စစ်တွေမြို့ လက်ရှိအခြေအနေ၊ စစ်တွေမြို့မှ မွတ်ဆလင်များ၏ အခက်အခဲများနှင့် ပတ်သက်ပြီး စစ်တွေ မြို့တွင်နေထိုင်သည့် လူမှုရေးတက်ကြွလှုပ်ရှားသူ မွတ်ဆလင်လူငယ်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့ နှစ်ဖက်တပ်အကြား တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်တွင် အာရက္ခတပ်တော်က ပလက်ဝမြို့ အပါအဝင် မြို့နယ် ၉ ခုကို သိမ်းပိုက်ထားပြီး ဖြစ်သော်လည်း စစ်တွေ၊ ကျောက်ဖြူနှင့် မြို့တချို့သည် စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် ဆက်လက်ရှိနေဆဲဖြစ်သည်။ စစ်ကောင်စီ ထိန်းချုပ်မှု လက်အောက်ရှိ အဆိုပါမြိုများတွင် အဝင်အထွက် သွားလာခွင့်များကို တင်းတင်းကြပ်ကြပ် ကန့်သတ်ခံထားရသည်။
စစ်ကောင်စီလက်အောက်ရှိ ပြည်သူများမှာ မြို့ကိုစွန့်ခွာပြီး AA ထိန်းချုပ်ရာ နယ်ဒေသများနှင့် ပြည်မဘက်သို့ ထွက်ပြေးတိမ်းရှောင်လျက် ရှိကြသည်။ သို့သော် ငွေကြေးမတတ်နိုင်သူများနှင့် အခြေခံလက်လုပ်လက်စား ပြည်သူများမှာ မည်သည့်နေရာသို့မှ တိမ်းရှောင်နိုင်ခြင်းမရှိဘဲ ၎င်းတို့၏ မူလနေရာများတွင် ကြောက်ကြောက် လန့်လန့်နှင့် နေထိုင်နေကြရသည်။
အလားတူ စစ်တွေမြို့မှ မွတ်ဆလင်အများစုသည်လည်း စစ်ကောင်စီ၏ စစ်သားစုဆောင်းမှု၊ ဖမ်းဆီးမှု၊ ငွေညှစ်မှုများအပြင် စားဝတ်နေရေးကျပ်တည်းမှု အခြေအနေများကို ဆိုးရွားစွာ ရင်ဆိုင်နေရသော်လည်း မည်သည့်နေရာကိုမှ စစ်ပြေးရှောင်နိုင်ခြင်းမရှိဘဲ မိမိတို့၏နေအိမ်များတွင်သာ နေထိုင်နေကြရသည်။
အထူးသဖြင့် မွတ်ဆလင်လူဦးရေ၏ ၉၉ % မှာ အထောက်အထားမရှိသည့်အတွက် ရန်ကုန်အပါအဝင် မည်သည့်နေရာကိုမှ ထွက်ခွာသွားလာ၍ မရသလို AA ထိန်းချုပ်ရာ နယ်ဘက်သို့ တိမ်းရှောင်နိုင်ရန်လည်း အခက်အခဲများစွာ ရှိနေသည်ဟု သိရသည်။
ယင်းအပြင် စစ်တွေမြို့တွင် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုအပါအဝင် အတင်းအဓမ္မ စစ်သားစုဆောင်းမှုများကြားတွင် စိုးရိမ်ထိတ်လန့်ဖွယ်ရာ နေထိုင်နေကြရသည်ဟု မွတ်ဆလင် အသိုင်းအဝိုင်းက ပြောဆိုသည်။ စစ်တွေမြို့မှ မွတ်ဆလင်များ၏ အခက်အခဲများနှင့် စစ်တွေမြို့၏ လက်ရှိ အခြေအနေတို့ကို သိရှိနိုင်ရန် စစ်တွေမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ မွတ်ဆလင်လူငယ်တစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ပထမဆုံးအနေနဲ့ စစ်တွေမြို့ရဲ့ အခြေအနေကို ပြောပြပေးပါ။
