7 EAO Alliance အဖွဲ့၏ နိုင်ငံရေးဘောင်ချဲ့ထွင်သည့် လုပ်ငန်းစဉ် တိုးမြှင့်ဆောင်ရွက်မည့်အစီအစဉ်နှင့် ပတ်သက်ပြီး အဖွဲ့ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကျော်ညွန့်နှင့် ဆက်သွယ်မေးမြန်းချက်။
ပြည်တွင်း၌ နိုင်ငံရေးဘောင်ချဲ့ထွင်သည့် လုပ်ငန်းစဉ်ကို တိုးမြှင့်ဆောင်ရွက်မည်ဟု အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မဟာမိတ် ၇ ဖွဲ့ (7 EAO Alliance) က အွန်လိုင်းကနေ ပြုလုပ်ခဲ့သော ဦးဆောင်အဖွဲ့အစည်းအဝေးကနေ အသိပေးထုတ်ပြန်သည်။
ထိုဆွေးနွေးပွဲတွင် ပြောဆိုခဲ့ကြသော အဓိကအချက်များထဲတွင် သက်ဆိုင်သူများအားလုံးပါဝင်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာစေရေးဆိုသည့်အချက် ပါဝင်နေသည်ကို တွေ့ရှိရပါသည်။ အစည်းအဝေး ဆွေးနွေးချက်ထဲတွင် ပါဝင်သည့် သက်ဆိုင်သူအားလုံးဆိုသည်မှာ ဘယ်လိုအဓိပ္ပါယ်ဆောင်ပါလဲ။
အားလုံးပါဝင်သော နိုင်ငံရေးအစည်းအဝေးပြုလုပ်ရန် အချိန်ကာလသတ်မှတ်ထားချက် ရှိပါလား။ နိုင်ငံရေးဘောင် ချဲ့ထွင်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်တွေက ဘာတွေပါလဲ။ ထိုအခြေအနေများအား သိရှိနိုင်ရန် 7 EAO Alliance အဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကျော်ညွန့်ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ 7 EAO Alliance အဖွဲ့ရဲ့ အစည်းအဝေးထုတ်ပြန်ချက်မှာပါဝင်တဲ့ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာရေးတို့ ပြောဆိုနေတာရှိတော့ အဲဒီသက်ဆိုင်သူတွေအားလုံးဆိုတာ ဘယ်သူတွေကို ဆိုလိုတာပါလဲ။
ဖြေ။ ။ 7 EAO Alliance ဦးဆောင်အဖွဲ့ရဲ့အစည်းအဝေး တတိယအကြိမ်ပေါ့၊ ကျင်းပခဲ့တာမှာ သတင်း တင်ပြချက်ကတော့ ဟုတ်ပါတယ်။ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာကြုံတွေ့နေရတဲ့ အခက်အခဲ၊အကျပ်အတည်း လို့ပဲပြောပြော ဒီနှစ်နှစ်တာကာလအတွင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် ကျွန်တော်တို့ 7 EAO Alliance အဖွဲ့အနေနဲ့ ဒါနိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေဖြစ်တဲ့အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနဲ့ အဖြေရှာခြင်းကသာလျှင် ကျွန်တော်တို့ပြည်ထောင်စုအတွက် ထိခိုက်နစ်နာမှု အနည်းဆုံးနဲ့ အသက်သာဆုံးလမ်းကို ရွေးချယ်နိုင်မှာဖြစ်တယ်။
