1 ဇူလိုင် 2025 /

See today's Peace Related News

Homeအင်တာဗျူး“နံပါတ်တစ်ကတော့ ရေကြီးရေလျှံတာ ဖြစ်တာကြောင့် ဖြတ်သန်းသွားလာတော့ ကူညီကယ်ဆယ်ဖို့အတွက် အခက်အခဲ ဖြစ်နေတယ်။ နောက်တခုကတော့ စစ်ကြောင်းထိုးတော့ လမ်းကြောင်းပိတ်တာပေါ့နော” ဌာနမှူးကြီး ခွံမာတီးယာ...

“နံပါတ်တစ်ကတော့ ရေကြီးရေလျှံတာ ဖြစ်တာကြောင့် ဖြတ်သန်းသွားလာတော့ ကူညီကယ်ဆယ်ဖို့အတွက် အခက်အခဲ ဖြစ်နေတယ်။ နောက်တခုကတော့ စစ်ကြောင်းထိုးတော့ လမ်းကြောင်းပိတ်တာပေါ့နော” ဌာနမှူးကြီး ခွံမာတီးယာ (လူသားချင်း စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန/ IEC)

ရေဘေးအလွန်ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေနှင့်ပတ်သက်ပြီး IEC လူသားချင်း စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန ဌာနမှူးကြီးခွံမာတီးယာနှင့် ဆက်သွယ်မေးမြန်းချက်။

မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံခြင်းနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ကရင်နီ (ကယား) ပြည်နှင့် ရှမ်း – ကရင်နီ နယ်စပ်တွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၂၄ ဦးထိ ရှိခဲ့ပြီး လူ ၃၀,၀၀၀ နီးပါး ရေဘေးသင့်ခဲ့သည်။

ဒေသခံများ ကြုံတွေ့နေရသည့် ရေဘေးအကူအညီများနှင့် ပတ်သက်ပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေလျက်ရှိသည်ဟု စက်တင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံနေရသည့် အခက်အခဲ၊ စိန်ခေါ်မှုများနှင့် လိုအပ်ချက်များအပြင် ထပ်မံဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံနိုင်မှုအခြေအနေ၌ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေနေများအား သိနိုင်ရန် IEC လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန ဌာနမှူးကြီး ခွံမာတီးယာကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လတ်တလောမှာကြုံခဲ့ရတဲ့ ကရင်နီပြည်ရဲ့ရေဘေးက ဘယ်မြို့နယ်တွေမှာ အများဆုံးကြုံခဲ့ရတာပါလဲ။ ပြီးတော့ လက်ရှိမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ဘယ်လိုစိန်ခေါ်မှုတွေရှိနေပါလဲ။

ဖြေ။ ။ အခုလတ်တလောပေါ့နော်၊ ရေဘေးအကြုံရဆုံး မြို့နယ်လို့ပြောရင်တော့ ဒီးမော့ဆို၊ လွိုင်ကော်နဲ့ ရှားတောပေါ့လေနော။ အဲ့တော့ ဒီလွိုင်ကော်ဆိုရင်တော့ အားလုံးသိတဲ့အတိုင်းပဲ အခုဆိုလို့ရှိရင်တော့ မိုးဗြဲ ရေကာတာက လျှံကျလာတယ်။ လျှံကျလာတာဖြစ်တဲ့အတွက် မိုးဗြဲရေကာတာအောက်ရှိ ရွာတွေ သုံးလေးငါး ရွာက နေအိမ်တွေ ရေမြုပ်နေဆဲဖြစ်တယ်။ ပြီးတော့ လွိုင်ကော်မြို့မှာရှိတဲ ရပ်ကွက်တွေ ရေမြုပ်နေဆဲပဲ ဖြစ်တယ်ပေါ့နော။ ဆိုတော့ ရေကမကျသေးဘူး။ နောက်ပြီးတော့မှ လွိုင်ကော်အရှေ့ခြမ်းမှာရှိတဲ့ ဝမ်ငေါ့ဘက် မှာပေါ့နော။ ထီးစဲခါးချောင်းမှာရှိတဲ့ စစ်ရှောင်စခန်းတစ်ခု ရေလွှမ်းတာရှိတယ်။ ရွာတစ်ရွာ ရေလွှမ်းတာရှိတယ်။ အဲ့ဒီထဲမှာ မျှောပါသေဆုံးသွားတဲ့သူ ၄ ဦး ရှိတယ်ဆိုတဲ့ဟာမျိုးပေါ့လေးနော။ အဲ့ဒီအခြေအနေ ရှိတယ်။

