“နိုင်ငံတကာအထောက်အပံ့တွေ အလုံးအရင်းနဲ့ ဝင်လာမယ်ဆိုရင် ကုန်ဈေးနှုန်းတွေ ကျသွားမယ်။ ပြည်သူတွေ အမိုးအကာအောက်ကို ရောက်သွားမယ်။ မိုးရာသီ စပါးစိုက်ဖို့ အထောက်အကူဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီကို မျှော်လင့်နေကြတယ်” ရခိုင် ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်း

0
381
ပုံစာ - ဦးဖေသန်း/ နိုင်ငံရေး၊ စစ်ရေးလေ့လာသူ

မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းနှင့် အမေးအဖြေ

ဇွန်လ ၁ ရက်က စစ်ကောင်စီနှင့် AA အပါအဝင် မြောက်ပိုင်းသုံးဖွဲ့တို့ မိုင်းလားမှာတွေ့ဆုံပြီးနောက် ရခိုင်ပြည်အတွင်း INGO၊ NGO နဲ့ CSO အဖွဲ့များ ခရီးသွားလာခွင့်ကို စစ်ကောင်စီက တားမြစ်ခဲ့သည်။

စစ်ကောင်စီ တားမြစ်ချက်ကြောင့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မုန်တိုင်းဒဏ်ကြောင့် ခံစားနေရသည့် ဒုက္ခများကို စိတ်ရှည်သည်းခံပြီး စည်းလုံးမှုဖြင့် ဖြတ်ကျော်ကြရန် ရခိုင်ပြည်သူများကို တိုက်တွန်းစကားဆိုခဲ့သည်။

ထို့နောက်တွင် မုန်တိုင်းသင့်ပြည်သူများအား ကူညီနေသောအဖွဲ့များကို တားမြစ်ခြင်းမဟုတ်ဘဲ သက်ဆိုင်ရာအာဏာပိုင်များထံ အသိပေးပြီးမှ သွားလာကြဖို့ ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်လာခဲ့သည်။

သို့သော်လည်း NGO/INGO နှင့် အခြားအဖွဲ့များအတွက် ခရီးသွားခွင့်ပြုချက်များကို ယနေ့အထိ စစ်ကောင်စီက ယာယီဆိုင်းငံ့ထားဆဲဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းပေါင်းစပ်ရေးရုံး (မြန်မာ) UNOCHA-Myanmar က ထုတ်ပြန်ထားသည်။

မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် အင်အားပြင်း “မိုခါ” ဆိုက်ကလုန်း မုန်တိုင်းဒဏ် ဆိုးရွားစွာခံခဲ့ရသည့် ရခိုင်ပြည်မှာ ပြည်လည်ထူထောင်ရေးအတွက် အကူအညီများစွာ လိုအပ်နေသည်။

အထက်ပါ အခြေအနေများနှင့် ပတ်သက်ပြီး ရခိုင် ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်း၏ သဘောထားအမြင်ကို ဆက်သွယ်မေးမြန်းထားသည်။ ဦးဖေသန်းသည် မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် သြဂုတ်လက ရခိုင်အမျိုးသားပါတီ (ANP) ထိပ်ပိုင်းရာထူးမှ နုတ်ထွက်ခဲ့သည်။

မေး။ ။ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ လက်ရှိဆက်ဆံရေးအခြေအနေကို ဘယ်လိုတွေ့ရပါလဲ။

UPT။ ။ အခု အခက်အခဲဖြစ်နေတဲ့အချိန်မှာ ပိုပြီးတော့တောင် စစ်ကောင်စီဘက်က လိုက်လျောရမယ့်အစား ခရီးသွားခွင့်တွေကို လိုက်ပိတ်နေတဲ့အတွက် ULA/AA နဲ့ စစ်ကောင်စီတို့ တင်းမာမှုတွေ ဖြစ်သွားနိုင်တယ်။ တင်းမာမှုရှိသွားတယ် ဆိုပေမယ့် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောတဲ့ပုံစံအတိုင်း သူတို့မှာ သိပ်အခက်အခဲ ဖြစ်နေတဲ့အချိန်မှာ အားနဲ့ပြန်ပြီးတော့တိုက်ရင် ပြည်သူတွေပိုပြီးတော့ ဒုက္ခရောက်မှာစိုးလို့ မူလရည်မှန်းချက် အတိုင်း ဖြည်းဖြည်းနဲ့မှန်မှန် သွားမယ်ဆိုတဲ့ သဘောမျိုးရှိတယ်။

ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ စစ်ပွဲတွေကို ဖန်တီးလိုက်ရင် ပြည်သူတွေ ပိုပြီးဒုက္ခရောက်မှာ။ အဲဒါကြောင့် စစ်ရေး မတင်းမာစေချင်ဘူး။ တဘက်နဲ့တဘက် ဆက်ဆံရေးပြေလည်စေချင်တယ်။ နောက်ပိုင်းမှာ ယုံကြည်မှုတည်ဆောက်ပြီးတော့ နိုင်ငံရေးအားဖြင့် ဆွေးနွေးပွဲရလာဒ်ကောင်းတွေကို ရစေချင်တာတွေ့ရတယ်။

မေး။ ။ ဇွန်လဆန်းက စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ ဘာတွေ သိထားပါလဲ။

UPT။ ။ ကျနော်တို့ သိရသလောက်တော့ အဲဒီဆွေးနွေးပွဲမှာ မဟာမိတ် ၃ ဖွဲ့က တင်ပြခဲ့တဲ့ အချက် (၃) ချက် ရှိခဲ့တယ်။ မတရားအသင်းက ပယ်ဖျက်ပေးဖို့၊ ဖမ်းဆီးထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့၊ မိုခါမုန်တိုင်းနဲ့ အကူအညီတွေကို ဖွင့်ပေးဖို့ပေါ့။ ဒါပေမယ့် စစ်ကောင်စီဘက်ကတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ ပိုပြီးကျယ်ပြန့်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တာ၊ ဖက်ဒရယ်နဲ့ ပတ်သက်တာတွေကို ပြောခဲ့တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒီဘက်က ဘာမှတုံ့ပြန်ခဲ့တာ မရှိဘူး။ ဒါကြောင့် ဒီဆွေးနွေးပွဲက အထမမြောက်ခဲ့ဘူးပေါ့။ ရည်ရွယ်ချက်အတိုင်း မဖြစ်လာခဲ့ဘူး။

မေး။ ။ ရခိုင်မှာ မုန်တိုင်းသင့်ပြည်သူတွေ အကူအညီတွေ လိုအပ်နေကြတာရှိတယ်။ တစ်ဖက်မှာလည်း အဖွဲ့အစည်းတွေ ခရီးသွားလာခွင့်ကို စစ်ကောင်စီက ယာယီဆိုင်းငံ့ထားဆဲဖြစ်တယ်လို့ UNOCHA-Myanmar က ထုတ်ပြန်ထားပါတယ်။ ဒီအပေါ်မှာရော ဘယ်လိုသုံးသပ်ပါလဲ။

UPT။ ။ ပြည်သူတွေ ဒုက္ခရောက်တာကိုကြည့်ပြီး ULA/AA က အပစ်အခတ် ရပ်စဲခဲ့တာ။ အခုအချိန်မှာဆိုရင် ပိုပြီးတော့ ဒုက္ခရောက်နေရတဲ့ အနေအထားမှာရှိတယ်။ “မိုခါ”မုန်တိုင်းသင့် ပြည်သူတွေဟာ အမိုးအကာ အောက်ကိုတောင် တချို့ မရောက်နိုင်သေးဘူး။ စားသောက်ရေး ပြဿနာ အကြီးအကျယ် ဖြစ်ပေါ်နေတယ်။ ပြီးတော့ ကုန်ဈေးနှုန်းတွေကလည်း မတန်တဆတက်လာတယ်။ အဲဒီအချိန်မှာ နိုင်ငံတကာ အထောက်အပံ့ကို ပြည်သူတွေက မျှော်လင့်နေရတယ်။ နိုင်ငံတကာအထောက်အပံ့တွေ အလုံးအရင်းနဲ့ ဝင်လာမယ်ဆိုရင် ကုန်ဈေးနှုန်းတွေ ကျသွားမယ်။ ပြည်သူတွေ အမိုးအကာအောက်ကို ရောက်သွားမယ်။ မိုးရာသီ စပါးစိုက်ဖို့ အထောက်အကူ ဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီကို မျှော်လင့်နေကြတယ်။

