
ဖားကန့်၊ မဂေါင်းတောင်ကျေးရွာမှ မတရားသတ်ဖြတ်ခံလိုက်ရတဲ့ အရပ်သားပြည်သူ ၉ ဦး အမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသည့် “အမှုမှန်ပေါ်ပေါက်ရေးကော်မတီ” မှ တာဝန်ရှိသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
ကချင်ပြည်၊ ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာတွင် အရပ်သားပြည်သူ ၉ ယောက် သတ်ဖြတ်ခံခဲ့ရတဲ့အမှုသည် အခု ၂၀၂၄ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ တစ်နှစ်ပြည့်သွားပြီ ဖြစ်ပေမယ့် တရားမျှတမှု မရရှိသေးပါဘူး။ အမှုမှန်ပေါ်ပေါက်ရေးအတွက် တာဝန်ရှိတဲ့ KIO/KIA ဘက်က တစုံတရာ လုပ်ဆောင်ပေးခြင်း မရှိသေးဘူးလို့ သိရသည်။
ထိုအရပ်သားပြည်သူ ၉ ယောက်ဟာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး KIO/KIA အနေနဲ့ အဲဒီအမှုကို စစ်ဆေးဖို့ KIO ဗဟိုဌာနချုပ်မှာ တရားရုံးဖွင့်လှစ်ပြီး စတင်စစ်ဆေးတာတွေ ရှိခဲ့ပေမယ့် ၂၀၂၃ ခုနှစ် ဇူလိုင်လလောက်မှာပဲ ပြန်ရပ်ဆိုင်းလိုက်တယ်လို့ဆိုသည်။
အမှုစစ်ဆေးမှု ရပ်ဆိုင်းလိုက်သည့် ၇ လအတွင်း၌ ပြည်သူလူထုဘက်ကနေ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဖွဲ့စည်းထားသော အဖွဲ့အစည်းဘက်က တာဝန်ရှိသူတွေနှင့် မိသားစုဝင်တွေကို ပြန်လည်အကြောင်းကြားလာတာ မရှိဘဲ အမှုကျန့်ကြာနေဆဲ ဖြစ်တယ်လို့ သိရသည်။
သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သား ၉ ယောက်ဟာ မဂေါင်တောင်ကျေးရွာရှိ စိုက်ခင်းတစ်ခုမှာရှိနေကြစဉ် ည ၈ နာရီလောက်မှာ KIA နှင့် PDF တပ်ဖွဲ့တွေက ရှမ်းနီတပ် SNA နှင့် ဆက်နွယ်ပတ်သက်မှုရှိတယ်လို့ ထင်မှား စွပ်စွဲပြောဆို ဖမ်းဆီးသွားပြီးနောက် KIA တပ်ရင်း ၂၀ နယ်မြေထဲ သတ်လိုက်တာဖြစ်ကြောင်း သိရသည်။
အခုလို KIO/KIA ဘက်က အမှုကြန့်ကြာအောင် လုပ်ဆောင်နေသည့်အပေါ် သတ်ဖြတ်ခံရသူတွေရဲ့ မိသားစုဝင်တွေဘက်က ရပ်တည်ပြီး အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးနေသည့် “အမှုမှန်ပေါ်ပေါက်ရေးကော်မတီ” က တာဝန်ရှိသူတစ်ဦးနှင့် ထိုအမှုနဲ့ပတ်သက်သည့် နောက်ဆုံးအခြေအနေများကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ မဂေါင်းတောင်မှာ အရပ်သားပြည်သူ ၉ ယောက် သတ်ဖြတ်ခံရတဲ့ အမှုနဲ့ပတ်သက်ပြီး နောက်ဆုံး အခြေအနေလေး ပြောပေးပါအုံး။