ဒီးမော့ဆိုဘက်ခြမ်းမှာဆိုလို့ရှိရင် ပွန်ချောင်းကတော့ ရေကနည်းနည်းတော့ ပြန်ကျသွားတယ်ပေါ့နော်။ ဒါပေမဲ့လည်း ဒီပွန်ချောင်းက သူကရေစီးသန်တာဖြစ်တဲ့အတွက်ကြောင့် စစ်ရှောင်စခန်းတွေ ဟိုဘက်ခြမ်း ဟိုဘက်ကမ်းဒီဘက်ကမ်း စစ်ရှောင်တွေက အချိတ်အဆက်လုပ်ဆောင်ရတာ နည်းနည်းအခက်ခဲဖြစ်တယ်။ အဲ့ဒီမှာလည်း မျောပါသေဆုံးတဲ့လူတစ်ယောက်လည်း ရှိတာပေါ့နော်။ ဆိုတော့ ရှားတောဘက်မှာဆိုရင်တော့ ရွာနှစ်ရွာ နစ်မြုပ်နေတယ်။ အခုတော့ ရေနည်းနည်းပြန်ကျပြီ။ သို့သော် အရှေ့ကရွာနှစ်ရွာကို ဆက်သွယ်ရဖို့ ကတော့ နည်းနည်းအခက်အခဲရှိနေတာပေါ့နော။ အဲဒီမှာရှိတဲ့ ဒီရေဘေးသင့်ပြည်သူတွေကတော့ တခြားရွာတွေနဲ့ နည်းနည်းဝေးလာတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ရွှေ့ပြောင်းရတဲ့ဟာမျိုး နည်းနည်းရှိတာပေါ့နော။

မေး။ ။ ပြန်လည်ထူထောင်ရေး လုပ်ရတဲ့အခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ပြန်လည်ထူထောင်ရေးအတွက် ပြောလို့ရှိရင် လောလောဆယ် ဒေသတစ်ခုနဲ့တစ်ခု ဧရိယာတစ်ခုနဲ့တစ်ခု သွားလာဆက်သွယ်ဖို့ သွားလာကူညီကယ်ဆယ်ရတဲ့အချိန်မှာ အခက်အခဲဖြစ်တာပေါ့နော။ အဲ့တော့ နံပါတ်တစ်ကတော့ ရေကြီးရေလျှံတာဖြစ်တာကြောင့် ဖြတ်သန်းသွားလာတော့ ကူညီကယ်ဆယ်ဖို့အတွက် အခက်အခဲဖြစ်နေတယ်။ နောက်တခုကတော့ စစ်ကြောင်းထိုးတော့ လမ်းကြောင်းပိတ်တာပေါ့နော။ ဆိုတော့ တစ်ခုက ပိတ်မိတာဖြစ်တာကြောင့်မို့ ဒေသတစ်ခုကိုသွားပြီးတော့မှ ကူညီကယ်ဆယ်ဖို့အတွက်က အခက်အခဲ ဖြစ်တယ်။ အဲ့ကြောင့်မလို့ ရှာဖွေကယ်ဆယ်ရေးက ချက်ခြင်းမလုပ်ဆောင်နိုင်တဲ့အခါမှာ တစ်ရက်နှစ်ရက်အတွင်းမှာပဲ လူတွေက မလိုအပ်ဘဲနဲ့ မျှောပါသွားတာမျိုးဖြစ်တဲ့ အဲ့ပြဿနာတွေရှိတယ်။

