“နည်းလမ်းမရှိဘဲ တိုက်ပွဲပဲ လုပ်နေကြမယ်ဆိုရင် ပြည်တွင်းမှာ ပိုဆိုးသွားတာပဲ ရှိတယ်။ ကျွန်တော်တို့သုံးဖွဲ့က တွေ့ဆုံညှိနှိုင်းရေး၊ နိုင်ငံရေးကို စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့လမ်းစဉ်ကို စွဲကိုင်ထားတယ်” ဒုတိယဗိုလ်မှူးကြီးစိုင်းဆု (ပြောခွင့်ရသူ – ရှမ်းပြည်တိုးတက်ရေးပါတီ/SSPP)

0
417
ပုံစာ -SSPP ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးစိုင်းဆု

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးစိုင်းဆုနှင့် အမေးအဖြေ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးထားတဲ့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် “ဝ” အဖွဲ့ UWSP ၊ မိုင်းလားအဖွဲ့ NDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကိုယ်စားလှယ်တွေဟာ စစ်ကောင်စီ၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ကော်မတီ (NSPNC) နှင့် ပြီးခဲ့သည့် ဇူလိုင် ၂၀ နဲ့ ၂၁ ရက်နေ့တို့တွင် နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ရက်တာဆွေးနွေး ညှိနှိုင်းချက်တွေအရ နှစ်ဖက်သဘောထားတွေကို ထပ်မံဆွေးနွေး ကြပြီး အပြီးသတ်ရရှိလာသည့် သဘောတူညီချက်တွေကို အတည်ပြုလက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ကော်မတီ (NSPNC) နှင့် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်သုံးဖွဲ့ရဲ့ နှစ်ရက်တာ ဆွေးနွေးမှုတွေမှာ ဘယ်အချက်တွေကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာပါလဲ၊ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုနဲ့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ စစ်ကောင်စီနဲ့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ နှစ်ရက်တာဆွေးနွေးပွဲမှာ ဘာတွေဆွေးနွေးဖြစ်ပါလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ။ ။ ကျွန်တော် ထွေထွေထွေထူးထူးတော့ သိပ်မသိပါဘူးခင်ဗျ။ ကျွန်တော်တို့သုံးဖွဲ့နဲ့ တပ်မတော် ညှိနှိုင်းရေးအဖွဲ့နဲ့က ပဉ္စမအကြိမ် ပြီးသွားပြီပေါ့။ လွန်ခဲ့တဲ့ လေးကြိမ်က ကျွန်တော်တို့နဲ့ သူတို့ ညှိနှိုင်းဆွေးနွေးတာတွေကို ပြန်စုစည်းပြီးတော့ တစ်ဘက်နဲ့တစ်ဘက် ပြန်လည်ညှိနှိုင်းပြီးတော့ လက်မှတ် ပြန်ထိုးတာမျိုးတွေလည်း ရှိပါတယ်။ နောက်တစ်ခုက ဆွေးနွေးနိုင်သေးတာက ငြိမ်းချမ်းရေးညီလာခံက တစ်နိုင်ငံလုံးမှာ ဖြစ်ပျက်နေတဲ့ စုံစုံလင်လင် မတက်နိုင်သေးတော့ စောသေးပါတယ်ပေါ့။ သူတို့ ငြိမ်းချမ်းရေး ညီလာခံလုပ်ချင်တဲ့ ကိစ္စက ဘယ်လိုရည်မှန်းချက်တွေလဲပေါ့။ ကျွန်တော်တို့က မေးခွန်းထုတ်တာပေါ့။ သူတို့ကလည်း ရှင်းပြတာပေါ့။ ရှင်းပြတယ်ဆိုတာက အဖွဲ့တိုင်း အဖွဲ့တိုင်းမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ NCA လက်မှတ် ထိုးတဲ့အဖွဲ့တွေရော၊ လက်မှတ် မထိုးတဲ့အဖွဲ့တွေရော၊ သဘောတူ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေအားလုံး ပြန်လည်စုစည်းပြီးတော့ ညီလာခံမှာသွားပြီး လက်မှတ်ထိုးခိုင်းတာပေါ့။

