စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို တော်လှန်နေတဲ့အထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။ စစ်အာဏာရှင်တိုက်ဖျက်တဲ့နေရာမှာ အမျိုးသမီးတွေ စိန်ခေါ်မှုများခဲ့တဲ့အပြင် ဖိုဝါဒကြီးစိုးမှုတွေ လွှမ်မိုးတဲ့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအတွက် ကန့်သတ်ချက်တွေ များခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် ပပျောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အရေးပါပုံ အမျိုးသမီးတွေ ပါဝင်မှုတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အထွေထွေအတွင်းရေးမှူး – နာင်းမို့မို့နှင့် ဆက်သွယ်မေးမြန်းထားပါတယ်။
မေး – ပထမဦးဆုံးအနေနဲ့ အမျိုးသမီးများအဖွဲ့ချုပ် (WLB) ရဲ့ နိုင်ငံရေး မျှော်မှန်းချက်က ဘာလဲ။
ဖြေ – အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံကတော့ (၁၉၉၉) စတင်ဖွဲ့စည်းကတည်းက နိုင်ငံရေးမျှော်မှန်း ချက်ပေါ့နော်၊ ဆိုတော့ (၂၀၀၀) မှာ ကတည်းက ကျွန်မတို့သည် နိုင်ငံရေးအမျိုးသမီးအဖွဲ့အစည်းဖြစ်တယ် ဆိုတဲ့ဟာကို ကြေညာထားတယ်။ ဒီနိုင်ငံရေမှန်းချက်က တကယ့်ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ တန်းတူရေးကို အာမခံတဲ့ ဒီကိုယ်ပိုင်ပြဌာန်ခွင့်တွေကို ဖော်ဆောင်ပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းဖို့ကတော့ ကျွန်မတို့အဖွဲ့ရဲ့ နိုင်ငံရေးမျှော်မှန်းချက် ဖြစ်ပါတယ်။
မေး – နောက်တစ်ခုက အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေးအတွက် WLB အနေနဲ့ ဘယ်လိုလုပ်ငန်းစဉ်တွေ ချမှတ်ပြီး ဆောင်ရွက်နေတာရှိပါလဲ။
ဖြေ – အာဏာရှင်စနစ်အပေါ် လုပ်ငန်းစဉ်တွေကတော့ ပုံစံမျိုးစုံနဲ့ ကျွန်မတို့တော်လှန်နေတယ်။ အခုမှ အာဏာသိမ်းပြီး နောက်ပိုင်းမှာ အာဏာရှင်ကို တိုက်ဖျက်တာတွေ ကျွန်မတို့လုပ်နေတာ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာတော့ တစ်ကျော့ပြန် အာဏာပြန်သိမ်းလိုက်တာပေါ့နော်၊ အာဏာသိမ်းတဲ့စစ်တပ် ဖြစ်လာတယ်၊ အဲဒီမတိုင်ခင်မှာဆိုလို့ရှိရင် မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၇၀) ကျော်ကြာတဲ့အထိ အာဏာရှင်စနစ်က ကြီးစိုးနေပြီးသား ဖြစ်ပါတယ်။ ပြီးတော့ အာဏာရှင်လူအုပ်စုပေါ့၊ အာဏာရှင်ဖြစ်တဲ့ လူတွေလည်း ရှိတယ်၊ တစ်ဖက်မှာလည်း စနစ်လည်း ရှိတယ်ဆိုတော့ ကျွန်မတို့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံအနေနဲ့ ဒီအာဏာရှင်စနစ် တစ်ခုလုံးကို လုံးဝပပျောက်ဖို့၊ ဒီနိုင်ငံရေး မျှော်မှန်းချက်ရောက်ဖို့ စစ်အာဏာရှင်အပါဝင် အာဏာရှင်စနစ်က အမြစ်ပျောက်မှ ဖြစ်မှာပေါ့။ ကျွန်မတို့က စစ်အာဏာရှင်စနစ် တိုက်ဖျက်တာကို ပုံစံမျိုးစုံနဲ့ လုပ်ဆောင်နေတာရှိတယ်။ အထူးသဖြင့် ပြည်သူလူထုတွေကို အသိပညာပေးတာ၊ ဖက်ဒရယ် ဒီမိုကရေစီနဲ့ ပတ်သက်တာတွေကို အသိပညာပေးတယ်။ အဓိက,ကတော့ လူထုလှုပ်ရှားမူပေါ့၊ စစ်အာဏာရှင်ကို တိုက်ဖျက်တဲ့ လူထုလှုပ်ရှားမှုတွေ ပေါ်ပေါက်လာဖို့အတွက် လုပ်ဆောင်နေတာတွေရှိမယ်။
တစ်ဖက်မှာဆိုလို့ရှိရင်လည်း အာဏာရှင်လူတစ်စုပေါ့နော်၊ တကယ့်ကို ရက်စက်ကြမ်းကြုတ်တဲ့ ခေတ်အဆက်ဆက် ပြည်သူလူထုကို နှိပ်စက်ညှင်းပန်းသတ်ဖြတ်တဲ့ အာဏာရှင် လူတစ်စုရဲ့ တာဝန်ယူမူ၊ တာဝန်ခံမူရှိလာဖို့ အတွက် ကျွန်မတို့က စည်းရုံးလှုံ့ဆော်တာ တခြားအဖွဲ့စည်းတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်နေတာတွေလည်း ရှိတယ်။ ကျွန်မတို့က အာဏာရှင်တွေရဲ့ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မူတွေနဲ့ ပတ်သက်ပြီး မှတ်တမ်း ကောက်ယူတာတွေ ရှိတယ်။ အထူးသဖြင့် တရားမျှတမှုတွေရရှိနိုင်ဖို့ အချက်လက်တွေ ကောက်ယူတာကအစ ကျွန်မတို့ လုပ်ဆောင်နေတာတွေရှိတယ်။ တစ်ဖက်မှာကလည်း ဒီအာဏာရှင် တိုက်ဖျက်တဲ့ နေရာမှာ တင်မကဘဲနဲ့ တကယ့်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်တဲ့ နေရာတွေမှာ အမျိုးသမီးတွေကလည်း တကယ့်အဓိပ္ပါယ်ပြည့်ပြည့်ဝဝနဲ့ ပါဝင်နိုင်ဖို့အတွက်ကိုက ကျွန်မတို့အရေးဆိုတဲ့ လုပ်ငန်းတွေလည်း လုပ်သလို ကျွန်မတို့ကိုယ်တိုင်ကလည်း ဖြစ်ပေါ်လာသည့် နိုင်ငံရေး အခင်းအကျင်းတွေမှာ ပါဝင်လှုပ်ရှားတာတွေ ပုံစံမျိုးစုံနဲ့ ကျွန်မတို့ လုပ်ဆောင်နေတာ ရှိပါတယ်။
မေး – လက်ရှိ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ အမျိုးသမီးထုတွေ ပါဝင်လှုပ်ရှားနေရတဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုး သုံးသပ်ချင်လဲ။