အဲ့တော့ ကျနော်တို့ အဲ့ဒီအခက်အခဲ သွားရေးလာရေးနဲ့ ကယ်ဆယ်ဖို့အတွက် ကျနော်တို့မှာလည်း ကယ်ဆယ် ရှာဖွေရေးပစ္စည်းကလည်း အခက်အခဲရှိတာပေါ့နော။ အဲ့ကြောင့်မို့ ကျနော်တို့ ရေဘေးသွားကူတဲ့အခါမှာ အခက်အခဲဖြစ်တယ်။ အဲ့ကြောင့် ကျနော်တို့ သွားလာတဲ့အခါမှာ မှာလို့ရတဲ့စက်လှေတွေကအစ မော်တော်ဘုတ် တွေကအစ အဲ့လိုမျိုးလည်း မရှိဘူးပေါ့နော်။ အဲ့ကြောင့်မို့ နည်းနည်းအခက်အခဲ ဖြစ်တယ်ပေါ့နော။ အဲ့ကြောင့်မို့ ပြန်ထူလို့ ပြောတဲ့အခါမှာတော့ လောလောလတ်လတ်က အရေးပေါ်စင်တာ စုနေရတဲ့ အဆင့်လောက်ပဲ ရှိပြီးတော့မှ နေရာချထားရေး လုပ်ပေးရလောက်တဲ့ အနေအထားမျိုးက အခက်အခဲတွေ ဖြစ်နေသေးတယ်။

ဘာလို့လဲဆိုလို့ရှိရင် တချို့သောဒေသတွေမှာဆိုလို့ရှိရင် ရှားတောတို့ လွိုင်ကော်အရှေ့ခြမ်းတို့လိုမျိုးဆိုရင် ဒီမြေပြင်မှာ အရင်းအမြစ်တွေက မရှိသလောက်ဖြစ်တယ်။ ဥပမာဆိုလို့ရှိရင် နေရာချထားရေး လုပ်မယ်ဆိုရင် အမိုးအကာတွေဝယ်ခြမ်းဖို့အတွက် တော်တော်လေးမြေပြင်မှာ မရှိတော့ဘူး။ ကယ်ဆယ်ကူညီတဲ့အခါမျိုးမှာ ဆိုလို့ရှိရင် အရေးပေါ်စားနပ်ရိက္ခာဖြစ်တဲ့ ဒီရိက္ခာခြောက်တွေပေါ့နော်။ ရိက္ခာခြောက်တွေက ဝယ်ယူရ ခက်ခဲတယ်။ မရှိဘူးပေါ့လေနော။ ဒေသထဲမှာ အရင်းအမြစ်မရှိဘူး။ အဲ့လိုမျိုးဖြစ်တဲ့ အတွက်ကြောင့်မလို့ အလျင်မီ ချက်ချင်းပြန်ထူလုပ်ပေးရတာတို့ အခက်အခဲတွေ ရှိနေတာပေါ့နော်။

မေး။ ။လက်ရှိမှာ ပြန်လည်ထူထောင်ရေးအတွက် ဘာတွေ အဓိကလိုအပ်ပါလဲ။ ပြီးတော့ ပြန်လည်ထူထောင်ရေးကာလက ဘယ်လောက်ထိ ကြာမြင့်မယ်လို့ထင်ပါလဲ။

ဖြေ။ ။ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တာကတော့ ပထမကတော့ နေရာထိုင်ခင်းချထားရေးပေါ့။ နေရာချထားတဲ့ဟာနဲ့ ဒီတဲအဆောက်အအုံတွေ တည်ဆောက်ပေးတဲ့ဟာစအတွက်ပေါ့‌။ အဲ့ဒီအတွက် အမိုးအကာ တွေလိုတယ်။ အခြေခံ ဆောက်လုပ်ရေးပစ္စည်း လိုအပ်ချက်တွေရှိတယ်။ ပြီးရင် အခုကတော့ ဒီတပတ်စာအတွက် စားနပ်ရိက္ခာက သူတို့ဆီမှာ ရှိနေတယ်ဆိုပေမဲ့လည်း တကယ်တမ်းက အကုန်လုံးရေလွှမ်းကုန်ပြီဖြစ်တယ်။ သူတို့ရဲ့စိုက်ပျိုးခင်းတွေ သူတို့ရဲ့ပိုင်ဆိုင်မှုတွေ အကုန်လုံးနီးပါး ပါသွားတဲ့ဟာမျိုးတွေရှိတယ်။ ရေလွှမ်းတဲ့ရွာတွေ တချို့ဆိုလို့ရှိရင် ရေကြီးတော့ ပိုင်ဆိုင်မှုတွေ ပါသွားတာရှိတယ်။ ပျက်စီးတာတွေရှိတယ်။

