှတ်ချက်ထွေထွေထူးထူး မပေးလိုပါဘူး။

မေး။ ။ကေအဲန်ယူအနေနဲ့ ညောင်လေးပင်ခရိုင်အတွင်း မိုင်းအသိပညာပေးနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူကို အသိပေးတာ သင်တန်းပေးတာ ရှိခဲ့လား၊ ရှိနေလား။

ဖြေ။ ။ ကျနော်တို့ KNU က ဦးဆောင်ပြီးတော့ CIDKP ဦးဆောင်မှုနဲ့ MRE ဆိုတဲ့ အစီအစဥ်အောက်ကနေ မိုင်းအသိပညာပေးတာတွေ ရှိခဲ့သလို KHRG ကနေလည်း အသိပညာပေး လုပ်ဆောင်မှုတွေ လုပ်ဆောင်ခဲ့ တာတွေရှိပါတယ်။ လောလောလတ်လတ်အချိန်မှာတော့ KNU လက်အောက်ခံ ကျန်းမာရေးဌာနကနေ ရှေ့ဦးသူနာပြုစုနည်း အခြေခံသင်တန်း ပေးနေတာတော့ ရှိပါတယ်။

မေး။ ။ လက်ရှိ ညောင်လေးပင်ခရိုင်အတွင်းမှာ စစ်ကောင်စီထောင်ထားတဲ့မိုင်းကြောင့် ထိခိုက်သူဘယ်လောက်၊ သေဆုံးသူဘယ်လောက် ရှိနေပြီလဲဆိုတာ သိခွင့်ရမလားရှင့်။

ဖြေ။ ။ စစ်ကောင်စီထောင်ထားတဲ့မိုင်းကြောင့် ထိခိုက်သေဆုံးတာတွေတော့ ရှိပါတယ်။ အရေအတွက် အတိအကျကိုတော့ KNU သတင်းပြန်ကြားရေးကိုမေးရင်တော့ ပြီးပြည့်စုံတဲ့အကြောင်းအရာကို ရရှိမှာပါ။

မေး။ ။ ပြည်သူကို မီဒီယာကနေတဆင့် KNU အနေနဲ့ မှာချင်တာရှိရင် ပြောပြပေးပါဦး။

ဖြေ။ ။ ရွာတွေမှာ စစ်ကောင်စီဝင်လာပြီး ပြန်ထွက်တာနဲ့ မိုင်းတွေ ကျန်ခဲ့တာဖြစ်လို့ ပြည်သူလူထုကို ရွာထဲတခါထဲ ပြန်မဝင်ဖို့၊ နယ်မြေခံ KNU တပ်ဖွဲ့တွေကို အသိပေးပြီးမှ သွားလာဖို့တော့ ပြောချင်ပါတယ်။ ၡေ့တန်းမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး မသင်္ကာတာတွေ့ရင် ပြောပြပြီး နယ်မြေလုံခြုံမှ ရွာထဲပြန်ဝင်ဖို့ ပြောချင်ပါတယ်။

ပုံစာ- ညောင်လေးပင်ခရိုင်ရှိ စစ်ကောင်စီစစ်ကြောင်းထိုးရာကျေးရွာများတွင် မြေမြှုပ်မိုင်းများထောင်ထားခဲ့။

ဖြေ။ ။ ယခုချိန်မှာ တိုက်ပွဲပြင်းထန်တဲ့ကာလမို့ လုံခြုံရေးကို ပထမနေရာမှာထားပါ။ အိမ်တိုင်း အိမ်တိုင်း ဗုံးခိုကျင်းတွေ တူးထားကြပါလို့တော့ မှာချင်ပါတယ်။ စစ်ကောင်စီတပ်ဟာ ရွာထဲလက်နက်ကြီး နေ့စဥ်လိုလို ပစ်ခတ်နေတဲ့အတွက် အမြဲဂရုစိုက်ကြပါ။ သတိရှိကြပါ။ အချင်းချင်း ဖေးမကူညီကြပါလို့ မှာချင်ပါတယ်။ နောက်ပြီး ကျနော်တို့ KNLA တပ်ဟာ ပြည်သူလူထုဆီကနေပဲ ပေါက်ဖွားလာတာ ဖြစ်တဲ့အတွက် ဂရုစိုက် ပေးကြပါ။ စောင့်ၡောက်ပေးကြပါ။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here