“မနှစ်က ပညာသင်ကာလမှာ CDM ဝင်သွားသူတွေများတယ်။ ဒီနှစ် တပ်မတော်သားတွေကို ပညာသင်ခွင့်၊ စာမေးပွဲဖြေဆိုခွင့်၊ အဝေးသင်တက်ခွင့်တွေက အစ အကုန်ပိတ် ထားတယ်။ အဓိကက တပ်ပြေးတွေ ပိုများလာမှာကို သူတို့ဘက်(စစ်ကောင်စီ) စိုးရိမ်နေတာ” ကိုမျိုးမြင့်အောင်/မေမေ့ရင်ခွင့်အဖွဲ့တာဝန်ခံ

0
426
ပုံစာ - မေမေ့ရင်ခွင့်အဖွဲ့တာဝန်ခံ ကိုမျိုးမြင့်အောင်

CDM ဝင်နိုင်ဖို့ ကူညီပေးနေတဲ့ မေမေ့ရင်ခွင့်အဖွဲ့တာဝန်ခံ ကိုမျိုးမြင့်အောင်နဲ့မေးမြန်းချက်။

ပြည်သူ့ခုခံစစ်တွေကြောင့် စစ်ကောင်စီတပ်အင်အားပြုန်းတီးမှုနဲ့အတူ စိတ်ဓာတ်ရေးရာပါ ကျဆင်းနေတဲ့ စစ်ကောင်စီတပ်တွင်းမှာ ရှေ့တန်းထွက် စစ်မတိုက်ချင်တဲ့အတွက် အမိန့်မနာခံမှုတွေ မြင့်တက်လာသလို တပ်ပြေးတွေလည်း ပိုများလာခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့ခုခံစစ် နှစ်နှစ်ပြည့် အစီရင်ခံစာအရ အာဏာသိမ်းကာလအတွင်း တပ်နဲ့ရဲတပ်ဖွဲ့ဝင် ၁၃,၀၀၀ ကျော်ဟာ အကြမ်းမဖက်မှု အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု ပါဝင်ထားတယ်လို့ ဖော်ပြထုတ်ပြန်ပါတယ်။

ဒါကြောင့် အာဏာသိမ်း စစ်ကောင်စီတပ်တွင်း အခြေအနေတွေ ၊ CDM ဝင်ရောက်မှု၊ တပ်တွင်းဖရဲသီး ရရှိမှုအပါအဝင် တပ်ပြေးများလာမှု အပေါ် စစ်အုပ်စုဘက်က ဘယ်လိုထိန်းချုပ်ဖို့ ကြိုးပမ်းတာတွေ ရှိနေလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး CDM ဝင်နိုင်ဖို့ ကူညီပေးနေတဲ့ မေမေ့ရင်ခွင့်အဖွဲ့တာဝန်ခံ ကိုမျိုးမြင့်အောင်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ စစ်ကောင်စီက အရေးပေါ်သက်တမ်းထပ်တိုးပြီးတဲ့နောက် တပ် CDM ဝင်လာတဲ့အခြေအနေက ဘယ်လိုရှိလာပါလဲ။

ဖြေ။ ။ CDM ဝင်လာတဲ့နှုန်းက ပြည်သူ့ရင်ခွင်၊ ပြည်သူ့သားကောင်းတို့ မေမေ့ရင်ခွင် အကုန်လုံး CDM ကူညီရေး အဖွဲ့အစည်းတွေအားလုံးပေါ့၊ ၁၄,၀၀၀ လောက်တော့ ရှိတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တပ်တွင်းက အင်အားတွေ လျော့ပါးမှုအပိုင်းကျတော့ CDM ဝင်တဲ့နှုန်း တခုတည်းနဲ့တော့ ကြည့်လို့မရဘူး။ CDM ဝင်လာတဲ့နှုန်း ရှိတယ်။ တပ်ကနေ ထွက်ပြေးသွားတဲ့နှုန်း ရှိတယ်။ ဖရဲသီးတွေရဲ့နှုန်းကိုပါ ထည့်တွက်ရတယ်။ ကျွန်တော်တို့ဆီမှာ CDM ဝင်လာတဲ့နှုန်းက တပ်နဲ့ ရဲ ပေါင်းရင် ၁၄,၀၀၀ လောက် ရှိတယ်။ နောက်သူတို့ဘက်က သွားတဲ့အင်အားဆို တပ်ပြေး၊ရဲပြေး ရှိမယ်။