ဖြေ။ ။ လူတွေကတော့ တချို့ရှိကြပါသေးတယ်။ မြို့ကထွက်သွားတဲ့ဒေသခံတွေဟာ သူတို့မှာ ပိုက်ဆံ ရှိတယ်ဆိုရင်တော့ သွားလို့ရတယ်။ ဒါပေမယ့် ပိုက်ဆံရှိတိုင်းလည်း မဖြစ်သေးဘူး။ နိုင်ငံသားကတ်တို့ ဘာတို့ ရှိမှရမယ်။ ဒါကြောင့် မွတ်စလင်တွေအထဲမှာတော့ သွားလို့ရတဲ့လူက အရမ်းနည်းပါတယ်။ မှတ်ပုံတင်ရှိတဲ့ သူက တော်တော်နည်းတာကို။ အများစုကတော့ ကျန်ပါသေးတယ်။ တွက်ကြည့်ရင် ရန်ကုန်ကို သွားတာက ၁ ရာခိုင်နှုန်းလောက်တောင် ရှိမှာမဟုတ်ပါဘူး။
မြို့အခြေအနေကြတော့ ရခိုင်ရွာတွေဘက်မှာ လူတွေ သိပ်မရှိကြတော့ဘူး။ လူမရှိတော့ အဲ့ဒီဘက်မှာ လူလွတ်နေတဲ့ ပုံစံမျိုးပေါ့။ အဲ့ဒါကြောင့် ရခိုင်ရွာတွေ ဘက်မှာ ဖောက်ထွင်းမှု၊ ခိုးမှုစတဲ့ ရာဇဝတ်မှုတွေ ပိုပြီးများလာပါတယ်။ ရာဇဝတ်မှုတွေ များလာတာကတော့ စစ်တွေတစ်မြို့လုံးပါပဲ။ ရခိုင်ရွာတွေမှ မဟုတ်ဘူး မွတ်စလင်ရွာတွေမှာလည်း ဒီလိုပါပဲ။ ခိုးမှုတွေ အရမ်းများ လာပါတယ်။ စစ်ကောင်စီနဲ့ သူ့အောက်မှာရှိနေတဲ့ တချို့အဖွဲ့အစည်းတွေ လုပ်ကြတာဖြစ်ပါတယ်။
မေး။ ။ စစ်တွေနဲ့ ကျောက်ဖြူကဒေသခံတွေကို စစ်ကောင်စီက လူသားဒိုင်းကာ လုပ်လာနိုင်တာ ကြောင့် မြို့ကနေထွက်ခွာကြဖို့၊ ရှောင်ကြဖို့ AA ကလည်း သတိပေးထားတာတွေလည်း ရှိနေတယ်။ လက်ရှိအခြေအနေတွေအရ မြို့ကနေထွက်ဖို့ရော ဖြစ်နိုင်ချေရှိပါလား။ ဘယ်လို အခက်အခဲတွေရှိလဲ။
ဖြေ။ ။ ထွက်ပြေးဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဘာလို့လဲဆိုရင် စစ်ကောင်စီက စစ်တွေမြို့ တစ်ခုလုံးကို ပတ်ပတ်လည် လုံခြုံရေးယူထားလိုက်ပြီ။ စစ်တွေက လူတွေဟာ လေကြောင်းတစ်ခုကလွဲရင် တခြားနည်းလမ်းတွေနဲ့ တခြားမြို့တွေကို ထွက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ထွက်ချင်ရင် လေယာဉ်နဲ့ ရန်ကုန်ကို ရှောင်မှရမယ့် အနေအထားဖြစ်ပါတယ်။ တခြားမြို့နယ်ကိုတော့ လုံးဝသွားလို့ မရပါဘူး။
ထွက်ပြေးမယ်ဆိုရင်တောင် ကျွန်တော်တို့စိုးရိမ်တာက စစ်တွေဆိုတာ မြို့တော်လည်းဖြစ်တယ်။ စစ်ကောင်စီ ဘက်က တခြားမြို့နယ်တွေမှာ မလုပ်ဘူးတဲ့ တုံ့ပြန်မှုတွေကို စစ်တွေမှာ လုပ်လာမှာစိုးတယ်။ အဓိက ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေကို ဖန်တီးလာနိုင်တယ်။ ဒါတွေကို ကျွန်တော်တို့စဉ်းစားတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာက ဘယ်အထောက်အထားမ မရှိတဲ့အတွက် ဘယ်နေရာကိုမှ ထွက်လို့မရဘူး။ ရန်ကုန်ကို သွားမယ်ဆိုလည်း သွားလို့မရဘူး။