စိုက်ပျိုးခင်းတွေ ပျက်စီးတာတာရှိတဲ့အတွက်ကြောင့် သူတို့ရဲ့ ရေရှည်စားဝတ်နေရေး အခက်အခဲကတော့ ပိုပြီးတော့ ရှိလာမှာပေါ့နော်။ ဆိုတော့ အဲဒီဟာအတွက် ပြန်လည်တည်ဆောက်ဖို့ ပေးရမယ့်ဟာရှိတယ်။ အဲ့ဒီဟာအပြင် သူတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေ တချို့ဆို ရွာတွေစခန်းတွေဆိုလို့ရှိရင်တော့ အဝတ်တထည် ကိုယ်တစ်ခုနဲ့ ထွက်လာရတဲ့ အခြေအနေမျိုးတွေလည်းရှိတယ်။ အထူးသဖြင့် ရေလွှမ်းတဲ့စခန်းတွေ ရွာတွေဆိုရင်ပေါ့နော်။ အဲ့ဒါကြောင့် မို့လို့ သူတို့တွေအတွက် မီးဖိုဆောင်အသုံးဆောင်ပစ္စည်းကအစ လိုအပ်တာပေါ့နော်။ ပြန်လည်ထူထောင်ရေးအတွက် အချိန်ကာလကတော့ အချိန်ကာလတစ်ခုယူရမယ်။

ဆိုလိုချင်တာက အခုက ချောင်းတစ်ခုနဲ့တစ်ခု ဒေသတစ်ခုနဲ့တစ်ခု ကူးလူးသွားလာဖို့က နည်းနည်းအခက်အခဲ ဖြစ်နေသေးတဲ့ အခြေအနေမျိုးမှာ ကြားထဲမှာ မုန်တိုင်းက တခေါက်ပြန်ရိုက်ခတ်ဝင်လာခဲ့လို့ရှိရင် ဒါတွေက တော်တော်လေး ကြန့်ကြာနေအုံးမှာပေါ့။ ပြီးတော့မှ လုံလုံလောက်လောက် အထောက်ပံ့မရရှိသေးတာကလည်း ပြန်လည် ထူထောင်ရေးအတွက် လုပ်ဆောင်ပေးတဲ့အခါမှာ ပိုပြီးတော့မှ အချိန်နှောင့်နှေးကြန့်ကြာမှုကို ဖြစ်စေ တာပေါ့နော။ သူတို့ရဲ့အနိမ့်ဆုံး တဲလေးတစ်လုံးနဲ့ပြန်နေဖို့ သူ့ဟာနဲ့သူ နေရာတိုင်းမှာ သူတို့ပြန်နေရာချနိုင်ဖို့က သူတို့ အနည်းဆုံး၂ လ ၃ လကတော့ အချိန်ယူမှာပဲပေါ့နော်။

ပုံစာ – လွိုင်ကော်မြို့ရှိ ရေဘေးသင့်နေအိမ်တချို့။

မေး။ ။ ပြန်လည်ထူထောင်‌ရေးလုပ်ငန်းရော ဘယ်လောက်ထိ လုပ်နိုင်ပြီလဲ။ မုန်တိုင်းကလည်း ထပ်လာဖို့ရှိသေးတယ် ပြောနေကြတော့ ဘယ်လိုတွေပြင်ဆင်ထားတာရှိပါလဲ။

