“မြေပြင်မှာ အခုလိုမျိုး ကျည်ကုန်ရင် ကျနော်တို့ဘက်က ဘာမှလုပ်လို့မရတဲ့ အခြေအနေမျိုးပဲ ဖြစ်တယ်။ ပြီးခဲ့တဲ့ လေးလလောက်မှာပဲ ကျနော်တို့ စစ်ကြောင်း ၂ ခုကို ပြန်ရုတ်ရတဲ့ အခြေအနေမျိုး ကြုံခဲ့ရတယ်ဗျ” ချင်းကာကွယ်ရေးတပ်-ကန်ပက်လက် တပ်မဟာမှူးထွန်းလိန်းထန်း

0
381
ပုံစာ - ကန်ပက်လက်တပ်မဟာမှူး ထွန်းလိန်းထန်း

ချင်းကာကွယ်ရေးတပ်-ကန်ပက်လက် တပ်မဟာမှူး ထွန်းလိန်းထန်းနှင့် အမေးအဖြေ

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နှင့် ကျင်ဒွေးမြို့တို့ကို စစ်မျက်နှာနှစ်ခုဖွင့်လျက် အင်အား ၄၀၀ ကျော် အသုံးပြုပြီး စစ်ကောင်စီတပ်များသည် ခဲယမ်း၊ ရိက္ခာနှင့် လူအင်အားဖြည့်ခြင်း၊ တပ်ချိန်းခြင်းများကို ပြုလုပ်နေသည်။

စစ်ယာဉ်တန်းနှင့် စစ်ကြောင်းများကို ချင်းကာကွယ်ရေးတပ် – ကန်ပက်လက်၊ ချင်းအမျိုးသားတပ် CNA၊ မင်းဘူးခရိုင် တပ်ရင်း ၆ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေသည်မှာ နှစ်ပတ်ကြာမြင့်နေသည်။

ချင်းတောင်ပိုင်း၏ စစ်ရေး၊ လက်ရှိ တိုက်ပွဲအခြေအနေ၊ စစ်ရှောင်ပြည်သူတွေ၏ အခက်အခဲနှင့် ချင်းပူးပေါင်းတပ်တွေ၏ စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ချင်းကာကွယ်ရေးတပ် – ကန်ပက်လက် တပ်မဟာမှူး ထွန်းလိန်းထန်းကို ဆက်သွယ် မေးမြန်းထားသည်။

မေး။ ။ စစ်ကောင်စီဟာ မကွေးတိုင်းဘက်ကနေ ချင်းပြည်နယ်ကို စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်မျက်နှာ ၂ ခု နဲ့ ထိုးစစ်ဆင်နေပါတယ်။ ကျင်ဒွေးကို ဦးတည်သွားတဲ့ စစ်ကြောင်းက ဘယ်လိုထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပါလဲ။

ဖြေ။ ။ ကျင်ဒွေး ထောက်ပို့စစ်ကြောင်းနဲ့ ၁၅ ရက်ကနေ ၂၅ ရက် အထိ ထိတွေ့တိုက်ပွဲ နေ့တိုင်းဖြစ်တယ်။ စစ်ကောင်စီဘက်က ထိတွေ့တိုက်ပွဲတွေမှာ သေဆုံး ၄၀ ကျော်မယ်လို့ ကျနော်တို့ အတည်ပြုလို့ ရတယ်။ ကျနော်တို့ဘက်က အဲဒီကတိုက်ပွဲတွေမှာ ၆ ဦး ဒဏ်ရာရတယ်။ အဓိကက ကင်းပုန်းဝပ်ပြီးမှ အနီးကပ် ပစ်ခတ်တိုက်ပွဲ ဝင်ခဲ့တယ်။ ပြီးတော့ နင်းမိုင်းတွေထောင်ပြီးမှ တိုက်ခိုက်ခဲ့တယ်။ နင်းမိုင်း ၂၀ ကျော် ပေါက်ကွဲခဲ့တယ်။ ဒုတိယနေ့ တိုက်ပွဲမှာ သူတို့ဘက်က အထိနာတော့ လေယာဉ် ၅ စီးနဲ့ (ဗုံး) အလုံး ၂၀ လောက် ကျနော်တို့ကို ပစ်ခတ်ခဲ့တယ်။

