မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ခုမှ တာဝန်ခံအမျိုးသမီးတစ်ဦးနှင့် အမေးအဖြေ
စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာတဲ့အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်း ၇၀ ရာခိုင်နှုန်းလောက်က ရပ်နားသွားကြတယ်လို့ သိရပါတယ်။ ဆက်လက်လုပ်ကိုင်နေကြတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကလည်း စစ်ကောင်စီရဲ့ စောင့်ကြည့်ခံရတာ၊ ဖမ်းဆီးစစ်ဆေးခံရတာ၊ ခြိမ်းခြောက်ခံရတာတွေ ဆက်တိုက်ရှိလာတာကြောင့် လွတ်မြောက်နယ်မြေဘက်ကို တိမ်းရှောင်ပြောင်းရွှေ့သွားကြတာတွေလည်းရှိနေပါတယ်။ အထူးသဖြင့် သင်္ကြန်နောက်ပိုင်းမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းကလူတွေ ဖမ်းဆီးခံရတာတွေ ဝရမ်းထုတ်ခံရတာတွေလည်း ဆက်တိုက်ရှိလာခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများ ရပ်တည်နေရတဲ့အခြေအနေ၊ စစ်ကောင်စီက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို ဘယ်လိုခြိမ်းခြောက်မှုတွေနဲ့ တင်းကျပ်လာတာလဲ စတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး၊ ပညာပေးရေး၊ ပြည်သူ အကျိုးဆောင်လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အမည်မဖော်လိုသော မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ခုက တာဝန်ခံအမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မွန်ပြည်နယ်အတွင်းက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ဘယ်လိုရပ်တည်နေရလဲ။
ဖြေ ။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျမတို့ လူမှုအဖွဲ့အစည်းတွေက ဆက်လုပ်နေတာတွေရှိတယ်။ အခုထိလည်း လုပ်နေတာရှိတယ် ဒါပေမယ် ပေါ်ပေါ်ထင်ထင်တော့ လုပ်လို့မရဘူး။ ဖမ်းဆီးခံနေရတာတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် ရှောင်ပြီးလုပ်နေရတာပေါ့ အဲလိုတော့ရှိတယ်။ ဥပမာ ဝန်ဆောင်မှု အမျိုးသမီးနဲ့ ကလေး ဒီအလုပ်တွေလည်း သူတို့ မဖမ်းဘူးလို့ပြောလို့မရဘူး။ ဆိုတော့ ပြည်သူအကျိုးပြု၊ အမျိုးသမီးအကျိုးပြု အဖွဲ့ဆိုပြီးမဖမ်းဘူးဆိုတာမပြောနိုင်ပါဘူး။ ဒီလူတွေလည်း အာဏာသိမ်းပြီးကတည်းက လျှို့ဝှက်လုပ်ဆောင်နေရတယ်။ ပေါ်ပေါ်ထင်ထင်လုပ်လို့မရဘူး။ ပြည်သူအကျိုးပြုအလုပ်တွေ ပြည်သူအတွက် လုပ်တဲ့အလုပ်တွေက နိုင်ငံရေးနဲ့ မသက်ဆိုင်လို့ လုပ်သင့်လုပ်ထိုက်တယ်ဆိုပေမယ့် လုပ်လို့မရဘူး။ အာဏာသိမ်းပြီး ဘယ်လောက်မှမကြာဘူး ၊ CSO တွေကို အကျပ်ကိုင်ဖို့ ဥပဒေတွေထုတ်ပြီးတော့ အစည်းအဝေးခေါ်တယ်။ ကျမတို့အဖွဲ့ကိုလည်း ခေါ်တယ်။ ဒါပေမယ့် ကျမတို့က ဒီလိုမျိုး ဆန္ဒပြသူတွေကို လက်နက်နဲ့ ဖြိုခွင်းနေတာ အကောင်းပကတိဖမ်းသွားပြီးတော့မှ အလောင်းပဲ ပြန်ပေးနေတာတွေ ။ ဒါကို ကြည့်ပြီးတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုပြီး သူတို့ခေါ်တဲ့အစည်းအဝေးကို မသွားဘူး။ ကျမတို့အလုပ်ကိုလည်း ပေါ်ပေါ်ထင်ထင်မလုပ်ရဲတော့ဘူး။ ကျမတို့လည်း သူတို့ အကျပ်ကိုင်မယ် ကျမတို့ကို အသုံးချတော့မယ်ဆိုတာကို သိနေလို့ ကျမတို့က low profile နဲ့ပဲ လုပ်လာခဲ့တယ်။ ကျမတို့ထင်ထားတဲ့အတိုင်းပဲ ဥပဒေထွက်လာတယ်။ ပြောရရင် ကျမတို့မွန်မှာ register ပြန်တင်တဲ့အဖွဲ့တွေရှိတယ်။ ဒါပေမယ့် အဲဒီအဖွဲ့တွေလည်း register မကျဘူးလို့ ကြားတယ်။ register မကျဘူး သူတို့လည်း ပေါ်ပေါ်ထင်ထင်လဲ လုပ်လို့မရဘူး။