သူတို့က၊ အဲဒီလို ထိုးခိုင်းပြီးတော့ ဘယ်အစိုးရပဲတက်လာလာ သူတို့က စီမံအုပ်ချုပ်ရေးကောင်စီအဖြစ် လာမယ့်အစိုးရ တွေများ ဘယ်အစိုးရ ဖြစ်ဖြစ်ပေါ့၊ ဆက်ပြီးတော့ အလုပ် လုပ်သွားနိုင်အောင်ဆိုပြီးတော့ ညီလာခံထဲမှာ လက်မှတ်တွေ ပြန်ထိုးပြီးတော့မှ လာမယ့်အစိုးရပေါ့ တင်ပြလို့ရအောင် သူတို့ အဓိက ရည်မှန်းချက်ပေါ့ ဆွေးနွေးတာ ရှိတယ်။ လတ်တလော ကျွန်တော်တို့က အဲဒီကိစ္စကို ပါဝင်ဆွေးနွေးတာ မရှိဘူး။ လုပ်နိုင်တဲ့ အခြေအနေလည်း မရှိသေးတာကြောင့်လည်း ဖြစ်တယ်။ ဆွေးနွေးတင်ပြတာကတော့ သူတို့ဘက်က ဖြစ်ချင်တာတွေ ဆွေးနွေးတယ်။ ကျွန်တော်တို့လည်း ကိုယ်စားလှယ်အနေနဲ့ နားလည်ပေမယ့် နောက်တန်းရှိတဲ့ သုံးဖွဲ့ရဲ့ ဗဟိုကော်မတီဝင်တွေ အားလုံးနားလည်ဖို့ အချိန်ယူရပါမယ်။ လတ်တလောမှာ ကျင်းပမယ်ဆိုရင် ကျွန်တော်တို့ မတက်ရောက်နိုင်သေးဘူးလို့ ဆွေးနွေးတယ်။

မေး။ ။ စစ်ကောင်စီက နှစ်ဖက်ဆွေးနွေးကနေ ရရှိလာတဲ့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့တယ် လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဘာတွေ သဘောတူလက်မှတ်ရေးထိုးခဲ့တာလဲ။

ဖြေ။ ။ ဘယ်လိုသဘောတူတယ်ဆိုတာ အသစ်အဆန်းတော့ မရှိဘူးခင်ဗျ။ ကျွန်တော်တို့ လွန်ခဲ့တဲ့လေးကြိမ်က နှစ်ဖက်ဆွေးနွေးတာတွေ ပြန်လည်စုစည်းပြီး လက်မှတ်ပြန်ထိုးတာလည်း ရှိပါတယ်။ အထူးအထွေတော့ မရှိဘူး။ ငြိမ်းချမ်းရေးညီလာခံ လုပ်ချင်တာ ဘယ်လိုမြင်လဲပေါ့။ သူတို့လုပ်ချင်တာ ဘာညာထောက်ခံလား၊ မထောက်ခံလား ဆိုတာမျိုးပေါ့။ ကျွန်တော်တို့လည်း နားလည်တယ်။ ထောက်ခံမှု၊ မထောက်ခံမှု ကိစ္စက ကိုယ်စားလှယ် အနေနဲ့ပဲဆိုတော့ အဖွဲ့အစည်းရဲ့သဘောထား ပြေပြေလည်လည် မဆွေးနွေးရသေးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြေပြေလည်လည် မပြောနိုင်သေးဘူး။ လတ်တလောမှာ ညီလာခံလုပ်မယ်ဆို ကျွန်တော်တို့က မတက်နိုင်သေးဘူး။ ပါဝင်တက်ရောက်နိုင်ဖို့ ကျွန်တော်တို့ သုံးဖွဲ့က အဆင်သင့်မဖြစ်သေးဘူး။ ကျွန်တော်တို့ ဆွေးနွေးတာတွေ ပြန်စုစည်းပြီး တစ်ချက်ပေါ့ ညီလာခံကျင်းပဖို့ ဒီနှစ်ချက်ပဲ။ ထွေထွေထူးထူး မရှိသေးဘူး။