မေး။ ။ ကန်ပက်လက်ကို တပ်ချိန်းဖို့သွားတဲ့ စစ်ကြောင်းက တပ်ချိန်းပြီး ပြန်လာပြီပေါ့လေ။ အဲဒီစစ်ကြောင်းရဲ့ အသွားအပြန် အခြေအနေနဲ့ တိုက်ပွဲအခြေအနေကို သိချင်ပါတယ်။

ဖြေ။ ။ အသွားမှာ ကျနော်တို့ လေးပွဲ ဖြစ်ခဲ့တယ်။ အသွားမှာ မြတ်နိုးသူအထိ လာကြိုတဲ့ စစ်ကြောင်းကို ကျနော်တို့ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တဲ့အချိန်မှာ သူတို့ဘက်က အများအပြား ထိခိုက်သေဆုံးမှု ရှိမယ်။ ကျနော်တို့က ၅ ဦး (စစ်ကောင်စီတပ် သေဆုံး) အတည်ပြုထားတယ်။ ကျနော်တို့ဘက်ကတော့ ရဲဘော် ၄ ဦး ဒဏ်ရာရတယ်။ ပြီးတော့ အဲဒီမှာ သူတို့ ယာယီစခန်းချတဲ့နေရာကို သိမ်းပိုက်ဖို့ ကြိုစားခဲ့ပေမဲ့လည်း ကျနော်တို့ဘက်က ကျည်အင်အား မလုံလောက်မှု၊ လက်နက်အင်အား မမျှမှုတွေနဲ့ ကျနော်တို့ ပြန်ဆုတ်ခွာခဲ့ရတဲ့ အခြေအနေဖြစ်တယ်။ ညနေပိုင်း မိုးချုပ်ခါနီး အတော် အန္တရယ်ကြီးတဲ့ အချိန်ဖြစ်တော့ ပြန်ဆုတ်ခဲ့ရတယ်။ ပြီးတော့ မြို့တွင်းမှာ အထိုင်ချထားတဲ့ ဘုန်းကြီးကျောင်းမှာ စခန်းချထားတဲ့တပ်ကို သွားရောက်ပစ်ခတ်မှုတွေ လုပ်ခဲ့ပါတယ်ဗျ။ အပြန်မှာလည်း ကျနော်တို့ ကတင်းချောင်းအနီးမှာ ပိတ်ဆို့ပြီးမှ ပစ်ခဲ့တယ်။

မေး။ ။ အဲဒီစစ်ကြောင်း ၂ ခုက တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သေဆုံးမှုတွေ ဘယ်လောက်ရှိပါလဲ၊ ထိခိုက်ဒဏ်ရာ ရရှိမှုတွေ ဘယ်လောက်ရှိပါလဲ။

ဖြေ။ ။ စကစဘက်က သေဆုံးမှုက နှစ်ဖက် (နှစ်နေရာ) တိုက်ပွဲမှာ ၅၀ ကျော်လို့ ကျနော်တို့ သတ်မှတ်ထားပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိမှုက အများအပြား ရှိပါတယ်။

မေး။ ။ ယာဉ်တန်းတွေလည်း ပါရှိနေတော့ ယာဉ်တန်းတွေရော ဖျက်ဆီးနိုင်သေးလား။

ဖြေ။ ။ ယာဉ်တန်းအနေနဲ့ကတော့ ကားမိုင်း ထောင်ထားတဲ့နေရာမှာ ကားမိုင်း ၄ လုံးလောက် ပေါက်တယ်။ အဲဒီနေရာကို ရှင်းလင်းရေးတော့ ပြန်မသွားရသေးဘူး။ ပျက်စီးမှု ရှိ၊ မရှိကိုတော့ ပြောလို့မရသေးဘူး။ အတည်ပြုလို့ မရသေးတဲ့ အခြေအနေ ဖြစ်တယ်။ နောက် ၂၄ ရက်နေ့ ညနေပိုင်းက ကျနော်တို့က ယာဉ်တန်းကို RPG နဲ့ တိုက်ခိုက် ခဲ့ပေမယ့်လည်း ယာဉ်တန်းကို လွဲချော်သွားပြီး စစ်သားတွေပဲ ထိမှန်သွားတယ်လို့ မှန်းထားတယ်။