ဖြေ။ ။ အခုကတော့ ရွှေ့ပြောင်းဖို့လိုအပ်တဲ့သူတွေကိုတော့ တောက်လျှောက်သတိပေးနေတယ်ပေါ့နော။ သတိပေးတယ်ဆိုတာက လက်ရှိ သူတို့ရှိတဲ့မူရင်းနေရာကနေ သူတို့ကို တခြားနေရာ ရွှေ့ပြောင်းနေထိုင်ခိုင်းတဲ့ ဟာမျိုးပေါ့နော်။ ဆိုတော့ အဲ့ဒီဟာကို ကျနော်တို့တောက်လျှောက်လုပ်နေတယ်။ သတိပေးလည်း ပေးတယ်။ နေရာချထားရေးလည်း တောက်လျှောက်ဆောင်ရွက်ပေးနေတယ်ပေါ့နော်။ ပြန်ထူအတွက်ကတော့ တော်တော် လေး အခက်အခဲပဲဖြစ်မယ်။ ဖြစ်မယ်ဆိုတာ အခုလက်ရှိ ဒီပထမတကြောဝင်လာတဲ့အခါမှာ ဒီဘေးထိခံရတဲ့ ပြည်သူတွေကိုတောင်မှ အခုချိန်ထိ ကျနော်တို့က သူတို့ကိုနေရာချပေးဖို့က သူတို့ဆီကို ကျနော်တို့မရောက်နိုင်တဲ့ ဟာတွေရှိတယ်။

ဥပမာ-ဆိုလို့ရှိရင်တော့ လွိုင်ကော်အရှေ့ခြမ်းဆိုလည်း ဒီလွိုင်ကော်အရှေ့ခြမ်းမှာရှိတဲ့ အဲ့ဒီ ပတ်ဝန်းကျင်မှာရှိတဲ့ အစုအဖွဲ့တွေ အုပ်ချုပ်ရေးတွေ နောက်ကျနော်တို့ရဲ့ ရှိတဲ့ဌာနကလူတွေလောက်ပဲ ဦးစီးမှူးတွေလောက်ပဲ ဝိုင်းပြီးတော့မှ ကူညီဖြေရှင်းနေရတဲ့ အခြေအနေမျိုးတွေ ရှိတယ်။ သူတို့ ကြီးကြီးမားမား တကယ့် အဖွဲ့အစည်း တွေနဲ့ လာပြီးတော့မှ ဝိုင်းပြီးတော့မှ ကူညီဆောင်ရွက်ကယ်ဆယ်ရေးလုပ်နေရတဲ့ အခြေအနေက မရှိသေးဘူး။ ဥပမာ လွိုင်ကော်ပဲဖြစ်ဖြစ်၊ ရှားတောပဲဖြစ်ဖြစ်ပေါ့။ အခု ဒီးမော့ဆို ပွန်ချောင်းမှာတောင်မှ ကျနော်တို့စခန်း ၆ ခု ၇ ခုရှိတဲ့အထဲမှာဆိုရင် အမှတ် ၇ ဆိုရင် ကျနော်တို့ ဘယ်လိုမှ သွားလို့မရသေးဘူး။ ဟိုဘက်ကလည်း လာလို့ မရသေးဘူး။

အချိတ်အဆက်တောင်မှ ဒီလို စက်နဲ့လှမ်းပေါက်ပြီးတော့မှ အခြေအနေမေးရတဲ့ အခြေအနေမျိုးပဲရှိသေးတယ်။ ဒီတဖြတ်မှာ အခုရေဘေးသင့်ခံနေရတဲ့ ပြည်သူတွေတောင်မှ ဒီ ပြန်ထူအတွက်က အခုချိန်ထိ မစနိုင်သေးဘူး ပေါ့နော်။ ဆိုတော့ အဲ့ကြောင့်မို့ နောက်တကြိမ် ပြန်ဝင်လာမယ်ဆိုရင် ဒီပြန်လည်ထူထောင်ရေးက ပိုပြီးတော့မှ ခက်ခဲလာမယ်၊ ပိုပြီးကြန့်ကြာလာမယ်။ အခုနပြောတဲ့ ဒီအလွယ်တကူသွားလာလို့မရတဲ့ ဒီစိန်ခေါ်မှုတွေက ပြန်လည်ထူထောင်ရေးအတွက် ကူညီလုပ်ဆောင်ပေးနေရတဲ့ အဖွဲ့အစည်းတွေ အသင်းအဖွဲ့တွေ လူပုဂ္ဂိုလ်တွေ အတွက်ကတော့ တော်တော်လေး စိန်ခေါ်မှု ဖြစ်တာလေးတော့ ရှိတာပေါ့။

