1 ဇူလိုင် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ဘယ်သူမှ ဝင်မစွက်ဖက်ဘူးဆိုတာက သူ့ကိုယ်သူ မပါပါဘူး။ သူကတော့ ဝင်စွက်ဖက်နေတာပဲ။ ဒါပေမယ့် တခြားအင်အားစုတွေကို ဝင်မစွက်ဖက်နဲ့ သူမှတပါး အခြားအင်အားစုတွေ ဝင်စွက်ဖက်တာ...

“ဘယ်သူမှ ဝင်မစွက်ဖက်ဘူးဆိုတာက သူ့ကိုယ်သူ မပါပါဘူး။ သူကတော့ ဝင်စွက်ဖက်နေတာပဲ။ ဒါပေမယ့် တခြားအင်အားစုတွေကို ဝင်မစွက်ဖက်နဲ့ သူမှတပါး အခြားအင်အားစုတွေ ဝင်စွက်ဖက်တာ လက်မခံဘူးဆိုတဲ့ သဘောထားကို ပြောင်ပြောင်တင်းတင်း ဖော်ထုတ်လာတာ ဖြစ်ပါတယ်” ဦးသန်းစိုးနိုင်/ မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူ

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေအပေါ်ထားရှိသည့် တရုတ်အစိုးရသဘောထားမှန်နှင့်ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ဦးသန်းစိုးနိုင်နှင့် ဆက်သွယ်မေးမြန်းချက်။

တရုတ်အစိုးရက စစ်ကောင်စီပြုတ်ကျသည်ကို မလိုလားကြောင်း မြောက်ပိုင်းအဖွဲ့ (ကိုးကန့်တပ်ဖွဲ့/ MNDAA နှင့် ‘ဝ’ တပ်ဖွဲ့/ UWSA) တို့အပေါ် ဖိအားပေးပြောဆိုမှု၊ ခြိမ်းခြောက်မှုနှင့် ပိတ်ဆို့မှုတို့ကို လုပ်ဆောင်ခဲ့သည်ဆိုသော မှတ်တမ်းများ ထွက်ပေါ်လာခဲ့သည်။

တဖက်တွင်လည်း မြန်မာစစ်တပ်က မြန်မာနိုင်ငံကို တည်ထောင်ထားသူဖြစ်ပြီး NUG သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက စစ်တပ်ကို အစားထိုးလို့ မရနိုင်ဘူးဟုဆိုပြီး တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက UWSA “ဝ” ခေါင်းဆောင်တချို့ကို ဩဂုတ်လနှောင်းပိုင်းတွင် ပြောဆိုခဲ့သည်။

ယခုလိုမျိုး တရုတ်အစိုးရက လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေအပေါ်ထားရှိသည့် သဘောထားမှတ်ချက် မှတ်တမ်း ထွက်ပေါ်လာမှုသာမက မြန်မာနိုင်ငံတစ်ဝန်း စစ်အာဏာရှင်တော်လှန်ရေးနှင့်ပတ်သက်ပြီး တရုတ်အစိုးရ သဘောထားအမှန်အပေါ် လေ့လာသုံးသပ်နိုင်ရန် မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူ ဦးသန်းစိုးနိုင်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းရဲ့ ဒီလိုမျိုးပြောဆိုမှုဟာ ဘာကြောင့်လို့မြင်ပါလဲ။

ဖြေ။ ။ တရုတ်က “ဝ” နဲ့ ဆွေးနွေးတယ်ဆိုတာက ဒါကတော့ နယ်စပ်ဒေသမှာ သူ့ကိုမှီခိုနေရတဲ့ အင်အားစုဖြစ်တဲ့အတွက် “ဝ” အဖွဲ့ကတော့ တရုတ်မူဝါဒတွေအတိုင်း လုပ်ဆောင်နေရတဲ့ အစဉ်အလာဖြစ်နေတော့ အခု FPNCC ဆိုတဲ့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်း၊ လက်နက်ကိုင်အဖွဲ့အစည်း နှစ်ဖွဲ့ စုစည်းမှုကလည်း တရုတ်ရဲ့ လမ်းကြောင်းပိတ်မှု ပေါ်လာတာပေါ့နော်။

အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်ကလည်း “ဝ” ဖြစ်ပါတယ်။ အဲဒီ တရုတ်အနေနဲ့ သူလုပ်ချင်နေတဲ့ နိုင်ငံရေးမူဝါဒတွေ အကောင်အထည်ပေါ်ရေးကိစ္စတွေ တရုတ်က “ဝ” ကနေ တဆင့် အကောင်အထည်ဖော်နေတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကတော့ သူတို့ရဲ့တွေ့ဆုံမှုဟာ သိပ်ပြီးတော့ ထူးခြားတယ်လို့ ကျွန်တော်တော့မယူဆဘူး။ ဒါက ပုံမှန်ဖြစ်နေကြ ပြောဆိုနေကြကိစ္စသာဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။

မေး။ ။ ဒါဟာ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် တရားဝင်ကြေညာထားတဲ့ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်မဖက်ရေးမူနဲ့ကင်းကွာပြီး နောက်ကွယ်မှာ စစ်ကောင်စီဘက်ကို ရပ်တည်နေတာမျိုးဖြစ်နေပြီလား၊ သုံးသပ်ပေးပါဦး။

ဖြေ။ ။ တရုတ်ပြည်အနေနဲ့ သူတို့အကျိုးစီးပွားတွေကို မြန်မာပြည်မှာ အကောင်ထည်ဖော်ဖို့အတွက် သူ့အတွေ့အကြုံအရ အားအကိုးရဆုံးအင်အားစုဟာ စစ်ခေါင်းဆောင်တွေဖြစ်ပါတယ်။ စစ်ခေါင်းဆောင်တွေနဲ့ စကားပြောရင် သူတို့ (တရုတ်) လိုချင်တာ‌တွေပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့လို အရပ်သားအစိုးရအနေနဲ့ ဆိုရင် သူ့အနေနဲ့ ပြောရဆိုရတာခက်တယ်။ အကျပ်အတည်း တွေ့တယ်။ တတ်နိုင်လို့ရှိရင် စစ်တပ်နဲ့ပဲ ဆက်ဆံ ချင်တယ်။ အဲဒါကြောင့် နှိုင်းယှဉ်မှုပြောရလို့ရှိရင် စစ်တပ်ဆက်လက်တည်ရှိရေးဟာ တရုတ်က မြန်မာနိုင်ငံမှာ သူ့အကျိုးစီးပွားတွေ အကောင်အထည်ဖော်ရေးအတွက် အရေးကြီးတဲ့အနေအထားဖြစ်ပါတယ်။

အဲဒါကြောင့်လည်း စစ်တပ်ကို ကာကွယ်ပေးပြီးတော့ စစ်တပ်မရှိရင် တိုင်းပြည်က ဝရုန်းသုန်းကားဖြစ်နေမယ်။ ဒါကြောင့် စစ်တပ်ကို NLD နဲ့ အစားထိုးလို့မရဘူးလို့ သူတို့ပြောနေတာဖြစ်ပါတယ်။ အဲဒီတော့ တရုတ်က အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အသိအမှတ်ပြုတယ်။ ဒါတွေကို ဘယ်သူမှ ဝင်မစွက်ဖက်ဘူးဆိုတာက သူ့ကိုယ်သူ မပါပါဘူး။ သူကတော့ ဝင်စွက်ဖက်နေတာပဲ။ ဒါပေမယ့် တခြားအင်အားစုတွေကို ဝင်မစွက်ဖက်နဲ့ သူမှတပါး အခြားအင်အားစုတွေ ဝင်စွက်ဖက်တာ လက်မခံဘူးဆိုတဲ့ သဘောထားကို ပြောင်ပြောင်တင်းတင်း ဖော်ထုတ်လာတာ ဖြစ်ပါတယ်။

