“မုန်းမြို့ကိုသိမ်းယူနိုင်တာတော့ မှန်တယ်၊ စစ်တပ်ဘက်ကပစ္စည်းတွေ သိမ်းယူရမိတာတော့မှန်တယ်။ ဒါပေမဲ့ မြို့ကိုထိန်းထားပြီးတော့ နယ်မြေအကုန်ရှင်းလင်းပြီးတော့ ပြည်သူတွေ ပြန်နေထိုင်လို့ရတဲ့အနေအထားထိတော့ မဟုတ်သေးဘူး” ကရင်အရပ်ဖက်အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ပြောခွင့်ရသူ

0
360
ပုံစာ - မုန်းမြို့ဒေသတွင်းစစ်ဘေးရှောင်များ။

မုန်းမြို့ဒေသတွင်းအခြေအနေ၊ စစ်‌ရေးအခြေအနေနှင့်ပတ်သက်ပြီး ကရင်အရပ်ဖက်အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့ ပြောခွင့်ရသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၃)နယ်မြေ၊ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူး(မုန်း)မြို့တွင် ဒီဇင်ဘာ ၂ ရက်နေ့ မှ ဒီဇင်ဘာ ၇ ရက်နေ့ အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတိုက်ဖွဲ့များက စစ်ကောင်စီ၏စခန်းများအား တိုက်ခိုက်သိမ်းယူသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဘက်က လေကြောင်းအသုံးပြု ပစ်ခတ်တိုက်ခိုက်တာကြောင့် မုန်းမြို့ပေါ်ရပ်ကွက်နှင့် အနီးအနားကျေးရွာပေါင်း ၉၅ ရွာမှ ဒေသခံ ၆ သောင်းကျော်သည် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။

တစ်ပတ်တာနီးပါးကြာ တိုက်ပွဲဖြစ်ပွားပြီးနောက်တွင်လည်း စစ်ကောင်စီဘက်မှ တုံ့ပြန်တိုက်ခိုက်မှုများ ရှိနေသည့်အတွက် နယ်မြေမတည်ငြိမ်သေးတာကြောင့် နေအိမ်ပြန်ခွင့်မရသေးသော မြို့ခံများ၏ လက်ရှိ အခြေအနေ၊‌ ဒေသတွင်း စစ်‌ရေးအခြေအနေနှင့် ပတ်သက်၍ ကရင်အရပ်ဖက်အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့ ပြောခွင့်ရသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ လက်ရှိ မုန်းမြို့က‌ ဒေသခံတွေရဲ့ အခြေအနေလေးကို သိရ‌သလောက် ပြောပြပေးပါဦး။

ဖြေ။ ။ စစ်တပ်စခန်းနဲ့နီးတဲ့ ဒေသခံတွေကတော့ နေအိမ်မပြန်နိုင်သေးဘူး။ အဲဒီစခန်း‌တွေနဲ့ နည်းနည်းအလှမ်းဝေးတဲ့ နေရာတွေကိုတော့ ပြန်နေနေကြတယ်လို့ သိရတယ်။

မေး။ ။ ဒေသခံတွေ စားရေးသောက်ရေးအတွက် အကူအညီပေးနေတဲ့အဖွဲ့အစည်းရော ရှိနေလား။

ဖြေ။ ။ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ဘက်ကတော့ လောလောဆယ် တတ်နိုင်တဲ့ဘက်က စားနပ်ရိက္ခာလေးတွေကို ကူညီပေးတာတော့ ရှိတယ်။ လုံလောက်တာတော့ မဟုတ်ဘူးပေါ့။ အဓိက လိုအပ်တာတော့ ဆန်၊ ဆီ၊ ဆား အခြေခံစားနပ်ရိက္ခာပေါ့။ စားနပ်ရိက္ခာထောက်ပံ့ဖို့အပိုင်းက လမ်းပိတ်ဆို့တာတွေ ရှိပေမယ့် ဒီလမ်းမဟုတ်ရင် ဟိုလမ်းပေါ့ အဆင်ပြေသလို သွားနေရတယ်။