မေး ။ ။ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ထက်မှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ဘယ်လို တင်းကျပ်ခံနေရလဲ။
ဖြေ ။ ။ ခြိမ်းခြောက်ခံရတယ်။ ကျမတို့ တချို့အဖွဲ့သားတွေဆို စစ်တပ်အာဏာသိမ်းမှုတွေကြောင့် နားသွားတာ။ ဒီအလုပ်ကိုမလုပ်တော့ဘူးဆိုပြီး ထွက်သွားတာတွေလည်းရှိတယ်။ အရှုပ်မခံတော့ဘူး။ ပြန်တည်ငြိမ်လာရင် ပြန်လုပ်မယ်ပေါ့။ လုံခြုံရေးအတွက် ကျမတို့လည်း ခွင့်ပြုပေးတယ်။ တချို့ ကျောင်းတက်ပြီး အဖွဲ့အစည်းမှာ တစ်နှစ်ပြန်လုပ်ရမှာဆိုပေမဲ့ ကျမတို့က နားလည်ပေးရတယ်။ သူတို့မလုပ်ဘူးဆိုရင်လည်း သူတို့လုံခြုံ ရေးအတွက် ကျမတို့ကို ဆက်မလုပ်ပေးနိုင်ဘူး အဲလိုလည်းရှိတယ်။ ဘာလို့လည်းဆိုတော့ ကျမတို့လဲ တာဝန်မယူနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ခြိမ်းခြောက်မှုတွေက ရှိနေတယ်။ မြင်နေရတာပဲ ဘာပြစ်မှုမှမရှိဘဲ ၅၀၅ တပ်လိုက်တယ်။ ပြီးတော့ ညပိုင်းဧည့်စာရင်းစစ်တာ အင်းအားနဲ့ လက်နက်နဲ့ ဧည့်စာရင်းစစ်တာ အထူးသဖြင့် လူမှုအဖွဲ့အစည်းတွေနဲ့ နီးစပ်သူတွေ လူမှုအဖွဲ့အစည်းမှာ လုပ်ဖူးတဲ့လူတွေဆို ပိုစစ်ခံရတယ်။ ဒါကလည်း ခြိမ်းခြောက်တာပါပဲ၊ နောက် ညပိုင်းအချိန်မတော် ဖုန်းဆက်ပြီး ခြိမ်းခြောက်တာတွေရှိတယ်။ ဒီလိုမျိုး ခြိမ်းခြောက်လာတာရှိတယ်။
မေး ။ ။ ဆိုတော့ ဒီလိုမျိုး ခြိမ်းခြောက်ခံရမှုတွေက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုအပေါ် ဘယ်လိုအကျိုးသက်ရောက်လာလဲ။
ဖြေ။ မလုပ်ရဲကြတော့ဘူး။ ၁၀၀ ရာခိုင်နှုန်းမှာ အခုဆိုရင် ၃၀ ရာခိုင်နှုန်းလောက်ပဲ လှုပ်ရှားနိုင်တော့တယ်။ မလုပ်ရဲတဲ့လူတွေက များတယ်။ ဒါပေမယ့် ကျမတို့လည်း အပြစ်မပြောချင်ဘူး။ သူသူ ငါငါ အကုန်ကြောက်နေကြတာပဲလေ၊ ဒါပေမယ့် လွတ်လားဆိုတော့ မလွတ်ဘူး။ ဟိုဟာ ပိတ်ပင် ဒီဟာပိတ်ပင် သွားတာ လာတာလဲ စစ်ဆေးခံရ။ ဝမ်းနည်းတာကို ဝမ်းနည်းကြောင်းတောင် ဖေ့ဘွတ်မှာတင်လို့ မရဘူးဆိုတော့ အများကြီးတော့ တင်းကျပ်လာတာပေါ့။ ဆက်လုပ်နေတဲ့လူတွေက ရှိနေတယ်။ တချို့ ဒီအတိုင်းနေလဲ ဘာမထူးဘူး ဘာမှမလုပ်လဲ ဖိနှိပ်ခံနေရတာပဲဆိုပြီး ခံယူချက်ရှိသူတွေက ဆက်လုပ်နေတာရှိတယ်။ ဝန်ဆောင်မှုအပိုင်းဆိုရင် အများကြီး လျော့ကျလာတယ်။ အရင်ကဆို ဘယ်သူ ဘယ်အချိန်ပဲ ဖုန်းဆက်လာဆက်လာ အကုန်သွားတယ်။ အခုဆိုရင် verify လုပ်နေရတယ်။ ဖုန်းဆက်လာတဲ့လူက ဘယ်သူလဲ၊ စကစနဲ့ ချိတ်ဆက်မှုရှိလား သူတို့လူလား အဲလိုပေါ့ သေချာ စိစစ်ပြီးမှ ကူညီရတာ။ အဲလိုအခြေအနေရှိတယ်။
IMNA-ပေးပို့သည်။