မေး။ ။ အခုလို မြို့ထဲပိတ်မိနေတဲ့အတွက် နောက်ပိုင်းမှာ ဘယ်လိုအခက်အခဲမျိုးတွေ ရှိလာနိုင်လဲ။ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် ဘယ်လိုရင်ဆိုင်ရနိုင်လဲ။
ဖြေ။ ။ အထူးသဖြင့် အခုက အလုပ်လက်မဲ့တွေ များလာတယ်။ တချို့လက်လုပ်လက်စား လူတွေဆိုရင် စစ်တွေမြို့ပေါ်နဲ့ ရခိုင်ရွာတွေမှာ သွားပြီးတော့ အလုပ်လုပ်ရတာဖြစ်ပါတယ်။ အခုကြတော့ လူအများစုက မြို့မှာမရှိကြတော့ဘူးဆိုတော့ အလုပ်လုပ်လို့ အဆင်မပြေကြဘူး။ နောက်တစ်ခုပိုဆိုးတာက လူတွေအားလုံး အခက်အခဲဖြစ်နေကြတော့ အလုပ်သမားခေါ်တာ အရမ်းနည်းတယ်။ တခြားစီးပွားရေး အလုပ်တွေကလည်း အဆင်မပြေကြဘူး။
ကုန်ပစ္စည်းတွေကလည်း ရန်ကုန်ကသွင်းလို့ ရရင်ရ မရရင် ပစ္စည်းတွေက ရန်ကုန်က မဝင်တာနဲ့ ချက်ခြင်း ဈေးတက်တယ်။ ဆန်တစ်အိတ်ကို ပုံမှန်တစ်သိန်းခွဲလောက်ရှိရင် ရန်ကုန်က သင်္ဘောအဝင် ၂ ရက်လောက် နောက်ကျတာနဲ့ ၂သိန်းခွဲ ၃သိန်း ချက်ချင်းဖြစ်သွားတယ်။ ဒီလိုကြောင့် လူတွေကလည်း အလုပ်လက်မဲ့ ဖြစ်နေကြတော့ စားဝတ်နေရေး အရမ်းခက်ခဲကြပါတယ်။ စားဝတ်နေရေး အခက်အခဲ ဖြစ်ကြတော့ အရင်ကလို လူတွေရဲ့ စိတ်အခြေအနေကလည်း မူမမှန်တော့ဘူး။
နောက်ဆက်တွဲအနေနဲ့ အမျိုးသမီးတွေ အတွက်ဆိုရင် အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုပြီးတိုးလာတယ်။ နောက်ပြီးအမျိုးသမီးတွေမှာ လိုအပ်တဲ့လိုချင်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဝယ်လို့လည်း အဆင်မပြေဘူး။ ပစ္စည်းရှိရင်တောင်မှ ပိုက်ဆံမရှိလို့ မဝယ်နိုင်တဲ့ အနေအထားတွေရှိတယ်။ အခုလို အခြေအနေကြောင့် အဓိကထိခိုက်တာကတော့ နာတာရှည်ရောဂါသည်တွေ ပိုပြီးထိခိုက်မှု ရှိကြတယ်။
ဘာလို့လဲဆိုတော့ ဆေးတွေက ပုံမှန်မပေးသွင်း ဘူးလေ။ စစ်တွေကို ဆေးတင်ပို့ခွင့်မပေးဘူး။ ဆေးတွေ ကလည်း အရင်က ၂ ထောင်ဆိုရင် အခုက ၂ သောင်း၊ ၂ သောင်း ၅ ထောင် အထိရှိပါတယ်။ ဒီလောက် အခက်အခဲတွေ ကြားထဲမှာ စစ်တပ်နဲ့ ALP က မြို့ထဲမှာ ဂိတ်တွေဖွင့်ပြီး စစ်ဆေးတယ်။ ဖမ်းတယ်။ ငွေညှစ် တာတွေ၊ နှိပ်စက်တာကို နေ့စဉ်ဆိုသလို ကျနော်တို့ ခံနေကြရပါတယ်။ ဒါဟာ တကယ်ကို စိတ်ထိခိုက်စရာ ကိစ္စတွေ ဖြစ်ပါတယ်။