မေး။ ။ ကိုးကန့် MNDAA ရော ၊ “ဝ” UWSA ရော တရုတ်အထူးကိုယ်စားလှယ်ရဲ့ ဖိအားပေးပြောဆိုမှုတွေက စစ်အာဏာရှင်စနစ် ပြုတ်ကျရေးမှာ ဘယ်လိုမျိုး သက်ရောက်မှုတွေ ရှိလာနိုင်မလဲ။

ဖြေ။ ။ အဲဒီအင်အားစုတွေကတော့ နှစ်ဖက်မျက်နှာလုပ်နေရတာပေါ့လေ။ တဖက်က တရုတ်အလိုကျ တရုတ်ရဲ့မူဝါဒ ပေါ်လစီတွေရယ် အကောင်အထည်ဖော်တဲ့ပုံစံကို ယူထားပြီး တခြားတဖက်က တော်လှန်ရေးအင်အားစုတွေ လက်နက်ကိုင်အင်အားစုတွေကိုလည်း ပံ့ပိုးပေးနေတာပါ။

အဲဒီတော့ “ဝ”၊ “မိုင်းလား” တို့ “ကိုးကန့်” တို့လို သူတို့နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ နေရာတွေမှာတော့ တရုတ်မူဝါဒအတိုင်း အကောင်အထည်ဖော်နေပြီးတော့ အဲဒါနဲ့ အလှမ်းဝေးတဲ့နေရာတွေမှာတော့ သူတို့ရဲ့ ပြည်တွင်းလှုပ်ရှားနေတဲ့ တော်လှန်ရေးလှုပ်ရှားမှု ဦးတည်ချက်တွေအတိုင်း သူတို့ကတော့ ဆက်လက်လုပ်ဆောင်နေတာပါ။ ပြန်မပြော၊ နားမထောင် လုပ်နေတာပေါ့လေ။ အခြေအနေက အဲဒီလို အဲဒါကြောင့် ဆက်ဆံရေးက ရှုပ်ထွေးတယ်လို့ တခါတလေ ထင်စရာရှိတာပေါ့။

မေး။ ။ MNDAA ကလည်း အပစ်အခတ်ရပ်ပြီး တရုတ်ကြားဝင်ပေးမယ့် တွေ့ဆုံရေးကို လက်ခံမယ်ဆိုပြီး ထုတ်ပြောခဲ့တယ်။ စစ်ကောင်စီကလည်း တော်လှန်ရေးအဖွဲ့တွေကို လက်နက်ချခိုင်းပြီး နိုင်ငံရေးဆွေးနွေးဖို့ ကမ်းလှမ်းတယ်။ ဒါပေမယ့် လားရှိုးမြို့ကိုတော့ဗုံးကြဲတာ ဆက်တိုက်လုပ်နေတယ်။ တရုတ်အစိုးရက ဒါကို နှုတ်ဆိတ်နေတယ်။ ဒီအခြေအနေတွေရဲ့ နောက်ကွယ်မှာ တရုတ်ဖိအားလို့ မြင်ပါလား။

ဖြေ။ ။ တရုတ်ကတော့ အဲဒီကိစ္စနဲ့ပတ်သတ်လို့ ရေငုံနှုတ်ပိတ်နေတဲ့ အနေအထားပါ။ ဒါပေမယ့် ဒါကတော့ အပေါ်ယံပါ။ အတွင်းမှာတော့ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး မင်းအောင်လှိုင်ကိုလည်း ဖိအားပေးပါလိမ့်မယ်။ တခုကတော့ ဒီ MNDAA ကို အကြမ်းဖက်အဖြစ် သတ်မှတ်ထားတာကို ကြေညာထားတာ ရပ်ဆိုင်းဖို့၊ လားရှိုးမြို့ကို ဗုံးမကြဲဖို့ ပြောပါလိမ့်မယ်။