အဲဒီအချိန် စစ်ကောင်စီဘက်က ဒီလိုပိတ်ခဲ့တဲ့အတွက် ULA/AA ကတော့ သူတို့ရဲ့ ကတိကဝတ်ကို ဖောက်ဖျက်တယ်ဆိုပြီးတော့ ကျေနပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့အနေနဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ပိုပြီး ဒုက္ခရောက်မှာစိုးလို့ တိုက်ပွဲမလုပ်တာ။ ဒါပေမယ့် ဒါက ကောင်းတဲ့ရလာဒ် မဟုတ်ပါဘူး။ ပြည်သူတွေကို ဒုက္ခပေးတယ်။ နိုင်ငံတကာရဲ့ အကူအညီကို ပိတ်ပင်တယ်ဆိုတာ ဘယ်အစိုးရမှ မရှိဘူး။ ဒါကြောင့် ဒီအစိုးရ (စစ်ကောင်စီ) ရဲ့ လုပ်ဆောင်ချက်ဟာ နိုင်ငံတကာအကူအညီတွေကို သူတို့လက်နဲ့ သူတို့ လုပ်ဆောင်ချင်လို့၊ ကျဆင်းနေတဲ့ပုံရိပ်တွေကို ပြန်ပြီး အဖတ်ဆယ်ချင်တဲ့အတွက် လူထုဆီမှာ သူတို့ကို အမြင်မှန်လာအောင် ကြိုးစားတဲ့အခါမှာ နိုင်ငံတကာရဲ့ အကူအညီတွေကို နိုင်ငံရေး အမြတ်ထုတ်ဖို့ ကြိုးစားချင်နေတယ်။ အဲဒါလည်း မဖြစ်သင့်ဘူး။ ဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ အကူအညီကို နိုင်ငံရေးအရ အမြတ်ထုတ်တာ မလုပ်ကောင်းဘူး။

မေး။ ။ ရခိုင်မှာ အခုလို ကန့်သတ်မှုတွေက စစ်ကောင်စီနဲ့ အေအေရဲ့ ဆက်ဆံရေးကို ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်မယ်လို့ ယူဆပါလဲ။

UPT။ ။ သက်ရောက်မှုတွေ ရှိတယ်။ သူတို့ (စစ်ကောင်စီ) အနေနဲ့ ရိက္ခာတွေက ULA/AA ဘက်ကို တစုံတရာအထိ ရောက်သွားမှာကိုလည်း စိုးရိမ်တဲ့ သဘောရှိတယ်။ ဒါကြောင့် ကန့်သတ်မှုတွေ လုပ်ချင်တာပေါ့။ ပထမတစ်ချက်က သူများအလှူနဲ့ မျက်နှာရအောင် လုပ်ချင်တာတဖက်၊ နောက်တစ်ခုက တိတိကျကျ ပြည်သူလက်ထဲကို မရောက်ဘဲ ပြည်သူတွေကတဆင့်ဖြစ်စေ၊ တခြားကပဲဖြစ်စေ ULA/AA လက်ထဲကို ရောက်သွားမှာကို သူတို့ စိုးရိမ်ပုံရတယ်။ ဒါပေမယ့် ULA/AA ကတော့ ဘာမှတော့ မဖြစ်သေးဘူး။ အဲလိုဖြစ်ဖို့ အကြောင်းတစ်ရပ်တော့ စစ်ကောင်စီဘက်ကစပြီး မီးမွှေး၊ ရန်စလိုက်သလိုတော့ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကတိကဝတ်ကို ချိုးဖောက်ပြီး လုပ်လာတဲ့အတွက် အခုအချိန်မှာ သူတို့နှစ်ဘက်ကြားမှာ တိုက်ပွဲတွေ မပေါ်လာနိုင်သေးရင်တောင် တိုက်ပွဲတွေ ဖြစ်လာဖို့အတွက် စစ်ကောင်စီဘက်ကစပြီး ရန်စလိုက်တဲ့ အချက်တစ်ခုလို့ ပြောလို့ရတယ်။

မေး။ ။ ရခိုင်မှာ စစ်ကောင်စီကနေပြီးတော့ ရခိုင်က မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးကဏ္ဍကို စီမံဖို့အတွက် စစ်ဗိုလ်ချုပ်တွေကို တာဝန်ပေးထားတာတွေ ရှိပါတယ်။ မြေပြင်မှာ အကူအညီရရှိမှုတွေ ဘယ်လိုတွေ့ရလဲ။