မေး။ ။ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေမှာ ဒေသဖွံ့ဖြိုးရေးအတွက်ရော ဘာတွေဆွေးနွေးတာတွေ ရှိပါလဲ။ စစ်ကောင်စီရဲ့ သဘောထားကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ဒေသဖွံ့ဖြိုးရေးအတွက် ကျွန်တော်တို့က ဆွေးနွေးတာတွေကို သူတို့က လုပ်နိုင်တာတွေ၊ ကူနိုင်တာတွေ အဲဒီလိုတွေ ရှိတာပေါ့။ ဒေသဖွံ့ဖြိုးရေးကျတော့ ကျွန်တော်တို့ ညှိနှိုင်းတောင်းဆိုတာတွေ ရှိတယ်။ သူတို့အဖြေ မပေးနိုင်တာတွေလည်း ရှိတယ်။ သူတို့ ပြန်ပြောနိုင်တာမျိုးတွေ ရှိပါတယ်။ ထွေထွေထူးထူးတော့ မရှိသေးဘူး။ ပြည်တွင်းစီးပွားရေး အကျပ်အတည်းဖြစ်နေတဲ့ ကိစ္စမှာလည်း ဒေသဖွံ့ဖြိုးရေး ကိစ္စကလည်း သူတို့ဘက်မှာ အခက်အခဲရှိတာပေါ့။ တချို့ဟာတွေ သူတို့မကူနိုင်တာတွေ၊ လမ်းတံတားနဲ့ ပြောမယ်ဆိုရင် ကတ္တရာတို့ ဘာတို့ တောင်းဆိုထားတာ ရှိတယ်။ လောလောဆယ်မှာ သူတို့လည်း အကျပ်အတည်းရှိတာပေါ့။ တချို့ဟာတွေ မကူနိုင်တာ ရှိတာပေါ့။ ကျန်တဲ့ဟာတွေ အသေးအဖွဲ့တွေလည်း ရှိတာပေါ့။

မေး။ ။ နောက်ဆုံးအနေနဲ့ စစ်ကောင်စီနဲ့ ၅ ကြိမ်အထိ တွေ့ဆုံဆွေးနွေးထားပြီးဆိုတော့ ဘယ်လို သဘောတူချက်တွေနဲ့ ဘာတွေရရှိထားပြီလို့ ပြောလို့ရပါလဲ။ ရှင်းပြပေးပါဦး။

ဖြေ။ ။ ဘယ်လိုအခြေအနေရှိလဲဆိုတော့ ကျွန်တော်တို့က ပစ်ခတ်တိုက်ခိုက်နေတာထက် အပြန်အလှန် ကြည့်ပြီး ဖြေရှင်းနေတာထက် ကျွန်တော်တို့က တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းဆောင်ရွက်တာ ကောင်းတာပေါ့။ စကားလုံးတစ်ခုမှာ ဖြေရှင်းရမယ့် လမ်းစဉ်ကို အပြုသဘောဆောင်တဲ့ သဘောထားကို ရပ်တည်ကြတာကိုး။ နောက်ပြီး ကျွန်တော်တို့မှာ လက်မှတ်ထိုးထားတဲ့ ငြိမ်းချမ်းရေး ကတိကဝတ်တွေများနဲ့ နယ်မြေတည်ငြိမ် အေးချမ်းရေး ဒေသခံရဲ့စားဝတ်နေရေး ဖူလုံရေး ပညာရေး၊ ကျန်းမာရေး လုပ်နိုင်မှာပါ။ စစ်ပွဲကို မဖြစ်ချင်လို့ နေ့တိုင်း ဆွေးနွေးတာတွေပဲ ဖြစ်ပါတယ်။ ဖြေရှင်းတာတော့ ကောင်းတာပေါ့။ အေးအေးချမ်းချမ်း ဖြစ်တာပေါ့။ နည်းလမ်းမရှိဘဲ တိုက်ပွဲပဲ လုပ်နေကြမယ်ဆိုရင် ပြည်တွင်းမှာ ပိုဆိုးသွားတာပဲ ရှိတယ်။ ကျွန်တော်တို့သုံးဖွဲ့က တွေ့ဆုံညှိနှိုင်းရေး၊ နိုင်ငံရေးကို စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့လမ်းစဉ်ကို စွဲကိုင်ထားတယ်။ အဲဒီအတွက်ကြောင့် ဒီဟာတွေကို အကောင်အထည်ဖော်နေတာပဲ ဖြစ်ပါတယ်။ ကြီးကြီးကျယ်ကျယ် မျှော်လင့်ချက် မရှိပေမယ့် ကျွန်တော်တို့ နယ်မြေဒေသမှာ တည်ငြိမ်အေးချမ်းဖို့ ကျွန်တော်တို့ ဦးစားပေးအနေနဲ့ ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here