ဖြေ – အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကတော့ အရမ်းအရေးကြီးတယ်၊ စစ်အာဏာရှင်တွေ တိုက်ဖျက်တဲ့ နေရာမှာ အမျိုးသမီးတွေက စိန်ခေါ်မူတွေ အရမ်းကို များတယ်။ တစ်ဖက်မှာကလည် စစ်အာဏာရှင်လို့ ပြောတဲ့အခါမှာ ဘာနဲ့ဆက်စပ်လဲဆိုတော့ ဖိုဝါဒနဲ့ပါ ဆက်စပ်နေတယ်။ မြန်မာနိုင်ငံအနေအထားနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ဖိုဝါဒက အရမ်းကြီးစိုးနေတယ်။ အဲဒီဖိုဝါဒဆိုတဲ့ဟာကလည်း စစ်အာဏာရှင်နဲ့ ဆက်စပ်နေတယ်။ တစ်ဖက်မှာကလည်း လူမျိုးကြီးဝါဒ၊ ဗမာလူမျိုးကြီးဝါဒပေါ့၊ အဲဒါတွေအကုန်လုံးက စစ်အာဏာရှင်နဲ့ ဆက်စပ်နေတဲ့ နောက်ထပ် ဝါဒတွေ ဖြစ်တယ်ပေါ့နော်။ အဲဒီတော့ အမျိုးသမီးတွေအနေနဲ့ဆိုရင် စစ်အာဏာရှင် တိုက်ဖျက်တဲ့နေရာမှာ တကယ့်ကို စိန်ခေါ်မှုတွေ အရမ်းများတယ်။ ဖိုဝါဒကြီးစိုးမှုတွေ အရမ်းလွှမ်မိုးတဲ့ ဒီ (မြန်မာ) နိုင်ငံမှာ အမျိုးသမီးတွေအတွက် ကန့် သတ်ချက်တွေ အရမ်းများတယ်။ အမျိုးသမီးတွေကို ဖိနှိပ်တာ၊ ချူပ်ချယ်တာ အဲဒီအယူအဆတွေလည်း အရမ်းများတဲ့နိုင်ငံမှာ ကျွန်မတို့ စစ်အာဏာရှင်တိုက်ဖျက်တဲ့အခါ အခက်ခဲတွေ စိန်ခေါ်မူတွေ အများကြီး ရှိတယ်။
ဒါပေမယ့် အမျိုးသမီးတွေအနေနဲ့ ဘယ်လောက်ပဲ စိန်ခေါ်မူတွေ ရှိရှိ၊ ဘယ်လောက်ပဲ အခက်အခဲတွေ ရှိရှိ အမျိုးသမီးတွေကတော့ တကယ့်စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့နေရာမှာဆိုရင် တက်တက်ကြွကြွနဲ့ ရှေ့ဆုံးကနေ ပါဝင်နေတာကို ကျွန်မတို့ တွေ့ရတယ်။ အထူးသဖြင့် ဘယ်ကနေစမလဲဆိုရင် ဟို ၁၉၈၈ ခုနှစ်တုန်းကပဲ စမလား၊ အဲဒီကာလမတိုင်ခင်ပဲ ကျွန်မတို့ စမလား၊ အဲဒီတုန်းကလည်း ဖိနှိပ်တာ အကြမ်းဖက်တာကို လက်မခံလို့ အာဏာရှင်စနစ်ကို လက်မခံလို့ ဆန္ဒပြတဲ့နေရာတွေမှာဆိုရင် အမျိုးသမီးတွေက ထိပ်ဆုံးမှာ ပါဝင်နေတာကိုလည်း ကျွန်မတို့တွေ့ရတယ်။ အဲဒီလိုပဲ လူထုလှုပ်ရှားမှုတွေမှာလည်း အမျိုးသမီးတွေက ကိုယ်တိုင်ပါဝင်နေတာကို အများကြီးတွေ့ရတယ်။ နောက်ပြီးတော့ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်တဲ့နေရာမှာလည်း အမျိုးသမီးတွေက အများကြီးပါဝင်ပြီးတော့ စစ်အာဏာရှင်ကို တော်လှန်နေတာတွေ ရှိတယ်။