UPT။ ။ ကျနော်ကြားတာကတော့ ပြည်ထောင်စုအစိုးရဆီက ချပေးတဲ့ ဘတ်ဂျက်တော့ သိန်းပေါင်း ခုနစ်သောင်းပေါ့။ အဲဒါတွေကို စီမံခန့်ခွဲဖို့ ပါကောင်းပါနိုင်တယ်။ ဒေတာအချက်အလက်တွေကို ကောက်ပြီးတော့ နိုင်ငံတကာ အကူအညီတွေနဲ့၊ သူများအလှူနဲ့ မျက်နှာယူဖို့ကြိုးစားမယ့် အစီအစဉ်တွေချပြီးတော့ လာခဲ့တာလို့ ထင်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က ပြည်သူတွေကို လုံလုံလောက်လောက် ထောက်ပံ့ပေးကမ်းတာ မတွေ့မိသေးဘူး။ အဲဒီ ဗိုလ်ချုပ်တွေကတော့ ပထမဆုံး သူတို့ရဲ့စီမံချက်တွေကို အကောင်အထည်ဖော်ဖို့နဲ့ နိုင်ငံတကာ အကူအညီတွေကို နိုင်ငံရေး အမြတ်ရနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ အရင်လက်ဦးမှု ရယူထားတယ်လို့ ပြောလို့ ရပါတယ်။

မေး။ ။ ရခိုင်မှာ မုန်တိုင်းသင့်ဒေသတွေကို စစ်ကောင်စီက လွတ်လပ်စွာကူညီခွင့် မပေးတာဟာ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနိုင်တယ်လို့ သုံးသပ်လို့ရပါလဲ။

UPT။ ။ နှစ်ပိုင်းရှိတယ်။ ပထမတစ်ပိုင်းကတော့ သူတို့လက်နဲ့ သူတို့ မလုပ်ရလို့ပေါ့နော်။ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အောက်ခြေမှာ သူတို့အဖွဲ့အစည်းတွေကို သူတို့ အားကိုးပြီးတော့ ဖြန့်ဝေတာ။ CSO၊ NGO/INGO က တဆင့် ကူညီကယ်ဆယ်ရေးတွေ လုပ်တယ်။ စစ်ကောင်စီက အဲဒါကိုတားပြီး သူတို့ လုပ်လို့ရအောင် သူတို့ပုံရိပ်တွေနဲ့ သွားလှူတယ်ဆိုတဲ့၊ သူတို့ ခွင့်ပြုချက်ရမှဆိုတဲ့ အပိုင်းတွေကို တွေ့မြင်ရတယ်။ လူထုကတော့ ဘယ်သူက စေတနာရှိတယ်၊ ဘယ်သူက ဟန်ပြလုပ်နေတယ်ဆိုတာကို သိပါတယ်။

မေး။ ။ ရခိုင်မှာ ရက္ခိုင့်တပ်တော် (AA) ကရော ရခိုင်က မုန်တိုင်းသင့်ပြည်သူတွေကို ဘယ်လိုကူညီပေးတာတွေ တွေ့ရပါသလဲ။

UPT။ ။ ULA/AA ကတော့ ရွာတိုင်း၊ ရွာတိုင်းမှာ အိမ်ခေါင်မိုး လုပ်ပေးတာတို့၊ ပျက်စီးသွားတဲ့ တံတားတွေကို လုပ်ပေးတာတွေကို တွေ့ရပါတယ်။ စစ်ကောင်စီဘက်ကတော့ သူတို့ဘက်က အလှူငွေ နည်းနည်းနဲ့ ပေးတာ ကမ်းတာကို တွေ့ရတယ်။ ကိန်းဂဏန်း အတိအကျတော့ မသိဘူး။ ULA/AA ဘက်ကတော့ အဲလောက်ထိ ငွေရေးကြေးရေး အားဖြင့်တော့ မသုံးနိုင်ဘူးပေါ့နော်။ ပြည်သူတွေကို လုပ်အားပေးနဲ့ တခြားနည်းနည်းပါးပါး ထောက်ပံ့ပေးတာတော့ ရှိတာပေါ့။

မေး။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here