မေး။ ။ တကယ်လို့ စစ်တွေမြို့သိမ်းတိုက်ပွဲ ဖြစ်လာရင်ဆိုတဲ့ စိုးရိမ်စိတ်တွေရောရှိကြလား။
ဖြေ။ ။ ရှိကြပါတယ်။ ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရိုဟင်ဂျာတွေဆီက ပြည်သူ့စစ်တွေ ပေးထားရတာတွေ ရှိပါတယ်။ ကျွန်တော်တို့ စုံစမ်းသိရှိထားသလောက်ဆိုရင် ပြည်သူ့စစ်ဟာ ၃ ထောင်ကျော် လောက်အထိ ဖြစ်နေပါပြီ။ အဲ့ဒီအထဲမှာမှ စစ်တွေမှာက ဘယ်လိုအခြေအနေရှိလဲဆိုရင် ကျွန်တော်တို့တွေ နေထိုင်တဲ့နေရာတွေဆိုရင် တဖက်မှာ ရိုဟင်ဂျာတွေ တဖက်မှာ ရခိုင်ဖြစ်နေတယ်။ ဘုမေကနေ ဟိုဘက်ကို သွားမယ်ဆိုရင် အကုန်လုံး မွတ်စလင်တွေ၊ ဘုမေကနေ နောက်တဖက်ကိုသွားမယ်ဆိုရင် အကုန်လုံးရခိုင်တွေ ဖြစ်တယ်။
စစ်တပ် တပ်စခန်းတွေ အများစုရှိနေတာကလည်း မွတ်စလင်ရွာတွေနဲ့ ကပ်ပြီး ရှိနေတယ်။ တချို့တပ်စခန်း တွေကို စစ်ကောင်စီက စွန့်ခွာသွားတာတွေ ရှိကြပေမယ့် တကယ်လို့ စစ်ပွဲဖြစ်လာမယ်ဆိုရင် ရွာတွေပေါ့လေ။ ဥပမာဆိုရင် ဘုမေဆိုရင် တဖက်မှာ တက္ကသိုလ်ရှိမယ်။ ၃၆ တပ်ရင်း ရှိတယ်။ နောက်တဖက် မှာဆိုရင် လေယာဉ်ကွင်း ရှိတယ်။ ဘာဆာရွာဆိုရင်လည်း တဖက်မှာ လေယာဉ်ကွင်းရှိတယ်။ နောက်တဖက်မှာ ပြည်နယ် အစိုးရရဲ့ အိမ်ရာတွေရှိတယ်။ သက္ကယ်ပြင်ဆိုရင်လည်း အဲ့လိုပဲ သူရှေ့မှာဆိုရင် ဒကစရှိတယ်။ တပ်ရင်း အကြီးတွေအားလုံးဟာ မွတ်စလင်ရွာတွေနဲ့ ကပ်နေတယ်။
ဒါတွေကြောင့် တကယ်လို့သာ စစ်ဖြစ်လာပြီဆိုရင် ဒီဘက်မှာက လူမှုကူညီရေးအသင်းတွေ သိပ်မရှိဘူး။ ဒါဆို ဒုက္ခသည် ဖြစ်လာမယ့်လူတွေကို ဘယ်သူတွေက ကူညီမလဲပေါ့။ နောက်ပြီး ပိုဆိုးတာက စစ်ကောင်စီက သူတို့နဲ့ပူးပေါင်းဖို့ပြောလို့ မပူးပေါင်းဘူးဆိုရင် ရွာကိုအနှောင့်အယှက်လုပ်မယ်။ ရန်ရှာမယ်။ တပ်တော်ဘက် ကလည်း အဲ့လိုပူးပေါင်းတဲ့အတွက် ကျွန်တော်တို့ကို အပြစ်မြင်လာနိုင်တယ်။ သူတို့ကို မပူးပေါင်း မထောက်ခံရင် တပ်တော်က အဲ့လိုလုပ်လာမလား။ လောလောဆယ် တပ်တော်က စစ်တွေကို မရောက်သေး ပေမယ့် ဒါတွေကြောင့် စိုးရိမ်မှုတွေကတော့ အရမ်းများပါတယ်။
မေး။ ။ စစ်ပွဲတွေဖြစ်လာရင် ဘူးသီးတောင်၊ မောင်တောမှာလိုရော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့ထင်လား။