မေး။ ။ တပ်တွင်းဖရဲသီးတွေရဲ့ အခြေအနေကရော ဘယ်လိုရှိပါလဲ၊ သူတို့ရဲ့သတင်းပေးပို့ချက်တွေကို ဘယ်လိုစိစစ်နေပါလဲ။

ဖြေ။ ။ ဖရဲသီးရဲ့အခြေအနေက ဖရဲသီးအင်အားက များလာတယ်။ တချို့တွေက ဘယ်လိုဆက်သွယ်ရမလဲ။ ဘယ်ကို သတင်းပို့ရမယ်ဆိုတာ မသိလို့ ဆိုတာမျိုးတွေလည်း ရှိတတ်တော့ အရင်တုန်းက အခြေအနေနဲ့ အခုအခြေအနေ ကွာခြားချက်က အရင်တုန်းက ဖုန်းဘေဘာညာကအစ ငွေကြေးထောက်ပံ့ရတာကအစ အဲလိုတွေရှိတယ်။ အခုနောက်ပိုင်းအခြေအနေကြတော့ ဖရဲသီးအင်အားက တော်တော်လေးများတယ်ပေါ့။ ဘာမှ ထောက်ပံ့စရာလည်း မလိုတော့ဘူး။ ဖရဲသီးတွေက Code ရဖို့ တောင်းဆိုတာရှိတယ်။ ငွေကြေးပိုင်းမလိုဘူး ဘာမှမလိုဘူး။ဒီလို Code လေးတော့ ရချင်တယ်ဆိုတဲ့အခါမှာ သူတို့တောင်းဆိုလာတယ်။ ဖရဲသီးမှာ ကျွန်တော်သတင်းပေးချင်တယ်ဆိုရုံလောက်နဲ့ ဒီအတိုင်း ရမ်းသမ်းလက်ခံတာ မဟုတ်ဘူး။

ပြောရရင် ဝန်ထမ်းခန့်ထားရေးပေါ့၊ အစမ်းခန့် ကာလပေါ့၊ သူပေးတဲ့သတင်းတွေ သူ့ရဲ့သတင်းခိုင်မာမှုရော ဘယ်လိုရှိလဲ။ သူပေးတဲ့ သတင်းတွေအပေါ်မှာ မူတည်တယ်။ မြေပြင်သတင်းတွေပေါ့။ ဘယ်လူကြီးက ဘယ်ယာဉ်တန်းနဲ့ ဘယ်တွေရှိမယ် ဆိုတာတွေက ကျွန်တော်တို့က မြေပြင်အဖွဲ့တွေနဲ့ တိုက်ဆိုင်စစ်ဆေးတယ်။ သူပေးတဲ့ သတင်းတွေကို သက်ဆိုင်ရာ မြေပြင်ကို ပေးပို့တာရှိတယ်။ သတင်းခိုင်မာမှု ရှိမရှိကို မြေပြင်က အဖွဲ့တွေနဲ့ တိုက်ဆိုင် စစ်ဆေးတယ်။ မြေပြင်ကအဖွဲ့တွေက ရိက္ခာလမ်းကြောင်း၊ လူကြီးလမ်းကြောင်း လာတယ်ဆိုတာမျိုးမှာ မှန်ကန်တယ်ဆို ကျွန်တော်တို့ ပြန်ပြောတယ်။ သတင်းပေးတွေက တကယ်ကောင်းတဲ့ ခိုင်မာတဲ့သတင်းပေးဆိုရင် ကျွန်တော်တို့ဘက်က အသိအမှတ်ပြုလုပ်ပေးပါတယ်။

မေး။ ။ စစ်ကောင်စီက တပ်တွင်းသတင်းပေးတွေ၊ တပ်ပြေးများနေတဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ တပ်တွင်း ဘာတွေလုပ်ဆောင်နေတယ်လို့ သိရပါလဲ။