ဖြေ။ ။ KIO/KIA ဘက်ကနေ ဒီအမှုကို ဖြေရှင်းစစ်ဆေးပေးဖို့အတွက် KIO လိုင်ဇာဌာနမှာ သီးသန့် တရားရုံးတစ်ခု ဖွင့်လိုက်တယ်။ အဲဒါပြီးနောက် တရားရုံးမှာ စစ်ဆေးတာတွေ စတင်လုပ်လာတယ်။ စစ်ဆေးတာ မကြာဘူး၊ ၂၀၂၃ ဇူလိုင်လလောက်မှာ တိုက်ပွဲတွေဖြစ်လာလို့ ပြန်ရပ်လိုက်တယ်။
မေး။ ။ ဒါဆို KIO/KIA ရဲ့ တရားရုံးကနေ ဘယ်အဆင့်ထိပဲ လုပ်ဆောင်နိုင်သေးတာလဲ။
ဖြေ။ ။ မြန်မာလိုပြောရမယ်ဆိုရင် တရားလိုနဲ့ တရားခံပေါ့။ သူတို့ ဒီသတ်ဖြတ်ခံရတဲ့ မိသားစုဝင်တွေကိုပဲ စစ်ဆေးမေးမြန်းတဲ့ အဆင့်ပဲရှိသေးတာ။ တရားခံတွေကို မေးမြန်းတဲ့အဆင့်တောင် မရောက်သေးဘူး။ သူတို့ပြန်ခေါ်လာမယ်ဆိုပြီး ရပ်နားလိုက်တာ။ အခု တစ်နှစ်ပြီးသွားတဲ့အထိပါပဲ။
မေး။ ။ ဒါဆိုရင် KIO/KIA ဘက်ကနေ အမှုစစ်ဆေးတာကို ရပ်နားလိုက်တာ အခုဆိုရင် ၇ လလောက် ရှိသွားပြီ။ ပြီးရင် KIO လိုင်ဇာဌာချုပ်ရှိတဲ့ နယ်မြေတွေဘက်မှာလည်း တိုက်ပွဲတွေလည်း တဖန်ပြန်ငြိမ်သွားတာကို တွေ့ရတယ်။ တစ်နှစ်ပြည့်သွားတဲ့အထိ ဘာမှထူးခြားလာတာ မရှိသေးဘူးဆိုတော့ ဘာကြောင့်လို့ထင်ပါလဲ။
ဖြေ။ ။ အချိန်လည်း တအားကြာလာတော့ ခံစားရတာပေါ့လေ။ ဒီအမှုကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ ကြန့်ကြာသွားအောင် မေ့ပျောက်သွားအောင်ဆိုပြီး လုပ်လာတယ်လို့မြင်တယ်။ တကယ်ပဲ တဖက်မှာ တိုက်ပွဲတွေ ဖြစ်နေလို့လားဆိုပြီး တွေးတာမျိုးတော့ရှိပါတယ်။
မေး။ ။ ဒါဆိုရင် လက်ရှိမှာ ဒီအမှုကို အမှုမှန်ပေါ်ပေါက်ဖို့ လုပ်ဆောင်နေတာလည်းဖြစ်တဲ့အတွက် အမှုကို ပြီးပြတ်အောင် လုပ်ဆောင်ပေးဖို့ ဘယ်လိုဆန္ဒရှိနေလဲ။
ဖြေ။ ။ ကျနော်တို့ဘက်က ဖြစ်ချင်နေတာကလေ KIO/KIA ဘက်ကနေ တရားရုံးဖွင့်ပြီး မကြာကြာအောင် စစ်ဆေးမေးမြန်းနေတာကို မလုပ်စေချင်တော့ဘူ။ အဲလိုလုပ်စရာလည်း မလိုဘူးလို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျူးလွန်ထားတဲ့သူတွေက သူတို့တွေပဲဖြစ်တယ်။ ကျူးလွန်ထားတာကို အပြစ်ပေး အရေးယူ အမြန်ဖြေရှင်းလိုက်ရင်ရတဲ့ဟာကို တရားရုံးတွေဖွင့်ပြီး လုပ်နေတာ အရမ်းကြာတယ်။ အချိန်လည်း ပုပ်တယ်။ ဒီလိုမလုပ်စေချင်တော့ဘူး။
