လောင်းလုံး၊ ထားဝယ်၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်တို့မှ စစ်ဘေးရှောင်များ မိုးရာသီကာလ၌ရင်ဆိုင်ကြုံနေကြရသည့် နေထိုင်စားသောက်ရေး၊ ကျန်းမာရေးအပါအဝင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများနှင့်ပတ်သက်ပြီး မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ဒါရိုက်တာနိုင်အဲမွန်နှင့် ဆက်သွယ်မေးမြန်းချက်။
တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ နေရပ်စွန့်ခွာထွက်ပြေးရသည့် စစ်ဘေးရှောင်ပြည်သူအရေအတွက်မှာလည်း မြင့်တက်လျက် ရှိနေသည်။
အထူးသဖြင့် လောင်းလုံး၊ ထားဝယ်၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်များတွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့်ပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် နယ်မြေရှင်းလင်းရေး စစ်ကြောင်းများကြောင့် ဒေသခံပြည်သူများမှာ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေရသည်။
မိုးရာသီကာလတွင် ပိုမိုခက်ခဲလာသည့် ဒေသခံစစ်ဘေးရှောင်တို့၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးအပါအဝင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများနှင့်ပတ်သက်ပြီး မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ဒါရိုက်တာနိုင်အဲမွန်ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ လောင်းလုံးမြို့နယ်က စစ်ဘေးရှောင်အခြေအနေနဲ့ပတ်သက်ပြီး လက်ရှိအခြေနေတွေကို အရင်ဆုံး ပြောပြပေးပါလား။
ဖြေ။ ။ လောင်းလုံးမြို့နယ်တစ်ခုတည်းမှာပဲ စစ်ဘေးရှောင် ၃,၀၀၀ ကျော်အထိ ရှိလာပါပြီ။ အဓိကကတော့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ ရေတပ်စခန်းတွေကနေ ရေကြောင်းက ပစ်ခတ်တာတွေကြောင့်ပါ။ ဒီလုပ်ရပ်တွေဟာ ပြည်သူတွေကို တိုက်ရိုက်ပစ်မှတ်ထားတဲ့ စစ်ရာဇဝတ်မှုတွေပါပဲ။
အခုဆိုရင် လောင်းလုံးဒေသက ကျေးရွာ ၄၊ ၅ ရွာလောက်က ဒေသခံတွေနဲ့ လောင်းလုံးမြို့ပေါ်က ပြည်သူတွေပါ တိမ်းရှောင်နေရပါတယ်။ မိုးတွင်းကာလဖြစ်တဲ့အတွက် အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ကလေးသူငယ်တွေအတွက် အာဟာရပြည့်ဝရေးက အထူးလိုအပ်နေပြီး အင်မတန်ခက်ခဲတဲ့ အခြေအနေမှာရှိနေပါတယ်။
မေး။ ။ မိုးတွင်းကာလလည်းရောက်လာပြီဆိုတော့ စစ်ဘေးရှောင်တွေအတွက် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကရော ဘယ်လိုရှိပါလဲ။
ဖြေ။ ။ ကျန်းမာရေးက တော်တော်စိုးရိမ်ရပါတယ်။ ပုံမှန်ရာသီတုပ်ကွေးအပြင် ကလေးတွေမှာ သွေးလွန်တုပ်ကွေးနဲ့ ဝမ်းရောဂါတွေ အဖြစ်များပါတယ်။ ဒီရောဂါတွေက တခါဖြစ်ရင် အစုလိုက်အပြုံလိုက်ဖြစ်တတ်တာမို့ ပိုပြီး အန္တရာယ်ကြီးပါတယ်။
နောက်တခုက အာဟာရချို့တဲ့မှု (Malnutrition) ပါ။ ဒါ့အပြင် သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေမှာ စိတ်ပိုင်း ဆိုင်ရာထိခိုက်မှု (Trauma) တွေ၊ စိုးရိမ်သောကလွန်ကဲတဲ့ (Anxiety) လက္ခဏာတွေပါ တွေ့နေရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ အဖွဲ့အစည်းတွေကလည်း နည်းပါးတော့ ကုသမှုရဖို့ အလွန်ခက်ခဲပါတယ်။
မေး။ ။ လောင်းလုံးအပြင် တနင်္သာရီတိုင်းရဲ့ဘယ်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါလဲ။ စစ်ကောင်စီရဲ့ရည်ရွယ်ချက်က ဘာဖြစ်နိုင်ပါလဲ။