ပြီးတော့ ဒရုန်းပိုင်းဆိုင်ရာ တပ်ဆင်မှု အားနည်းနေသေးတဲ့အတွက်ကြောင့် ယာဉ်တန်းကို တိုက်ခိုက်နိုင်တဲ့ဟာ၊ ဖျက်ဆီးနိုင်တဲ့ဟာတော့ မရှိဘူးလို့ ပြောလို့ရတယ်။ ယာဉ်တန်း လုံခြုံရေးလိုက်လာတဲ့ ယာဉ်တန်းကို ပို့ဆောင်တဲ့ စစ်သားတွေနဲ့ပဲ ပစ်ခတ်နေရပြီးမှ ယာဉ်တန်းကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တာတော့ မရှိဘူးဗျ။ ပျက်စီးတဲ့ အနေအထားတော့ ရှိနိုင်တယ်လို့ ခန့်မှန်းထားတယ်။

မေး။ ။ ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်ကလည်း ကျဆုံးဒဏ်ရာရရှိမှု အခြေအနေကို ပြောပြပေးပါလား။

ဖြေ။ ။ စုစုပေါင်းအနေနဲ့ ပြောရမယ်ဆိုရင် နှစ်ဖက်တိုက်ပွဲမှာ မဟာမိတ်ပူးပေါင်းတပ်တွေ အပါအဝင် ၁၁ ဦး အထိ ရှိတယ်။ ၁၁ ဦး ဒဏ်ရာရတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တစ်ဦးလည်း ကျဆုံးတယ်။

မေး။ ။ စစ်ကောင်စီဟာ ကန်ပက်လက်ကို ဘာကြောင့် စစ်မျက်နှာနှစ်ခုဖွင့်ပြီး တစ်ပြိုက်နက် စစ်ကြောင်းထိုးတယ်လို့ သုံးသပ်မိပါလဲ။

ဖြေ။ ။ နေပြည်တော် သတင်းရင်းမြစ်ကလာတဲ့ သတင်းတွေအရ၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်ကို ထိုးစစ် အကြီးအကျယ် လုပ်မယ်လို့လည်း ကြားရတယ်။ နောက်တခုက ထောက်ပို့ယာဉ်တန်းက မသွားတာ အတော်ကြာပြီ။ တစ်နှစ် ရှိပြီ။ ကျင်ဒွေးမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်သားတွေလည်းပဲ စားနပ်ရိက္ခာ ပြတ်လတ်မှု ကြုံနေရတယ်။ ကျနော်တို့ဘက်ကလည်း အသွားအလာ အကုန်လုံးဖြတ်ထားတဲ့ အနေအထားမှာ စစ်ကောင်စီအထိုင်ကို လူအင်အားရော၊ ရိက္ခာအင်အားရော ဖြည့်ဖို့ သူတို့ လုပ်ဆောင်နေတယ်လို့ ထင်တယ်။

နောက်တစ်ခုက စစ်ကြောင်းတစ်ကြောင်းမှာ ကျနော်တို့ လုံးပန်းနေချိန်မှာ ဒီဘက်မှာ တပ်ချိန်းကိုလည်း အလွယ်တကူ ချိန်းနိုင်ကြတဲ့ ဗျူဟာမျိုးကို သူတို့ ဆွဲလိုက်တယ်လို့ ထင်တယ်။ သူတို့က ကျင်ဒွေးကို အဓိက ပစ်မှတ်ထားပြီး ထောက်ပို့ လုပ်တယ်။ တဖက်မှာ ထောက်ပို့ယာဉ်တန်းကို အပြည့်အဝ မတိုက်ခိုက်နိုင်အောင် ဒီဘက်မှာ အာရုံလွှဲတဲ့ အနေအထားမျိုးလည်း သုံးသပ်ရပါတယ်။

မေး။ ။ အရင်နှစ်ကလည်း စစ်ကောင်စီဟာ ဒီလို စစ်ကြောင်းထိုးတယ်လို့ သိရပါတယ်။ အရင်နှစ်က စစ်ကြောင်းထိုးမှုနဲ့ ဒီနှစ် စစ်ကြောင်းထိုးမှုက ဘယ်လိုကွာခြားပါလဲ။

ဖြေ။ ။ စကစဘက်က လုံးဝကို လျော့တွက်လို့မရတဲ့ အနေအထားမျိုးတွေရှိတဲ့ဟာက သူတို့ဗျူဟာ အရမ်းကောင်းပြီးမှ၊ သူတို့က ကျနော်တို့ကို ပင်ပမ်းအောင်ပဲလုပ်ပြီးမှ စောင့်ပြီး တက်တဲ့ပုံမျိုး၊ အခုနောက်ပိုင်း အရင်ကလို ထိုးတက်တဲ့ဟာမျိုး၊ ရှိနေတာသိရက်နဲ့ ထိုးတက်တာမျိုး မလုပ်တော့ဘူး။ အပြောင်းအလဲပေါ့။ ပြီးတော့ အတော်လေး ပစ်မှတ်တိကျတဲ့ လက်နက်ကြီး ပစ်ကူတွေ လုပ်လာနိုင်တယ်။

သူတို့ဘက်က ကျည်ဖြုန်းနိုင်မှု အနေအထားမှာလည်း အများကြီး ကွာဟမှု အနေအထား ရှိနေတဲ့ အတိုင်းအတာမှာ အဓိက အပြောင်းအလဲကတော့ တဖက်ကို သွားမယ်ဆိုရင် စစ်ကြောင်း နှစ်ကြောင်း၊ သုံးကြောင်း လုပ်ပြီးမှ ကျနော်တို့ကို ထိုးနေတဲ့ အခြေအနေမျိုး ခန့်မှန်းရတယ်။ တစ်ကြောင်းထဲဆို ကျနော်တို့ လုံးဝ ပိတ်ဆို့လို့ လုပ်လို့ရတဲ့ အနေအထားကို သူတို့လည်း သုံးသပ်လာတဲ့ သဘောမှာ ရှိပါတယ်။

မေး။ ။ စစ်မျက်နှာ နှစ်ခုနဲ့ ရင်ဆိုင်ရတဲ့ CDF ကန်ပက်လက်က ခုခံတော်လှန်ရာမှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နေရပါလဲ။

ဖြေ။ ။ အဓိက က လက်နက်နဲ့ကျည်ပဲ ဖြစ်တယ်။ အခုတိုက်ပွဲမှာကိုပဲ အသွားမှာကိုက ပြည်သူတွေ လှူဒါန်းထားတဲ့ ဟာနဲ့ စုဆောင်းပြီးမှ ဝယ်ထားတဲ့ဟာတွေ ကျည်တွေ အတော်လေး အားနည်းသွားတဲ့ အနေအထားမှာ ရှိတယ်။ ဥပမာ – ကျင်ဒွေးဘက် စစ်ကြောင်းမှာ ရန်သူ့တပ်အင်အားက ၃၀၀ လောက် ရှိတဲ့အနေအထားမှာ ကျနော်တို့ ၃၀၀ လောက်နဲ့ ခုခံဖို့ လိုအပ်တဲ့အခါမှာ လက်နက်နဲ့ကျည်က အများကြီး ထပ်ပြီးမှ ဖြည့်တင်းဖို့ လိုအပ်တယ်။ NUG အစိုးရအနေနဲ့ သော်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ သော်လည်းကောင်း၊ ရဲစွမ်းသတ္တိ ဗျတ္တိအပြည့်နဲ့ တော်လှန်နေတဲ့ ကျနော်တို့ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းပေးဖို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။