ဖြေ။ ။ စစ်တွေမှာ ALP လို အဖွဲ့အစည်းတွေရှိလို့ ပိုပြီးရှုပ်ထွေးနိုင်တယ်။ ပိုဆိုးတာက ရိုဟင်ဂျာပြည်သူ့စစ် တွေနဲ့ ALP အဖွဲ့တွေပေါ့လေ။ သူတို့တွေဟာ စစ်တပ်ဘက်ကနေ ရပ်တည်ပေးတဲ့ အဖွဲ့အစည်း တွေပေါ့လေ။ တကယ်လိုများ စစ်တပ်က ALP ကို အခုအသုံးချနေသလိုမျိုး ဒေသမတည်မငြိမ်ဖြစ်အောင် မွတ်ဆလင် လက်နက်ကိုင်တွေကို အသုံးချမှုတွေ၊ ခိုးမှုတွေ၊ အကြမ်းဖက်မှုတွေလုပ်ဖို့ အသုံးချမယ်ဆိုရင် အခြေအနေဟာ အခုထက်ပိုပြီး ရှုပ်ထွေးနိုင်ပါတယ်။ ပြီးတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း တကယ်လို့များ စစ်တွေမှာ တိုက်ပွဲဖြစ်ပြီဆိုရင် အရပ်သားတွေကို သေနတ်ပေးတဲ့ ကဏ္ဍအထိ ဖြစ်နိုင်ပါတယ်။
စစ်တပ်မှာလည်း သူတို့ဘက်တော်သားတွေ လိုတယ်ပေါ့လေ။ အဲ့ဒီလိုဖြစ်ပြီဆိုရင် Community Base Security ပေါ့လေ။ ပြောရမယ်ဆိုရင်တော့ ရွာသားတွေကိုအသုံးချပြီး ရွာကိုကာကွယ်မယ်ဆိုတဲ့ သဘောတွေ ဖြစ်လာ နိုင်တယ်။ အဲ့လို System ကို စစ်တပ်က သုံးလာမယ်ဆိုရင် အရမ်းကို လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေ ရှုပ်ထွေးသွားနိုင်တယ်။ စစ်ကောင်စီကလည်း စစ်တွေကို ယုတ်မာတဲ့နည်းလမ်းတွေ သုံးလာနိုင်တယ်။ ဒါကြောင့် တော်တော်ကို ရှုပ်ထွေးနိုင်တယ်လို့ ထင်ပါတယ်။
မေး။ ။ တကယ်လို့ အခုလိုအခက်အခဲမျိုးသာ ဖြစ်လာမယ်ဆိုရင် အကျဉ်းအကျပ်ထဲ နေနေရတဲ့ ပြည်သူတစ်ယောက်အနေနဲ့ ဘာများပြောချင်တာမျိုးရှိလဲ။
ဖြေ။ ။ တိုက်ပွဲကိစ္စနဲ့ပြောရရင် ပထမဆုံးတစ်ခုက စစ်တွေမြို့မှာ ဖြစ်ပြီဆိုရင် စစ်တပ်အချင်းချင်းပဲ တိုက်သင့်ပါတယ်။ ပြည်သူလူထုတွေ၊ ပြည်သူလူထုတွေ နေထိုင်တဲ့ အဆောက်အဦတွေ၊ ရွာတွေပေါ့လေ။ ဒီနေရာတွေမှာ တိုက်ပွဲ မဖော်သင့်ပါဘူး။ တကယ်လို့ တိုက်ပွဲဖော်မယ်ဆိုရင်တောင် ဒေသခံတွေလွတ်အောင် ကြိုပြီးအသိပေး စီစဉ်သင့်ပါတယ်။ နောက်ပြီးစစ်တပ်တွေအနေနဲ့ စစ်တပ်ဆိုတာကတော့ လက်နက်ကိုင် အားလုံးကို ဆိုလိုတာပါ။ သူတို့အနေနဲ့ ပြည်သူလူထုတွေ နစ်နာမှု အနည်းဆုံးဖြစ်အောင် တိုက်သင့်ပါတယ်။ စစ်တပ်အနေနဲ့ AA ကို တုံ့ပြန်ချင်တယ်ဆိုရင်လည်း AA ကိုပဲ တုံ့ပြန်ပေါ့။
ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တာမျိုးတွေ၊ ဗုံးကြဲတာမျိုးတွေ မလုပ်သင့်ပါဘူး။ အဓိက ကဒါပါပဲ။ နောက်တစ်ခုကကြတော့ တိုက်ပွဲ ဖြစ်လာပြီဆိုတာနဲ့ စစ်တွေကနေ ထွက်ပြေးလို့ရမယ့် အနီးဆုံး နေရာ ကြတော့ ပေါက်တောနဲ့ ပုဏ္ဏားကျွန်း ဖြစ်တယ်ပေါ့လေ။ တကယ်လိုများ ဒီမှာ လူတွေကိုနေဖို့ မသင့်တော် တော့ဘူးဆိုရင် လူတွေထွက်ပြေးလို့ရမယ့် လမ်းကြောင်းတွေကို လုပ်ပေးသင့်တယ်လို့ထင်တယ်။ တိုက်ပွဲတွေနဲ့ ပတ်သက်လာရင်တော့ ဒီ ၂ ချက်က အရေးအကြီးဆုံးလို့ ထင်ပါတယ်။
မေး။ ။ စစ်ပွဲဖြစ်လာရင် စစ်ကောင်စီက ဒေသခံတွေကို ရွှေ့ပြောင်းခွင့်ပေးမယ့် အနေအထားရှိနိုင်ပါ့မလား။ AA အနေနဲ့ကရော စစ်တပ်ပိတ်ဆို့ထားတဲ့ကြားက ဒီလောက်များတဲ့ ဒေသခံပြည်သူတွေကို ရွှေ့ပြောင်းပေးဖို့ ဆိုတာ ဖြစ်နိုင်မယ်လို့ထင်လား။
ဖြေ။ ။ ဒါကတော့ ကျွန်တော်လည်း မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ စစ်တွေမြို့မှာ တိုက်ပွဲဖြစ်တယ် ဆိုတာနဲ့ လုံခြုံတဲ့နေရာ ဖန်တီးဖို့ဆိုတာ တပ်တော်တစ်ခုတည်းက လုပ်လို့မရဘူးလို့ မြင်တယ်။ လုံခြုံတဲ့ နေရာလို့ သတ်မှတ်ပေမဲ့လည်း တဖက်က စစ်ကောင်စီကပေါ့လေ၊ အဲ့ဒီနေရာတွေကို ထိခိုက်အောင် လုပ်မှာက စစ်ရေး သဘောသဘာဝပေါ့လေ။ စစ်ကောင်စီမှာ ထုံးစံရှိတာက ပြည်သူတွေကို ပစ်မှတ်ထားပြီးလုပ်တာက များတယ်။ ဒါကြောင့် တပ်တော်ဘက်က လုပ်နိုင်တာက ကျွန်တော့်အမြင် တိုက်ပွဲစပြီဆိုတာနဲ့ ပြည်သူတွေ တခြားမြို့ကို ထွက်ပြေးလို့ရအောင် လမ်းကြောင်းတွေ ရှင်းပေးသင့်ပါတယ်။
ဆိုလိုချင်တာက တပ်ရင်း၊ တပ်မတွေ၊ ဒကစတွေကို မတိုက်ခင် အရင်ဆုံးပြည်သူတွေ ထွက်ပြေးလို့မရအောင် လမ်းကြောင်း တွေ ဖော်ပေးသင့်တယ်။ ပြည်သူတွေ ထွက်ပြေးပြီဆိုရင်လည်း ပြည်သူတွေရဲ့ ပစ္စည်းဥစ္စာ တွေလည်း လုံလုံခြုံခြုံရှိအောင် သူတို့ဘက်က ဘယ်လိုမျိုး ဖန်တီးပေးနိုင်လည်းဆိုတာလည်း လိုအပ်ပါတယ်။ ဘာလို့လဲဆိုရင် လူတွေကထွက်ပြေးလို့ ရသွားပြီဆိုရင်တောင် ခုနကပြောသွားသလို စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ အဖွဲ့တွေ ရှိနေတယ်ဆိုတော့ ပြည်သူတွေရဲ့ ဥစ္စာတွေကို ဖျက်ဆီးဖို့ လမ်းကြောင်းက ပိုရောက်နိုင်ပါတယ်။ ဒီလိုဆိုရင် ပြည်သူတွေစစ်ဘေးရှောင်ပြီး နေရပ်ကပြန်လာလို့ရှိရင် အပျက်အစီးကြောင့် ပြန်ပြီးနလန်ထူနိုင်ဖို့ အရမ်းခက်ခဲတဲ့ အနေအထားရှိပါတယ်။
မေး။ ။ ဘာများ ဖြည့်ပြောချင်ပါသေးလဲ။
ဖြေ။ ။ တခြားပြောချင်တာတော့ မရှိတော့ပါဘူး။
နိရဉ္စရာ ပေးပို့သည်။