ဖြေ။ ။ တိုက်ပွဲတွေက တနင်္သာရီတစ်တိုင်းလုံးနီးပါး ပျံ့နှံ့နေပါတယ်။ လောင်းလုံးအပြင် ထားဝယ်အရှေ့ခြမ်း၊ ရေဖြူအရှေ့မြောက်ခြမ်း၊ သရက်ချောင်းတောင်ပိုင်း၊ ဘိတ်ခရိုင်ထဲက ပလော၊ ပလနဲ့ ဘုတ်ပြင်းမြို့နယ်တွေအထိ ဖြစ်နေပါတယ်။ ဒီဘက် မွန်ပြည်နယ်နဲ့အစပ် ရေးမြို့နယ်တောင်ပိုင်းမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားပြီး တင်းမာနေပါတယ်။
စစ်ကောင်စီရဲ့ရည်ရွယ်ချက်က နှစ်ခုရှိနိုင်ပါတယ်။ တစ်ခုက ရုရှားနဲ့ သဘောတူထားတဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေအတွက် နယ်မြေစိုးမိုးမှုရအောင် ရှင်းလင်းတာ၊ နောက်တစ်ခုက သူတို့လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲအတွက် သူတို့အုပ်ချုပ်နိုင်ကြောင်းပြချင်လို့ ဖိအားပေးတာတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာတာလို့ သုံးသပ်ရပါတယ်။
မေး။ ။ ဒီလိုတိုက်ပွဲတွေ ပြင်းထန်နေတဲ့ဒေသတွေမှာ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲက ဖြစ်လာနိုင်ချေရှိပါလား။
ဖြေ။ ။ လက်တွေ့မှာ လုံးဝမဖြစ်နိုင်ပါဘူး။ ကရင်ပြည်နယ်လိုပဲ တနင်္သာရီမှာလည်း နေရာအနှံ့ တိုက်ပွဲတွေဖြစ်နေတာပါ။ တကယ်လို့လုပ်ခဲ့ရင်တောင် မြို့ပေါ်လုံခြုံတဲ့နေရာတွေမှာပဲ ဟန်ပြလုပ်နိုင်မှာဖြစ်ပြီး တစ်တိုင်းလုံးအတိုင်းအတာနဲ့ ကျင်းပဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ တကယ်လို့ အတင်းလုပ်မယ်ဆိုရင်တောင် အင်အားအလုံးအရင်းသုံးပြီး အကြိမ်ကြိမ်ခွဲလုပ်ရမှာဖြစ်လို့ တကယ့်ရွေးကောက်ပွဲအစစ်အမှန် ဖြစ်လာမှာမဟုတ်ပါဘူး။
မေး။ ။ တိုက်ပွဲတွေအပြင် စစ်ကောင်စီဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်လိုကျူးလွန်နေတာမျိုး တွေ့ရပါလဲ။
ဖြေ။ ။ ချိုးဖောက်မှုတွေက ပုံစံမျိုးစုံနဲ့ရှိနေပါတယ်။ ပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုတာ၊ ရှေ့ကနေ မိုင်းရှင်းခိုင်းတာ၊ ပေါ်တာဆွဲတာတွေက ဆိုးရွားတဲ့ ချိုးဖောက်မှုတွေပါ။ ဒါ့အပြင် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး လူငယ်တွေကိုမတရားဖမ်းဆီးတာ၊ စစ်သင်တန်းမတက်ချင်ရင် ငွေညှစ်တောင်းတာ၊ ပြန်ပေးဆွဲသလိုဖြစ်နေတဲ့ Kidnapping ပုံစံတွေပါ ကျူးလွန်လာတာတွေ့ရပါတယ်။ ကလေးသူငယ်တွေ ပျောက်ဆုံးနေတဲ့အမှုတွေလည်း ရှိလာပါတယ်။
မေး။ ။ ဒါဆိုရင် ဒီနှစ်အခြေအနေကို ဘယ်လိုသုံးသပ်ပါလဲ။ တခြားဖြည့်စွက်ပြောချင်တာများရှိရင်လည်း ပြောပေးပါဦး။
ဖြေ။ ။ ပြောရရင် ၂၀၂၅ ခုနှစ်ဟာ ပြီးခဲ့တဲ့ ၃-၄ နှစ်တာကာလအတွင်းမှာ စစ်ဘေးရှောင်တွေအတွက် အခက်အခဲဆုံးနဲ့ အပြင်းထန်ဆုံးနှစ် ဖြစ်လာနိုင်ပါတယ်။ တိုက်ပွဲတွေက ပိုမိုပြင်းထန်လာပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေက ကြောက်ခမန်းလိလိ မြင့်တက်လာတယ်။ စစ်ဘေးရှောင်ဦးရေလည်း တစ်သိန်းကျော်အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
ဒါပေမဲ့ နိုင်ငံတကာအကူအညီပေးရေး ရန်ပုံငွေတွေကလည်း လျော့ကျလာတော့ လူသားချင်းစာနာမှု အကူအညီပေးရေးကဏ္ဍကလည်း အားနည်းလာတယ်။ လိုအပ်ချက်ကများပြီး အကူအညီက နည်းလာတဲ့အတွက် အခြေအနေက ပိုပြီးဆိုးရွားလာဖို့ပဲရှိပါတယ်။ မြေပြင်မှာအရာအားလုံးက ပိုပြီးခက်ခဲလာမယ့်နှစ်လို့ပဲ မြင်ပါတယ်။
NMG ပေးပို့သည်။