တွေ့ဆုံဆွေးနွေးရေးလို့ပြောတဲ့ သက်ဆိုင်သူများ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာကလည်း အဓိက ကတော့ လက်ရှိ အခက်အခဲ၊အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ဆိုရင် ဘယ်အဖွဲ့အစည်းတွေပါမလဲ ဆိုတာက တော့ ဒီအချိန်မှာ အဓိကကတော့ ကျွန်တော်တို့ နိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ၊အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက်ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်ရမယ်။ ဒီမိုကရေစီလို့ ပြောလိုက်မယ်ဆိုလည်း ပြည်သူလူထုထောက်ခံမှုအားကောင်းတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ပါဝင်ရမှာဖြစ်သလို ဖက်ဒရယ်လို့ ပြောလိုက်မယ်ဆိုရင်လည်း တိုင်းရင်းသားလက်နက်ကိုင်စတဲ့ ပါဝင်သင့် ပါဝင်ထိုက်သူတွေကို ကျွန်တော်တို့အနေနဲ့ နားလည်ထားပါတယ်။
ကျွန်တော်တို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် စကားပြောဆိုတဲ့နေရာမှာ ဒီမိုကရေစီဘက်မှာ ပါသင့်ပါထိုက်တဲ့ အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေ အကုန်လုံးပါဝင်ရမှာဖြစ်သလို ဖက်ဒရယ်လို့ ပြောလိုက်ရင် ပါသင့်ပါထိုက်တဲ့ တိုင်းရင်သားလူမျိုး နိုင်ငံရေးအဖွဲ့အစည်း ပါဝင်ရမှာဖြစ်ပါတယ်။ လက်ရှိ အခက်အခဲကို ကျော်လွှားနိုင်တဲ့ စကားမပြောမဖြစ်၊ မတွေ့မဖြစ်၊ မပါမဖြစ် ပါဝင်သင့်ပါထိုက်တဲ့အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေအားလုံးကို ကျွန်တော်တို့အနေနဲ့ ဆိုလိုခြင်းဖြစ်ပါတယ်။
မေး။ ။ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ ဗိုလ်မှူးကြီးတို့အနေနဲ့ အချိန်ကာလ သတ်မှတ်ထားတာရှိပါလား။
ဖြေ။ ။ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့အခြေအနေက စစ်ဘောင်က အရမ်းကိုကျယ်ပြန့်ပြီးတော့ နိုင်ငံရေးဘောင်က မရှိသလောက်ကို ကျဉ်းမြောင်းနေတဲ့ကာလဖြစ်လို့ ခုနကကျွန်တော်တို့ပြောနေတဲ့ တွေ့ဆုံ ဆွေးနွေးရေးဆိုတာ အင်မတန်မှပဲ မျက်နှာငယ်တဲ့အချိန်ဖြစ်တယ်။ အခက်အခဲတွေစိန်ခေါ်မှုတွေ ကြီးကြီးမားမား ရှိနေတဲ့အချိန်ဖြစ်တယ်။
တွေ့ဆုံဆွေးနွေးရေး သဘောသဘာဝက သက်ဆိုင်တဲ့ဘက်အားလုံးကနေပြီး နှစ်ဖက်စလုံးက ပူးပေါင်းပါဝင်မှု ရှိရမယ်။ တန်းတူရည်တူပူးပေါင်းပြီး အကောင်အထည်ဖော်နိုင်တဲ့ လုပ်ငန်းစဉ်ဖြစ်ဖို့လည်း အရေးကြီးတဲ့ အတွက်ကြောင့်မို့လို့ ဆွေးနွေးမယ့်အကြောင်းအရာ ဆွေးနွေးမယ့်အချိန်အခါ ကျွန်တော်တို့အားလုံးကနေပြီးတော့ ကြိုတင်ညှိနှိုင်း သဘောတူညီချက်အပေါ်မှာပဲ ဖြစ်ပေါ်လာနိုင်မယ်ထင်ပါတယ်။
မေး။ ။ လက်ရှိ ပြည်တွင်းနိုင်ငံရေးဘောင်ကို ချဲ့ထွင်တဲ့လုပ်ငန်းစဉ် တိုးမြှင့်မယ်လို့ဆိုထားတော့ ဘယ်လိုမျိုး လုပ်ဆောင်သွားဖို့ စီစဉ်ထားပါလဲ။