အဓိက အခက်အခဲက လက်နက်နဲ့ ကျည်ပဲ ဖြစ်တယ်။ နောက်ပိုင်း အခက်အခဲက ကျနော်တို့ဘာသာ ဖြေရှင်းလို့ရတဲ့ အနေအထားမျိုးတွေ ဖြစ်တယ်။ ကျနော်တို့မှာ လက်နက်နဲ့ ကျည်သာ ရှိရင် လုပ်နိုင်တဲ့အနေအထားတွေ အများကြီး ဖြစ်တယ်။ နောက်တခုက မိုးတွင်းကာလလည်း ဖြစ်နေတဲ့အတွက်ကြောင့် ကျနော်တို့မှာ တော်တော်လေး ခက်ခဲတဲ့ အနေအထား ရှိတယ်။ မိုးကာ မလုံလောက်မှုတွေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ မိုးရွာတော့ လမ်းတွေ ပျက်တဲ့ အခြေအနေတွေ ကြုံတွေ့နေရပါတယ်။

မေး။ ။ တိုက်ပွဲဖြစ်နေရင်းနဲ့ လက်နက်ခဲယမ်း မလုံလောက်မှုတွေ ကြုံတွေ့ရတယ်လို့ သိရပါတယ်။ အဲဒီအပေါ်မှာ ဘာပြောချင်ပါလဲခင်ဗျ။

ဖြေ။ ။ မြေပြင်မှာ အခုလိုမျိုး ကျည်ကုန်ရင် ကျနော်တို့ဘက်က ဘာမှလုပ်လို့မရတဲ့ အခြေအနေမျိုးပဲ ဖြစ်တယ်။ ပြီးခဲ့တဲ့ လေးလလောက်မှာပဲ ကျနော်တို့ စစ်ကြောင်း ၂ ခုကို ပြန်ရုတ်ရတဲ့ အခြေအနေမျိုး ကြုံခဲ့ရတယ်ဗျ။ အခုလည်းပဲ ကြိုးစားပြီးမှတော့ ပြည်သူတွေကို နှိုးဆော်ပြီး ပြည်သူတွေကနေ လှူဒါန်ထားတဲ့ အခြေအနေကနေပဲ အတတ်နိုင်ဆုံး၊ ရဲဘော်တွေကိုလည်း ဘာမှ ဖြည့်ဆည်းပေးနိုင်တာမျိုး မရှိဘဲနဲ့လည်း ကျနော်တို့ အားလုံး (ဘတ်ဂျတ်) ရသမျှကို လက်နက်နဲ့ကျည်မှာပဲ စုဆောင်းပြီး လုပ်နေရတဲ့ အတိုင်းအတာပါခင်ဗျ။

မေး။ ။ ကန်ပက်လက်က မကွေး- ချင်းနယ်စပ်မှာ ရှိတယ်၊ ရခိုင်နဲ့လည်း ဆက်စပ်တယ်။ စစ်မျက်နှာပြင်နဲ့ ပတ်သက်လို့ ဘယ်လိုအချက်အချာ ကျနေပါလဲ။

