တိုက်ပွဲပြင်းထန်နေတဲ့ အမ်းမြို့လက်ရှိအခြေအနေ၊ စစ်ရှောင်နေရသည် ဒေသခံများနှင့်ပတ်သက်ပြီး အမ်းဒေသခံအမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ မကွေးလေတပ်က လေယာဉ်များက တိုက်ပွဲဖြစ်ပွားနေသော နေရာများနှင့် အမ်းမြို့ အနီးတဝိုက်ကို ဗုံးကြဲတိုက်ခိုက်နေသည်။
လက်ရှိ၌ တိုက်ပွဲသည် အမ်းမြို့နှင့် နီးကပ်လာသည့်အတွက် အမ်းဒေသခံပြည်သူများသည် ပြည်မဘက်သို့ အမ်း – မင်းဘူးလမ်းကတဆင့် ထွက်ပြေးစစ်ရှောင်နေကြသည်။ လက်ရှိတွင် အမ်းမြို့လူဦးရေ၏ လေးပုံသုံးပုံခန့်သည် စစ်ဘေးရှောင်သွားကြပြီဖြစ်ကြောင်း မြို့ခံသတင်းရင်းမြစ်များက ပြောပါသည်။
ယင်းဖြစ်စဉ်တို့ကြောင့် အမ်းမြို့တွင် လက်ရှိတိုက်ပွဲဖြစ်ပွားနေမှု၊ ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြသည့် နောက်ဆုံးအခြေအနေနှင့်ပတ်သက်ပြီ အမ်းမြို့ခံအမျိုးသမီးတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ လက်ရှိမှာ အမ်းမြို့အခြေအနေ ဘယ်လိုရှိနေပါလဲ။ တိုက်ပွဲက ဘယ်လိုရှိနေပြီလဲ၊ အသံတွေရော ကြားရပါလား။
ဖြေ။ ။ မနေ့က အောက်တိုဘာ ၁၄ ရက်နေ့က တစ်ရက်လုံး လေယာဉ်တွေနဲ့ ဗုံးလာကြဲတယ်။ လေယာဉ်က ကိုယ်တွေရဲ့ အိမ်ခေါ်မိုးပေါ်က ဖြတ်သွားပြီး မြို့နဲ့အနီးဆုံးနေရာတွေကို ဗုံးကြဲလို့ အစ်မတို့ ပုန်းနေရတယ်။ တကယ် ကြောက်တယ်။ အရင်ကထက် မြို့နဲ့နီးနီးကပ်ကပ်ကို ကြားရတာ။ ဘယ်နေရာတွေကို ကြဲနေလဲ အတိအကျ မသိပေမယ့် တကယ့်ကို နီးနီးလေးပါ။
အစ်မငိုတောင် ငိုမိတယ်။ နှလုံးရပ်မတန့်ပဲ ကြောက်မိတာ။ AA ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ စစ်တပ်ကတော့ ထပ်ပြီးဗုံးကြဲတယ်။ အဲသလို အပြန်အလှန် ဖြစ်နေကြတာ။ မနေ့ညကလည်း ည ၁၂ နာရီ ၁ နာရီထိ လက်နက်ကြီး လက်နက်ငယ်ပစ်သံတွေကို နီးနီးက ကြားရတယ်။ တညလုံး မအိပ်နိုင်ဘူး။
မေး။ ။ အမ်းမြို့ရဲ့ဘယ်နေရာတွေကို လေယာဉ်နဲ့ဗုံးကြဲတယ်လို့ ကြားမိပါလဲ။
ဖြေ။ ။ အဓိက စစ်တပ်က သူတို့ရဲ့ စစ်တပ်ပတ်ဝန်းကျင်တွေကို ဦးတည်ပြီး ပစ်နေတာ။ စစ်တပ်နဲ့ကပ်နေတဲ့ ရွာတွေလည်း မနည်းဘူးရှိတာ။ အမ်းမှာက နပခ၊ ခမရ- ၃၇၃၊ ခမရ- ၃၇၁ ၊ COD၊ အမြောက်တပ်၊ ဆေးတပ်တို့ရှိပါတယ်။ ဗုံးကြဲတာကတော့ မြို့ကို လေးဘက်ပတ်ပတ်လည်က စုံအောင်ကြဲတာပဲ။ ဒါးလက်ရွာဘက်တွေလည်း ကြဲတယ်လို့ကြားတယ်။