ဖြေ။ ။ ဒီအချိန်မှာတော့ CDM များများမလုပ်ဖို့ အောက်ခြေတပ်သားတွေကို ချော့ပေါင်းလာရတယ်။ ခရီးသွားလို့မရအောင် မှတ်ပုံတင်တွေ သိမ်းထားကြတယ်။ အပြင်ကို ကိစ္စရှိလို့လွှတ်တယ်ဆို တစ်ယောက်တည်း မလွှတ်တော့ဘူး။ တပ်အပြင်ကို လုံခြုံရေးအကြောင်းပြပြီး အပြင်ထွက်ရင် အန္တရာယ်ရှိတယ်တို့ မင်းတို့ အပြင်မသွားနဲ့ အန္တရာယ်ရှိလို့ မသွားခိုင်းတဲ့ပုံစံမျိုးတွေနဲ့ မသွားခိုင်းတာ၊ တစ်ယောက်တည်း မလွှတ်တော့တဲ့ အခြေအနေမျိုးတွေ ရှိလာတယ်။ မှတ်ပုံတင်တွေ သိမ်းထားတာမျိုးတွေ Smart Card လိုမျိုးတွေ ပြောင်းလဲ လုပ်ကိုင်တာတွေ မနှစ်က ပညာသင်ကာလမှာ CDM ဝင်သွားသူတွေများတယ်။ ဒီနှစ် တပ်မတော်သားတွေကို ပညာသင်ခွင့်၊ စာမေးပွဲဖြေဆိုခွင့်၊ အဝေးသင်တက်ခွင့်တွေက အစ အကုန်ပိတ် ထားတယ်။ အဓိကက တပ်ပြေးတွေ ပိုများလာမှာကို သူတို့ဘက်(စစ်ကောင်စီ) စိုးရိမ်နေတာ။ ဒါပေမဲ့ တကယ်ထွက်ချင်သူကတော့ နည်းမျိုးစုံနဲ့ ကျွန်တော်တို့ဆီ ရောက်လာမှာပဲ။

မေး။ ။ လက်ရှိတပ်ထဲမှာ တာဝန်ထမ်းဆောင်နေဆဲ တပ်သားနဲ့မိသားစုတွေ၊ CDM တပ်သားနဲ့မိသားစုတွေရဲ့ ဘဝအခြေအနေက ဘယ်လိုကွာခြားမှုတွေ ရှိနေပါလဲ။

ဖြေ။ ။ အရမ်းကွာသွားပြီ။ တပ်ထဲမှာ တပ်ကြပ်ကြီးတစ်ယောက်ဆို နှစ်သိန်းတစ်သောင်းလောက်ရတယ်။ စုကြေးငွေ ဖြတ်တယ်၊ အသက်အာမခံကြေးတွေ ဖြတ်တယ်၊ ကိုဗစ်ချေးငွေတွေ ဖြတ်တယ်၊ အခြားသာရေးနာရေး ကြေးတွေ ဖြတ်တယ်။ တပ်ကြပ်ကြီးတစ်ယောက်ဆို များသောအားဖြင့် ကလေးတစ်ယောက်ရှိမယ်၊ မိသားစု သုံးလေးယောက်လောက်တော့ ရှိနေတယ်။ တစ်လလုံးမှာ လေးသောင်းလောက်နဲ့ ဘယ်လိုများစားမလဲ။ CDM က ဘာမှ တာဝန်ထမ်းဆောင်စရာလည်း မလိုဘူး။ စစ်သားတစ်ယောက်က CDM ဝင်လာရင် လူလွတ်တစ်ယောက် ဆိုရင် တစ်သိန်း ရတယ်။ နောက်က မိသားစုပါလာရင် နှစ်သိန်း ရတယ်။ ကလေးတစ်ယောက်ပါလာရင် သုံးသိန်း ဖြစ်သွားမယ်။ ကလေးနှစ်ယောက်ပါလာရင်လေးသိန်း ဆိုလိုတာက တစ်သိန်းကနေ လေးသိန်းအထိ ပေးတယ်။