မေး။ ။ ခုနက ပြောသွားတဲ့ထဲမှာ ရေကြီးနေတဲ့အချိန်မှာပဲ စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးချိန် နှောင့်နှေးကြန့်ကြာသွားတဲ့ အခြေအနေမျိုး ရှိတယ်လို့ ပြောထားတယ်နော်။ ဆိုတော့ ဖြစ်ပျက်သွားတဲ့နေရာတွေက ဘယ်နေရာလဲဆိုတာ အတည်ပြုပြောပြလို့ရလား။

ဖြေ။ ။ အဓိက ကတော့ ဒီစစ်ကြောင်းထိုးတဲ့လမ်းကြောင်းလို့ ပြောလို့ရှိရင်တော့ ပြည်ထောင်စုလမ်းမကြီးလို့ပဲ ပြောရမှာပေါ့နော်။ ရှမ်းတောင်ကိုသွားတဲ့ လွိုင်ကော်ဆိုလို့ရှိရင်တော့ ဒီလွိုင်လင်လေး၊ ဆီဆိုင်ဘက်သွားတဲ့ဘက် မှာဆိုလို့ရှိရင် အဲ့ကနေ လွိုင်ကော်အဝင်ထိပေါ့နော်။ လွိုင်ကော်ကနေ ပြန်ထွက်လို့ရှိရင် ဒီးမော့ဆိုကိုသွားတဲ့ ပြည်ထောင်စု လမ်းမကြီးပေါ့လေနော။ ဒီးမော့ဆိုသွားတဲ့လမ်းမကြီးပိုင်းက အခုက စစ်ကြောင်းက ဒီးမော့ဆို – ငွေတောင် (၁၀၂) အထိ စစ်ကြောင်းက အဲ့မှာရှိနေတာပေါ့လေ။ စစ်ကြောင်းက အဲ့မှာရှိနေတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ လွိုင်ကော်အရှေ့ခြမ်းနဲ့ ရှားတောကိုသွားဖို့အတွက်က ကုန်းလမ်းဆိုရင်တော့ ဒီလမ်းကြောင်းတွေကိုသုံးပြီး သွားလာလို့ရတယ်။

ဒါပေမဲ့ အခုက ဒီလမ်းကြောင်းတွေမှာ စစ်ကြောင်းတွေ ရှိတာပေါ့နော်။ စစ်ကြောင်းထိုးထားတာ ရှိတယ်။ သူတို့က ပြန်မဆုတ်ဘူး။ သူတို့အဲ့မှာရှိနေတာ ဖြစ်တဲ့အတွက်ကြောင့် သွားလာလို့မရဘူးပေါ့နော်။ တခြား လမ်းကြောင်းလို့ ပြောလို့ရှိရင်တော့ အခုနပြောတဲ့ ရေကြောင်းဖြစ်တာပေါ့‌။ ပွန်ချောင်း ဖြစ်သွားတာပေါ့။ ပွန်ချောင်း တစ်ချောင်းလုံးက ခံနေတာပေါ့နော။ ခံနေတာဖြစ်တဲ့အတွက်ကြောင့် တခြားရေကြောင်းရော အခုနကပြောတဲ့ စစ်ကြောင်းရော ပိတ်တာပေါ့နော။ ကျနော်တို့ လွိုင်ကော်မြို့နယ် အရှေ့ခြမ်းနဲ့ ရှားတောမှာ ရေဘေးသင့်ပြည်သူကို ကယ်ဖို့က အဲ့ဒီဟာက ကျနော်တို့အတွက် အခက်အခဲဖြစ်နေတာပေါ့နော်။

NMG ပေးပို့သည်။