ဖြေ။ ။ ကျနော်တို့ ကန်ပက်လက်ကတော့ မကွေးတိုင်းနဲ့လုံးဝ ထိစပ်နေပြီးမှ အနီးဆုံးနေရာမှာရှိတော့ ထိုးစစ်လာနိုင်တဲ့ အနေအထားက ပထမအချက်အနေနဲ့ ရှိတယ်။ ဒုတိယအချက်က ချင်းပြည်နယ် တောင်ပိုင်းဘက်ကို ဝင်မယ်ဆိုရင် ကန်ပက်လက်ရဲ့ ဝိတိုရိယတို့ ဘာတို့မှာ ထိုးစစ်ကောင်းကောင်း လုပ်နိုင်တယ်ဆိုရင်တော့ ဒီလို အချက်အချာ ကျနေတယ်။ ဆိုတော့ ကန်ပက်လက်က တောင်ပိုင်းဒေသတွေကို သွားဖို့အတွက် ဥပမာ-ပလက်ဝတို့ ဘက်ကိုရောပေါ့။ အဓိက လမ်းပိုင်း ဖြစ်ပြီးတော့ ကျနော်တို့ဘက်ကတော့ ပြင်ဆင်စရာတွေ အများကြီးပေါ့၊ ကျနော်တို့လည်း ပူးပေါင်းတပ်တွေနဲ့ ချိတ်ဆက်ပြီး အများကြီး ပြင်ဆင်ထားပါတယ်။

မေး။ ။ စစ်ဘေးရှောင်ပြည်သူတွေ လက်ရှိအခြေအနေမှာ ဘယ်လောက်ရှိနေပြီး၊ ဘယ်လိုအကူအညီတွေ လိုအပ်နေပါလဲခင်ဗျ။

ဖြေ။ ။ စစ်ဘေးရှောင်တွေအနေနဲ့က မိုးရာသီဖြစ်တော့ ရာသီတုတ်ကွေးတွေ ရှိတယ်။ ဖျားနာတာတွေက စစ်ဘေးရှောင်တွေ ကြားထဲမှာကိုပဲ ကူးဆက်မှုမြန်ပြီးမှ ဒီမြို့နယ် ကျန်းမာရေးကတော့ အထူးဂရုစိုက်ပြီး လုပ်နေတဲ့ အနေအထားမှာ ဆေးဝါး လိုအပ်မှုတွေတော့ အများကြီး ရှိတယ်။ မိုးတွင်းဖြစ်တော့ မိုးကာလိုအပ်မှု အများကြီးရှိတယ်။ စားဝတ်နေရေးက အစပေါ့၊ မိသားစု အလိုက်ပေါ့၊ လူဦးရေ ထောင်နဲ့ချီ သွားလာရ၊ ရှောင်တိမ်းရတဲ့အခါမှာ မိုးကာတို့ စားဝတ်နေရေးတို့ လိုအပ်နေပါတယ်။ အဓိကက ဆေးဝါးအကူအညီ ရနိုင်ရင်တော့ ဆေးဝါးပဲ လိုအပ်ပါတယ်လို့။

မေး။ ။ ချင်းပြည်သူတွေအပါအဝင် တနိုင်ငံလုံးနဲ့ ပြည်ပရောက် ပြည်သူတွေကို ဘာပြောချင်ပါလဲ။

ဖြေ။ ။ အခုက တော်လှန်ရေးက ၂ နှစ် ကျော်လာပြီဖြစ်တဲ့အချိန်မှာ အရှိန်ကောင်းကောင်းနဲ့ သွားနိုင်ဖို့အတွက် အဓိက ပြည်ပရောက် တိုင်းရင်းသားနဲ့ ကျနော်တို့ရဲ့ မြန်မာပြည်သူတွေက အဓိကကျတာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့က လုံးဝ ကျနော်တို့ နိုင်တယ်ဆိုတာကို ယုံကြည်ဖို့လိုတယ်။ ကျနော်တို့လည်း နိုင်အောင်လည်း တိုက်ရမှာ ဖြစ်တယ်၊၊ ဒီတစ်ခါမှ ရှုံးရင်တော့ ဘယ်တော့မှ နလန်ထူနိုင်မှာ မဟုတ်ဘူးဆိုတော့ ကျနော်တို့ အဓိက ပြောချင်တာက ပြည်သူတွေ စစ်ပွဲရဲ့ဒဏ်၊ နိုင်ငံရေးရဲ့ဒဏ်ကို ခံနိုင်ဖို့အတွက် အများကြီး ပြင်ဆင်ကြပါလို့ ပြောချင်ပါတယ်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here