သူတို့လေယာဉ်က ကြဲတဲ့ဗုံးသံက မြို့ပေါ်က မြေကြီးတွေတောင် တုန်တယ်၊ ထိန့်သွားတယ်။ တော်တော်လေး မြို့နဲ့ အနီးဆုံးကြဲနေတာ။ တပ်အနီးအနား ပတ်ဝန်းကျင်က ရွာတွေကိုကြဲတာက သူတို့စစ်တပ်ထဲကို AA က ဝင်ရောက်မတိုက်ခိုက်နိုင်အောင် ကြဲနေတယ်လို့ ထင်တယ်။ ကျမ အထင်ပြောတာပါ။
မေး။ ။ လက်ရှိမှာ မြို့ခံတွေရဲ့အခြေအနေက ဘယ်လိုရှိပါလဲ။ စစ်ရှောင်သွားကြပြီလား။
ဖြေ။ ။ ဒီရက်ပိုင်း စစ်ရှောင်ကြတယ်။ ကုန်စုံဆိုင်ရောင်းတဲ့သူတွေဆို ပစ္စည်းတွေကို ဈေးလျော့ရောင်းပြီး ပြည်မဘက်ကို ထွက်ဖို့ ပြင်နေကြတယ်။ ဆိုင်ကယ်တစ်စီးကို ၂ သိန်းနဲ့ ရောင်းကြတယ်။ အရင်က ၁၀ သိန်း လောက် တန်တဲ့ဟာက အခု ၂ သိန်း ၃ သိန်းနဲ့ ရောင်းပြီး စစ်ရှောင်ကြရတယ်။ လူတွေက အရမ်းကြောက်ကြ တော့ အခုဆိုရင် မြို့ကနေစစ်ရှောင်ဖို့ ထောက်ခံစာယူတဲ့နေရာမှာ လူတွေအများကြီး တန်းစီးရတဲ့အဆင့်ကို ရောက်နေတယ်။
မေး။ ။ ထောက်ခံစာက ဘာကြောင့်ယူရတာလဲ။ ထောက်ခံစာရဖို့ ဘယ်လောက်ကြာလဲ။
ဖြေ။ ။ အရင်ဆုံး ဆေးထောက်ခံစာတစ်ရွက်ကို တစ်သောင်းတစ်ထောင်။ ပြီးတော့ အုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ ရဲထောက်ခံစာ၊ လဝက ထောက်ခံစာ အများကြီးပဲ ယူရတာ။ ဒါတောင် တစ်ရက်ထဲနဲ့ မရဘူး။ လူများလို့ အနည်းဆုံး တစ်ပတ်ကြာတယ်။ ပြည်သူတွေကို အမ်းမြို့နယ်ဘက်ကို ရှောင်ခွင့်မပေးဘူး။ လမ်းတွေပိတ်ထားတယ်။
မင်းဘူးကို ရှောင်ဖို့ကြတော့လည်း အလွယ်တကူ သွားလို့မရဘူး။ အမျိုးမျိုး ထောက်ခံစာတွေ တောင်းတယ်။ ပိုက်ဆံက လူတစ်ယောက်ကို ထောက်ခံစာပါ၊ ကားခစရိတ်ပါဆိုရင် တစ်သိန်းနီးပါးကုန်တယ်။ သူတို့ တောင်းတဲ့စာရွက်တွေကို မိတ္တူဆွဲရင် စာရွက်တစ်ရွက်ကို သုံးစောင်ဆွဲရတယ်။ မိတ္တူဖိုး ၄ ထောင်ကုန်တယ်။ လူတစ်ယောက်ကို။
မေး။ ။ စစ်ဘေးရှောင်ရတာရော အခက်အခဲတွေရှိလား။ မင်းဘူးကနေအပြင် တခြားနေရာတွေကို သွားလို့ရတယ်လို့ ကြားမိပါလား။
ဖြေ။ ။ ဆွေမျိုးမရှိရင် သိပ်အဆင်မပြေဘူး။ အမ်းကလူတွေ အကုန်လုံး။ ပဒါန်းတို့ မင်းဘူးတို့ကို ရှောင်ကြတယ်။ မင်းဘူးထက်ကျော်လို့ မရဘူးတဲ့။ မင်းဘူးထက်ကျော်ရင် ၁၁ မျဉ်းစောင်းတွေကို အရမ်းစစ်တာ၊ ဝင်ခွင့်မပေးဘူးလို့ ပြောတယ်။
မေး။ ။ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် အခုလိုဖြေကြားပေးတာ။
ဖြေ။ ။ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။
နိရဉ္စရာ ပေးပို့သည်။