အခုဆိုရင် ပုံစံမျိုးစုံနဲ့ပေါ့နော်၊ မီဒီယာသမားတွေ လုပ်နေတဲ့လုပ်ငန်းတွေကလည်း စစ်အာဏာရှင်ကို တော်လှန်နေတာပဲဖြစ်တယ်။ ဆိုတော့ ပုံစံမျိုးစုံနဲ့ အခန်းကဏ္ဍတိုင်းမှာ အမျိုးသမီးတွေကတော့ တကယ့် ကို အရေးကြီးတဲ့ နေရာတွေမှာ ပါဝင်နေတာကိုတော့ သုံးသပ်မြင်ကြည့်လို့ရတယ်။ တဖက်မှာကတော့ အဲဒီလိုမျိုး ပါဝင်နေပေမယ့်လည်း ဆုံးဖြတ်ချက်တွေ ဘာတွေချမှတ်တဲ့အခါ ကျွန်မတို့နိုင်ငံအသစ်ပေါ့နော်၊ ဖက်ဒရယ် ဒီမိုကရေစီပေါ်ထွန်းဖို့ နိုင်ငံအသစ်ထူထောင်ဖို့ ဒီဆွေးနွေးတဲ့နေရာ ဆုံးဖြတ်တဲ့နေရာ ညှိနိူင်းတဲ့နေရာတွေမှာ ဆိုရင် အမျိုးသမီးတွေရဲ့ ပါဝင်မှု့ကျတော့ အားနည်းတယ်။ တကယ့်တကယ် တိုက်ဖျက်တဲ့နေရာမှာ မလိုလားတဲ့ နေရာတွေမှာကျတော့ အမျိုးသမီးတွေက အများကြီးပဲ။ တကယ့်တကယ် ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာမှာတော့ အမျိုးသမီးတွေ ပါဝင်နိုင်တဲ့ အခွင့်အလမ်း တွေက အများကြီးကို နည်းနေတယ်။ ဒါကြောင့် (အမျိုးသမီး) ပါဝင်မှုက ထပ်တိုးဖို့ လိုအပ်နေတယ်လို့ ကျွန်မတော့ သုံးသပ်ချင်တယ်။
မေး – အခုအခြေအနေအရ မြန်မာအမျိုးသမီးထုတွေ ကြုံတွေ့နေရတဲ့ အခက်ခဲ၊ စိန်ခေါ်မူတွေကရော ဘယ်လိုရှိနေလဲ။
ဖြေ – အခက်ခဲတွေ၊ စိန်ခေါ်မူတွေကတော့ အများကြီးရှိတယ်။ ခုနက ပြောသလိုပေါ့၊ ကျွန်မတို့နိုင်ငံမှာ အမျိုးသမီးတွေ အနေနဲ့ဆိုလို့ရှိရင် ဖိုဝါဒကြီးစိုးမူကလည်း အမျိုးသမီးပါဝင်မှုတွေ အရမ်းကို အဟန့်အတား ဖြစ်စေတယ်။ အဲဒီလိုမျိုး အယူအဆတွေ၊ ဖိုဝါဒတွေက အမျိုးသမီးတွေကို ဆက်ပြီးတော့ ပါဝင်မှု အတွက် တွန်းအား မပေးပါဘူး။ ဒါက စိန်ခေါ်မှုတစ်ခု ဖြစ်တယ်။ နောက်တစ်ခုက ကျွန်မတို့ရဲ့ social culture norms ကျင့်သုံးမူတွေကြောင့်လည်း အမျိုးသမီးတွေရဲ့ ပါဝင်မှုက အများကြီးအဟန့် အတားဖြစ်စေပါတယ်။ အမျိုးသမီးတွေရဲ့ တက်ကြွလှုပ်ရှားမှု အဟန့်အတား ဖြစ်စေတဲ့အရာတွေ အများကြီးရှိတယ်။ အမျိုးသမီးတွေက ရှေ့တန်းနေရာတွေမှာ မားမားမတ်မတ် လုပ်ဆောင်နေပေမယ့် တကယ့်ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာတွေမှာ အမျိုးသမီးပါဝင်မူက တအားကိုနည်းတယ်။
အထူးသဖြင့် ဘာစိန်ခေါ်ချက်တွေရှိလဲဆိုရင် ထူးထူးခြားခြားဖြစ်တဲ့နေရာတွေမှာ အမျိုးသမီးပါဝင်မူက အရေးကြီးတယ်။ (အမျိုးသမီးတွေ) မဖြစ်မနေ ပါရမည့်ဆိုတာမျိုးကို နားလည်လက်ခံတဲ့ လူ့အသိုင်းအဝိုင်းကြီး မဖြစ်နေသေးဘူး။ နောက်တစ်ခုက အမျိုးသမီးတွေက အခုဆိုလို့ရှိရင် ပိုဆိုးတယ်ပေါ့နော်၊ အကြမ်းဖက်မှုမျိုးစုံ၊ တိုက်ခိုက်မှုမျိုးစုံကို ကြုံတွေ့ရတယ်။ ဒါကလည်း စိန်ခေါ်ချက်တစ်ခုပါ။ အွန်လိုင်းပေါ်မှာ Harassment လုပ်တာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်တာ ပုံစံမျိုးစုံနဲ့ အမျိုးသမီးတွေကို အသရေဖျက်တာတွေ အများကြီးပဲ၊ ဒါတွေလည်း စိန်ခေါ်ချက်ဖြစ်တယ်။ တကယ့် မြေပြင်မှာဆိုရင်လည်း တက်ကြွလှုပ်ရှားတဲ့ အမျိုးသမီးတွေကို စစ်အာဏာရှင် တော်လှန်တဲ့သူတွေက ထိပါးနှောက်ယှက်တာတွေ ခွဲခြားဆံဆက်တာတွေ ဖိနှိပ်တာ သတ်ဖြတ်တာ အခုဆိုလို့ရှိရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါ့၊ မုဒိန်းကျင့်တာ၊ သတ်ဖြတ်တာကအစ ရင်ဆိုင်ကြုံတွေ့နေရတာရှိတယ်။
မေး – အဲဒီအခက်ခဲ၊ စိန်ခေါ်မူတွေကို ကျော်လွှားဖို့ နည်းလမ်းရော ရှိလား။
ဖြေ – နည်းလမ်းတွေကတော့ အများကြီးလုပ်ရမှာပေါ့။ တစ်ခုတည်းနဲ့ပဲ လုပ်မယ်ဆိုရင် ဒီစိန်ခေါ် ချက်တွေကို ကျွန်မတို့က ကျော်လွှားနိုင်မှာ မဟုတ်ဘူး။ အဓိက ပြဿနာက ကျွန်မတို့ကို စိန်ခေါ်မှုဖြစ်စေနေတဲ့ institutions တွေ စနစ်တွေကလည်း ရှိတယ်။ ဥပမာ ခုနကပြောသလိုမျိုးပေါ့၊ ဖိုဝါဒကြီးစိုးတဲ့ စနစ်လိုမျိုး စစ်အာဏာရှင် စနစ်လိုမျိုးပေါ့၊ စနစ်ရဲ့စိန်ခေါ်ချက်တွေ ရှိတယ်။ ဆိုတော့ အဲဒီစနစ်တွေက ဘယ်သူအတွက်မှ အကျိုး မဖြစ်ထွန်းတဲ့အတွက် ဒီစနစ်တွေကို ပပျောက်အောင် လုပ်ဆောင်ဖို့ လိုတယ်။ တစ်ဖက်မှာလည်း အမျိုးသမီးတွေအပေါ် မြင်တဲ့အမြင်တွေ Norm တွေ၊ Culture တွေ သူတို့ရဲ့ Society အမြင်တွေ အဲဒီဟာတွေကလည်း ပြောင်းလဲဖို့ လိုတယ်။ ပြောင်းလဲဖို့ဆိုတာက လူတွေကများများ awareness ဖြစ်ဖို့ လိုတယ်ပေါ့၊ အဲဒါတွေလည်း ပြောင်းဖို့လိုတယ်။ ဒါဆိုလို့ရှိရင် တခြားစိန်ခေါ်ချက်တစ်ချို့ကို ကျွန်မတို့ ကျော်လွှားနိုင်မယ်လို့ မြင်တယ်။
နောက်တစ်ခုက အမျိုးသမီးတွေမှာက အမျိုးသားတွေနဲ့ မတူတဲ့ အခြားသော အကြမ်းဖက်မူတွေ ခံနေရတာ ရှိတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကအစ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတွေအဆုံး ကြုံတွေ့နေရတာ ရှိတယ်။ ဆိုတော့ ကျွန်တို့အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ ယန္တရားတွေကလည်း ရှိဖို့လိုတယ်၊ ဒါမှလည်း ခုနကပြောတဲ့ အမျိုးသမီးတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်ချက်တစ်ချို့ကို ကျော်လွှားနိုင်မယ်လို့ ထင်တယ်။ တစ်ဖက်မှာကလည်း ဆုံးဖြတ်ချက်ချတဲ့ လူတွေ၊ မူဝါဒ ချမှတ်ရေးဆွဲတဲ့ လူတွေအနေနဲ့လည်း အမျိုးသမီးတွေရဲ့ ပါဝင်မှုကို အသိအမှတ်ပြုပြီးတော့ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို မြှင့်တင်ပေးတဲ့ လုပ်ငန်းတွေ၊ ဗျူဟာတွေ ကောင်းကောင်း ရေးဆွဲဖို့ လိုမယ်လို့ မြင်တယ်။ အဲဒီလိုမျိုး လုပ်ဆောင်မယ်ဆိုရင် အမျိုးသမီးတွေ ရင်ဆိုင် ကြုံတွေ့နေရတဲ့ စိန်ခေါ်ချက်တွေကိုတော့ ကျော်လွှားနိုင်မယ်လို့ မြင်ပါတယ်။
မေး – ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းဖို့ ဒီတော်လှန်ရေး အောင်မြင်ဖို့အတွက်ဆို အမျိုးသမီးအရေး လှုပ်ရှားသူတစ်ဦးအနေနဲ့ ဘယ်လိုမျိုး အကြံပြုချင်လဲ။
ဖြေ – ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းဖို့ကကျတော့ ကျွန်မတို့အကုန်လုံးရဲ့ နိုင်ငံရေး မျှော်မှန်းချက် ဖြစ်တယ်။ ကျွန်မတို့ရဲ့ အိမ်မက်လည်း ဖြစ်တာပေါ့နော်။ ကျွန်မတို့နိုင်ငံက ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မှပဲ နှစ်ပေါင်းများစွာ ကျွန်မတို့ ကြုံတွေ့နေရတဲ့ ဖိနှိပ်မှုတွေ ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်နိုင်မှာ ဖြစ်တယ်။ တစ်ဖက်မှာလည်းပဲ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနဲ့မှပဲ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် တိုက်ဖျက်နိုင်မှာ ဖြစ်တယ်။ ဆိုတော့ ကျွန်မတို့ရဲ အိမ်မက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းဖို့အတွက်က အကုန်လုံးကနေ တကယ့်ကို နိုင်ငံရေး စိတ်ဆန္ဒရှိရှိနဲ့ လုပ်ဆောင်ဖို့ လိုတယ်လို့ ပြောချင်တယ်။ နောက်ပြီးတော့ ကျွန်မတို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုလို့ ပြောတဲ့အခါမှာ ပြည်နယ်တွေရဲ့ အားကောင်းရေး၊ တိုင်းရင်းသား တန်းတူရေး၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသမီး အခွင့်အရေး၊ ကျားမတန်းတူရေး ဒါတွေက ကျွန်မတို့ ထည့်သွင်းစဉ်းစားရတဲ့ ကိစ္စတွေဖြစ်ပါတယ်။ ကျွန်မတို့အားလုံး အခုကတည်းက ဖက်ဒရယ်ရဲ့ အနှစ်သာရ၊ ဖက်ဒရယ်ရဲ့ အခြေခံမူတွေ အပေါ်မှာ ရပ်ပြီးတော့ ကျွန်မတို့ ပြည်နယ်အားကောင်းရေးကိစ္စတွေ၊ တိုင်းရင်းသားတန်းတူရေးကိစ္စတွေ၊ ကိုယ်ပိုင်းပြဌာန်းခွင့် ကိစ္စတွေကို စပြီးတော့ ကျင့်သုံးသင့်ပြီလို့ ပြောချင်ပါတယ်။
IMNA – ပေးပို့သည်။