အဲဒီလိုပြောရုံနဲ့ မင်းအောင်လှိုင်ကလည်း သူတို့ပြောတဲ့အတိုင်း လက်ခံတာမဟုတ်တဲ့အတွက် ဟိုင်ဂင် ငြိမ်းချမ်းရေးအစည်းအဝေး သဘောတူညီချက်တွေ ပျက်တာ။ အဲဒါကြောင့်ပါ။ ဒါကြောင့် ဒီအတိုင်း ဆက်လုပ်နေရင် လားရှိုးမှာ MNDAA ရှိတာ လက်မခံဘူး။ ဆက်ပြီး ဗုံးကြဲနေမယ်ဆိုရင်တော့ MNDAA ရဲ့ သဘောထားနဲ့ အနေအထားကလည်း ပြောင်းလဲလာလိမ့်မယ်လို့ ယူဆစရာရှိပါတယ်။

မေး။ ။ UWSA ကို တရုတ်အစိုးရက MNDAA အပါအဝင် တော်လှန်ရေးအဖွဲ့တွေကို လက်နက်မရောင်းဖို့၊ အကူအညီတွေမပေးဖို့ ဖိအားပေးနေတာတွေက နွေဦးတော်လှန်ရေးကို နိဂုံးချုပ်စေနိုင်ဖို့ တရုတ်က တွက်ဆထားတာမျိုး ဖြစ်နေမလား။

ဖြေ။ ။ ဟုတ်ပါတယ်၊ သူတို့ကတော့ အဲဒီရည်ရွယ်ချက်ပါပဲ။ သူ့လက်နက်နဲ့သူ ပံ့ပိုးပေးတဲ့ ခဲယမ်းမီးကျောက်တွေ နွေဦးတော်လှန်ရေးအင်အားစုတွေ လက်ထဲမရောက်သွားအောင်က တရုတ်ရဲ့ ရည်ရွယ်ချက်ပါ။ ဒါကြောင့်လည်း အဲဒီဟာတွေကို ကန့်သတ်ပြီးလုပ်နေတာပါ။ ဒါပေမယ့် တကယ့်လက်တွေ့မှာ အဲဒါက မအောင်မြင်နိုင်ပါဘူး။

မေး။ ။ ဒီလိုမျိုး တရုတ်အစိုးရရဲ့သဘောထားအပေါ် တော်လှန်ရေးအစိုးရလို့ ခံယူထားတဲ့ NUG အပါအဝင် စစ်အာဏာရှင်စနစ် ပြုတ်ကျရေးမှာ ပါဝင်နေကြတဲ့ ERO တွေအနေနဲ့ ဘယ်လိုမျိုးရှေ့ဆက်သင့်တယ်လို့ မြင်ပါလဲ။

ဖြေ။ ။ ဒါကတော့ ကျွန်တော်တို့ တရုတ်က ဗမာပြည်နဲ့ ပတ်သတ်တဲ့နေရာမှာ စစ်ကောင်စီကို အာဏာပိုင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး ဆက်ဆံနေသလို တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်းပဲ သူက ကူညီပေးနေတာ၊ ပံ့ပိုးပေးနေတာ ရှိပါတယ်။ အဲဒီတော့ သူက မီးစတဖက် ရေမှုတ်တဖက်နဲ့၊ ဘယ်အင်အားစု အာဏာရလာလာ သူနဲ့ဆက်ဆံရေးမပျက်အောင်၊ သူ့အကျိုးစီးပွား မပျက်အောင် စီးပွားရေးထိန်းသိမ်းပေးနိုင်အောင် သူက အဲဒီမူဝါဒကို ကျင့်သုံးနေတာဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီ ပြုတ်သွားလည်း တရုတ်ပြည်နဲ့ ဗမာပြည်ရဲ့ဆက်ဆံရေးက ဆက်လက်ပြီးတော့ ထိန်းသိမ်းသယ်ဆောင်သွားရမယ်လို့ ကျွန်တော်တို့ယူဆပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။