မေး။ ။ စစ်တပ်စခန်းနဲ့လှမ်းတဲ့နေရာမှာ နေထိုင်တဲ့ဒေသခံတွေက အခြေကျပြန်နေထိုင်နိုင်တဲ့ အနေအထားလား ပြောပြပေးပါဦး။

ဖြေ။ ။ ပြန်နေတယ်ဆိုတာကတော့ အားလုံးမဟုတ်ပါဘူး၊ ပြောမယ်ဆိုရင် တနိုင်တပိုင် မွေး‌မြူရေးရှိနေတဲ့ သူတို့ရဲ့ပစ္စည်းဥစ္စာတွေ ပြန်ပြီးထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ပါပဲ။

မေး။ ။ မုန်းမြို့တစ်မြို့လုံးအနေအထားနဲ့ကြည့်ရင် စစ်ရှောင်ပြေးနေသူ ဘယ်လောက်များရှိနေပါလဲ။

ဖြေ။ ။ တစ်မြို့လုံးအနေနဲ့ဆိုရင် သောင်းကျော်လောက်တော့ ရှိတယ်။ ကေအဲန်ယူက ထုတ်ပြန်ထားတဲ့ ၆ သောင်းကျော် ဆိုတာက မုန်းမြို့နဲ့သူ့အနီးအနားကရွာတွေမှာ နေတဲ့ဒေသခံတွေလည်း ပါပါတယ်။

မေး။ ။ စစ်ရေးအခြေအနေကရော ဘယ်လိုရှိပါလဲ ပြောပြပေးပါဦး။

ဖြေ။ ။ စစ်ရေးအခြေအနေက လောလောဆယ်ထိုးစစ်ဆင်ပြီး တိုက်ခိုက်တာတွေတော့ မရှိဘူး။ ချောင်းမြောင်း တိုက်ခိုက်နေတာတွေတော့ ရှိတယ်။ ချောင်းမြောင်းတိုက်ခိုက်တယ် ဆိုတာက နှစ်ဖက်သတ်မှတ်ထားတဲ့ နေရာတွေကနေ ကျော်လွန်လာတာမျိုးနဲ့ အဲဒီအနီးအနားမှာ ပစ်ခတ်တိုက်ခိုက်တာကို ပြောတာပါ။

မေး။ ။ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က သိမ်းယူထားတဲ့နေရာတွေကို အခုချိန်ထိ ဆက်လက်ထိန်းသိမ်းထား နိုင်ပါလား။ ဘယ်လိုတွေ့ရပါလဲ။

ဖြေ။ ။ စစ်တပ်ကတော့ တချို့နေရာကို ပြန်ယူထားတာရှိတယ်။ KNLA ထိန်းထားနိုင်တဲ့နေရာတွေလည်း ရှိသေးတယ်။ ခမရ-၅၉၉ တပ်ရင်းမှာဆိုရင် စစ်တပ်က ပြန်လာနေတယ်။ KNLA ထိန်းထားတဲ့နေရာကိုတော့ အတိအကျ ပြောလို့မရသေးဘူး။

မေး။ ။ KNLA ဘက်က မုန်းမြို့တစ်မြို့လုံးကို သိမ်းထားနိုင်တယ်ဆိုတာကရော ဘယ်လိုတွေ့ရပါလဲ။

ဖြေ။ ။ မုန်းမြို့ကိုသိမ်းယူနိုင်တာတော့ မှန်တယ်။ စစ်တပ်ဘက်ကပစ္စည်းတွေ သိမ်းယူရမိတာတော့မှန်တယ်။ ဒါပေမဲ့ မြို့ကိုထိန်းထားပြီးတော့ နယ်မြေအကုန်ရှင်းလင်းပြီးတော့ ပြည်သူတွေ ပြန်နေထိုင်လို့ရတဲ့ အနေအထားထိတော့ မဟုတ်သေးဘူး။ ရေရှည်မှာတစ်ခုခု ဆုံးရှုံးပျက်စီးမှုတွေ များသွားမှာစိုးလို့တော့ ကျနော်တို့ သိရတယ်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here