ဖြေ။ ။ ပြီးခဲ့တဲ့စက်တင်ဘာ ဦးဆောင်အဖွဲ့အစည်းအဝေးတည်းက နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ အတွက်ဆိုရင် ကျွန်တော်တို့သွားနေကြလမ်းကြောင်းအတိုင်းက အဆင်မပြေဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ ဦးဆောင်အဖွဲ့ အစည်းအဝေးမှာကြတော့ လုပ်ရမယ့်အလုပ်က နှစ်ပိုင်းရှိတယ်။ ကျွန်တော်တို့ ၇ ဖွဲ့ထဲမှာ လုပ်ရမယ့်အဖွဲ့တွေရှိသလို နံပါတ်၂ အပိုင်းကြတော့ ပြင်ပမှာရှိနေတဲ့အင်အားစုတွေနဲ့ လက်တွဲလုပ်ဆောင်ရမယ့် အလုပ်တွေ ဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့အချင်းချင်းကြားမှာ နံပါတ်တစ်အပိုင်းပေါ့လေ။ ကျွန်တော်တို့ ၇ ဖွဲ့ ကြားမှာလုပ်ရမယ့်အလုပ်တွေမှာ အဓိကကဖက်ဒရယ်အတွက် အခြေခံမူကို ၇ ဖွဲ့ထဲမှာ သေချာလုပ်ထားဖို့ လိုအပ်တယ်။
ပြီးတော့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံကိုလည်း ပြည်နယ်အလိုက်ပေါ်ပေါက်လာအောင် ကြိုးပမ်းရမယ်။ ကျွန်တော်တို့လုပ်ဆောင်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ လုပ်ငန်းတွေကိုလည်း တိုးမြှင့်နိုင်အောင် နည်းလမ်းရှာရမယ်စသဖြင့်ပေါ့။ ဒါကတော့ ၇ ဖွဲ့ထဲမှာ လုပ်ရမယ့်အလုပ်ပါ။ ပြင်ပအင်အားစု တွေနဲ့ လုပ်ရမယ့်အလုပ်က တခြားညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ချဉ်းကပ်ပြီးတော့ အတူတကွ ပူးပေါင်းမှုတွေလုပ်ဆောင်နိုင်အောင် ကျွန်တော်တို့တွေ ကြိုးပမ်းဖို့လိုအပ်တယ်။ အဲဒါလည်း လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်။
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအကျပ်အတည်းကို ကျော်လွှားဖို့ဆိုရင် နိုင်ငံတကာတွေက ပံ့ပိုးကူညီမှုကလည်း မျက်ကွယ်ပြုလို့မရဘူးလို့ နားလည်တဲ့အတွက် အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း ထိတွေ့ ဆက်ဆံနိုင်အောင် ကျွန်တော်တို့ကြိုးစားကြရမယ်။ တရုတ်၊ အိန္ဒိယ၊ ထိုင်း တို့လိုမျိုးခေါင်းဆောင်တွေ အဖွဲ့အစည်းတွေနဲ့လည်း ထိတွေ့ဆက်ဆံပြီးတော့ လက်ရှိမြန်မာ့နိုင်ငံရေးနဲ့ အကျပ်အတည်းကို ကျော်လွှား နိုင်ဖို့အတွက် ပူးပေါင်းလုပ်ဆောင်နိုင်အောင် ကျွန်တော်တို့ဆောင်ရွက်ရမယ့် အချက်တွေကို ဆွေးနွေး ညှိနှိုင်းထားပါတယ်။
မေး။ ။ ပြည်ပအင်အားစု တိုင်းရင်းသားညီနောင်တွေဆိုတာ ဘယ်သူတွေကို ဆိုလိုတာပါလဲ။
ဖြေ။ ။ လက်ရှိ စကစနဲ့ တိုက်ပွဲပဲဖြစ်ဖြစ် မဖြစ်ဖြစ် အဲဒီဟာကိုအာရုံမစိုက်ပါဘူး။ ကျွန်တော်တို့ အာရုံစိုက် နေတာကတော့ ကျွန်တော်တို့နိုင်ငံမှာ လေးနှစ်ကျော်ကြာ ကြုံတွေ့နေရတဲ့ အခက်အခဲအကျပ်အတည်း ကျွန်တော်တို့ပြည်သူလူထုတွေ ပေးဆပ်မှုတွေ အများကြီးပေးခဲ့ရပြီးပြီ။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ မီးလောင်ပျက်စီးဆုံးရှုံးမှုတွေ လွတ်မြောက်နိုင်ဖို့အတွက် ကျွန်တော်တို့စကားပြောဖို့လိုအပ်တဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေအားလုံးနဲ့ ကျွန်တော်တို့ထိတွေ့ဆက်ဆံနိုင်အောင် ကြိုးပမ်းဆောင်ရွက်လိုတဲ့အာသီသကို ပြောတာပါ။
သံလွင်တိုင်းမ် ပေးပို့သည်။