မေး။ ။ အဲ့ဒါဆိုရင် တာဝန်ရှိတဲ့ KIO/KIA ကို ဘာပြောချင်ပါလဲ။
ဖြေ။ ။ အခုဆိုရင် စောင့်ရင်းစောင့်ရင်းနဲ့ တစ်နှစ်ပြည့်သွားပြီ။ ထပ်ပြီး ဒီထက်အကြာကြီး မစောင့်ချင်တော့ဘူး။ ဒီအမှုကို အမြန်အပြီးသတ်ဆောင်ရွက်ပေးပါ။
မေး။ ။ နောက် KIO/KIA ဘက်ကနေ တရားရုံးဖွင့်လှစ်ပြီး လုပ်ဆောင်နေတဲ့အပေါ်မှာရော အားရကျေနပ်မှု ရှိလား။
ဖြေ။ ။ ဒါလည်း ပြောချင်နေတာ။ သူတို့ဘက်ကနေ တရားရုံးဖွင့်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ လုပ်ပေးမယ်လို့ ပြောပါတယ်။ ဒါပေမယ့် မြေပြင်မှာ ကျနော်တို့ ပြည်သူလူထုတွေနဲ့ လက်တွဲတာမျိုး မရှိဘူး။ ဒါက လုံးဝ အမှားကြီးတစ်ခုလို့ ပြောလို့ရမယ်။ တကယ်ပဲ တရားမျှတမှုကို လုပ်ပေးမယ်ဆိုရင် သတ်ဖြတ်ခံရတဲ့ မိသားစုဝင်တွေကို ကိုယ်စားပြုတဲ့အဖွဲ့စည်းတွေနဲ့ ချိတ်ဆက်ပြောဆိုတာတွေရမယ်ဖြစ်တယ်။ အခုက လက်တွဲတာလည်း မရှိဘူး။ ကျနော်တို့ကိုတောင် အပြစ်မြင်လာကြတယ်။ တက်လာမယ်လို့ ပြောရင်တောင် မတက်လာနဲ့လို့ ပြောပါတယ်။ ကျနော်တို့ရဲ့လုပ်ရပ်ကလည်း KIO/KIA ကို ထိခိုက်စေလိုတဲ့ လုပ်ရပ်တစ်ခုမှ မပါဘူး။
မေး။ ။ ဒါဆိုရင် KIO/KIA က ဒီအမှုကို အမြန်ဆောင်ရွက်ပေးမယ်လို့ထင်ပါလား။ ဒီထက်ကြန့်ကြာဖို့ ရှိနိုင်လား။ တကယ်လို့ အမြန်လုပ်ဆောင်ပေးတာမရှိဘူးဆိုရင် ဆက်ပြီး ဘာတွေလုပ်ဆောင်သွားဖို့ရှိလဲ။
ဖြေ။ ။ ကျနော်တို့ကလေ ဘာကြောင့် ဒီလိုကိုယ့်လူမျိုးအချင်းချင်း သတ်ဖြတ်မှု ဖြစ်သွားတဲ့အထိ ဖြစ်ခဲ့ရသလဲ။ အဓိက ဒါကိုသိချင်တယ်။ သတ်ဖြတ်ခံရတဲ့ မိသားစုဝင်တွေကို တာဝန်ယူဆောင်ရွက်ပေးတာတွေ လုပ်စေချင်တယ်။ ဒါတွေမလုပ်ပေးသရွေ့က တရားမျှတမှု ရရှိဖို့အတွက် လုပ်သွားမှာပဲ။
မေး။ ။ တဖက်မှာ သတ်ဖြတ်ခံရတဲ့ဖြစ်စဉ် ဖြစ်သွားတာက တစ်နှစ်လည်းပြည့်သွားပြီ။ ဒီဟာနဲ့ပတ်သက်ပြီး အမြန်ဖြေရှင်းပေးဖို့ မိသားစုဝင်တွေဘက်ကရော ဖိအားပေးတောင်းဆိုတာမျိုး ရှိပါလား။
ဖြေ။ ။ မိသားစုဝင်တွေဘက်ကလည်း ပြောတယ်။ အခုချိန်အထိ အကြောင်းမကြားလာဘူးလား။ ခဏခဏ မေးလာကြတယ်။ မိသားစုဝင်တွေပဲ မဟုတ်ဘူး။ သတင်းဌာနကသူတွေ အဖွဲ့အစည်းတွေဘက်ကလည်း မေးမြန် လာတာရှိတယ်။ သူတို့ဘက်က ဘာမှပြောလာတာမရှိတော့ တဖက်ကို ဘာမှပြန်ပြောပြလို့မရတဲ့ အခြေအနေမှာ ရှိနေတာပေါ့လေ။