ဒါက ဒီဘက်မှာ ဘာတာဝန်မှ ပြန်ထမ်းဆောင်စရာ မလိုဘူး။ တပ်ထဲမှာက နှစ်သိန်းတစ်သောင်းလောက် ပေးထားတယ်။ ဟိုကြေးဒီကြေးတွေဖြတ်နဲ့ဆိုတော့ သူတို့လေးသောင်းခွဲလောက်ပဲ ကျန်တယ်။ ဒီအပြင်ကို သူတို့မိသားစုတွေက တာဝန်ထမ်းဆောင်ရသေးတယ်။ ကင်းစောင့်ရတာက အစ တပ်ထဲကလူတွေ သိတယ်။ ဒီဘက်မှာတော့ ထောက်ပံ့တာတွေလည်း ရသေးတယ်။ ကိုယ့်ဘာသာ လွတ်လပ်စွာ အလုပ်လုပ်ခွင့်လည်း ရသေးတယ်။ ဒီဘက်မှာ အလုပ်လုပ်တယ်။ CDM တွေကပဲ ထောက်ပို့ပြန်လုပ်တာ ရှိသေးတယ်။ သူတို့ အလုပ်လုပ်တယ်။ ရလာတဲ့ထဲက ပိုလျှံတာကို အချင်းချင်းပြန်ကူညီတာမျိုးတွေ ရှိတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ CDM တွေကို တပ်တွင်းကထွက်ခွာနိုင်အောင် ကူညီပေးနေတဲ့အဖွဲ့တစ်ခုအနေနဲ့ လာမယ့်ပွင့်လင်းရာသီမှာ CDM ဝင်လာနှုန်း ဘယ်လိုရှိနိုင်ပါလဲ။ ဘာကြောင့်လဲဆိုတာ သုံးသပ်ပေးပါဦး။

ဖြေ။ ။ CDM ဝင်လာတဲ့နှုန်းက တိုးလာဖို့ရှိတယ်။ တိုးလာဖို့ဆိုတာက စစ်ကောင်စီဘက်က ဒီနှစ်ဆို ကျောင်းတက်ခွင့် မပေးတော့ဘူး။ ကျောင်းတက်ခွင့် မပေးတော့တဲ့ အခြေအနေမျိုးတွေ ဒီနှစ်စာမေးပွဲဖြေခွင့် မပေးတော့ဘူးဆိုတဲ့ အခြေအနေမျိုးတွေ ပေးတဲ့တပ်တွေလည်း ရှိတယ်။ တပ်မတော်သားတွေက ဘယ်အခြေအနေမှာ ဘယ်လိုမျိုး ထွက်လာတတ်တယ်။ ဘယ်လိုပုံစံမျိုးတွေနဲ့ ထွက်လာတတ်တယ်ဆိုတာ ကျွန်တော်တို့ အချိန်သိထားပြီးသားပါ။ CDM တွေက ဝင်လာဖို့ များတယ်။ ကျွန်တော်တို့အနေနဲ့ CDM ကို ဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ ကျွန်တော်တို့ အရမ်းကြီးမစိုးရိမ်ဘူး။ သူတို့က CDM မဝင်အောင်ဆိုပြီး တပ်ထဲမှာ ပိတ်ထားလေ၊ ကျွန်တော်တို့က ဖရဲသီးအင်အားက တိုးလာလေပဲ။

တကယ်လို့ သူတို့ကို လွတ်လပ်စွာ သွားလာခွင့် ပေးလိုက်တယ်ဆိုရင် CDM ဝင်ချင်တဲ့သူဝင်လို့ ဖွင့်ပေးလိုက်မယ် ဆိုရင် CDM ဝင်နှုန်းတိုးလာမယ်။ သူတို့က ပိတ်ထားလေ ကျွန်တော်တို့အတွက် သတင်းရလေပဲ။ CDM ဝင်လာပြီဆိုရင် ဒီဘက်မှာ ထောက်ပံကြေးတွေ ပေးတယ်။ နေစရာတွေ စီစဉ်ပေးတယ်။ စားစရာရိက္ခာတွေ စီစဉ်ပေးရတဲ့အခါမှာ ကျွန်တော်တို့ဘက်မှာ တော်တော်လေး ဝန်ထုပ်ဝန်ပိုးဖြစ်တယ်။ လာတဲ့လူတိုင်းကို ကူညီမှာ လက်ခံမှာ။သူတို့ပိတ်ထားလေ ဖရဲသီးအင်အားက တိုးလာလေပဲ။ ဖရဲသီးအင်အားက တော်တော်လေးလည်း အင်အားကောင်းတယ်။ MOD ကို တိုက်ရိုက်ပေးနေတဲ့သူတွေလည်း ရှိပါတယ်။

သံလွင်တိုင်မ်း ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here