မေး။ ။ နောက်တစ်ခုက ပြစ်မှုကျူးလွန်ထားတဲ့သူတွေကို KIA က လိုင်ဇာဌာနချုပ်မှာ ဖမ်းဆီးထားတယ်လို့ ကြားတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေကြားမိသေးလဲ။
ဖြေ။ ။ ပြစ်မှုကျူးလွန်တဲ့သူတွေက အားလုံး ၁၅ ယောက်လောက် ပါဝင်တယ်လို့ ကြားတယ်။ ဒါပေမယ့် ၉ ယောက်ပဲ ဟိုမှာထိန်းသိမ်းထားတယ်လို့ ကြားတယ်။ သူတို့တွေကိုလည်း လွတ်လွတ်လပ်လပ် လွှတ်ထားကြတယ်လို့ ပြောတယ်။ တချို့က ထွက်ပြေးသွားလို့ မမိသေးဘူးလို့လည်း ကြားတယ်။
မေး။ ။ အဲ့ဒါဆိုရင် သတ်ဖြတ်မှု တစ်နှစ်ပြည့်သွားတဲ့အထိ KIO/KIA ဘက်နေ တာဝန်ယူပြီး လုပ်ဆောင်ပေးခဲ့တာ ရှိလား။
ဖြေ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIO/KIA ဘက်ကနေ တာဝန်ယူလုပ်ပေးတာ ဘာတစ်ခုမှမရှိသေးဘူး။ အဆိုးဆုံးလို့ ပြောရရင် သတ်ဖြတ်ခံရတဲ့သူတွေကိုလည်း အခုချိန်ထိ တစုံတရာ လာရောက်ပြောဆို တာဝန်ယူပေးတာ မရှိသေးဘူး။ သူတို့လုပ်ပေးတာဆိုလို့ သူတို့ကိုယ်တိုင် သတ်ဖြတ်ထားတဲ့ ၉ ယောက်ရဲ့ ရုပ်အလောင်းကို သွားထုတ်ပေးတယ်။ နောက်တစ်ခုက KIO လိုင်ဇာမှာ တရားရုံးဖွင့်ပြီး စတင်စစ်ဆေးတာ ဒါပဲရှိသေးတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ဒီအမှုဟာ ကချင်လူထုတွေကြားမှာ အားလုံးကသိချင်နေကြတဲ့ ကိစ္စရပ်တစ်ခုလည်း ဖြစ်တယ်။ ပြီးရင် ဒီအမှုကို အမှုမှန်ပေါ်ပေါက်လာအောင် ပြည်သူလူထုကို ဒီကနေဘာပြောချင်ပါလဲ။
ဖြေ။ ။ တချို့က ဒီအမှုကို တရားမျှတမှု ရရှိအောင်ဆိုပြီး ကျနော်တို့ဘက်ကနေ အမှုမှန်ပေါ်ပေါက်ရေး ကော်မတီဆိုပြီး ဖွဲ့စည်းထားတယ်။ ဒါကို မကောင်းမြင်ပေးတဲ့သူတွေ ရှိတယ်။ KIO/KIA ကို တိုက်ခိုက်လို့ဆိုပြီး ပြောကြတယ်။ ဒါကြောင့် တချို့ကကြောက်ပြီး မပါဝင်ချင်ကြတဲ့သူတွေ ရှိတယ်။ ပြောချင်တာက ကျနော်တို့က တိုက်ခိုက်တာလည်း မဟုတ်ဘူး။ ဘာအကျိုးအမြတ်ရဖို့ လုပ်နေတာလည်း မဟုတ်ဘူး။ အဓိက သတ်ဖြတ်ခံရတဲ့ မိသာစုတွေအတွက် တရားမျှတမှုရရှိအောင် အမှုမှန်ကို သိရှိအောင်လောက်ပဲ။ ဒါကြောင့် အားလုံးက သိရှိ နားလည်စေချင်တယ်။ KIO/KIA အနေနဲ့ နောက်နောင်ဒီလိုမျိုး လူသတ်မှု မကျူးလွန်အောင် သိရှိကြဖို့ပဲဖြစ်တယ်။
KNG ပေးပို့သည်။