“ဒေသခံတွေက ကြောက်တာပေါ့။ အခုဆို ဖြစ်တဲ့ညကစပြီး အခုထိ ကောင်းကောင်းမအိပ်ရဲကြတော့ဘူး။ အကုန်လုံးက ညဆိုလာမလား ဖြစ်နေကြပြီ။ စစ်အုပ်စုဘက်ကလည်း ဒါကိုလိုချင်လို့ ပြည်သူတွေကို ပစ်မှတ်ထားပြီး တမင်လာတိုက်တာ” ခမ်းပတ်မြို့ဒေသခံတစ်ဦး

0
209
ပုံစာ - ဧပြီ ၂၂ ရက်နေ့က ခါမ်းပါတ်မြို့နှင့်ကလေးမြို့ကို စစ်ကောင်စီလေတပ်က ဗုံးလာကြဲပြီးနောက်မြင်ကွင်း။

ပြည်သူ့အုပ်ချုပ်ရေးစနစ်လည်ပတ်နေသည့် ခါမ်းပါတ်မြို့ လေကြောင်းတိုက်ခိုက်ခံခဲ့ရမှုအခြေအနေ၊ ထိခိုက်ဒဏ်ရာရသေဆုံးမှုနှင့် လက်ရှိအခြေအနေကို ခမ်းပတ်မြို့ဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်ကိုင်းတိုင်း၊ ခါမ်းပါတ်မြို့နှင့် ကလေးမြို့ကို ပြီးခဲ့သည့် ဧပြီလ ၂၂ ရက် မနက်အစောပိုင်းတွင် စစ်ကောင်စီ တပ်က လေကြောင်းနှင့် တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအရပ်သား ၅ ဦး သေဆုံးပြီး ၁၂ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

ခါမ်းပါတ်မြို့သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေး စနစ် လည်ပတ်နေသည့် မြို့လည်းဖြစ်သောကြောင့် လေကြောင်းတိုက်ခိုက်ခံခဲ့ရမှုအခြေအနေ၊ ထိခိုက်ဒဏ်ရာရ သေဆုံးမှုနှင့် လက်ရှိအခြေအနေကို ခမ်းပတ်မြို့ဒေသခံကိုကျော်အောင် (အမည်လွှဲ) ကို ဆက်သွယ်မေးမြန်း ထားပါသည်။

မေး။ ။ ခါမ်းပါတ်မြို့လေကြောင်းတိုက်ခိုက်ခံရပုံနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ။ ။ ခါမ်းပါတ်မြို့နဲ့ ကလေးမြို့နယ်ထဲက စော်ဘွားရေရှင်ကျေးရွာကို စကစ (စစ်ကောင်စီ) က မနက်အစောပိုင်း လူအိပ်ချိန် နှစ်နာရီလောက်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတာ။ ပေါင် ၅၀၀ ဗုံးတွေနဲ့။ အိမ်တွေပါ တုန်တယ်။ အားလုံးမထင်မှတ်ထားတဲ့အချိန် အိပ်နေချိန်မှာ လာပစ်တာဆိုတော့ ကလေးတွေဆိုကြောက်လွန်းလို့ နေစရာ မရှိဘူး။ ခါမ်းပါတ်မြို့ (၁) ရပ်ကွက်နဲ့ (၄) ရပ်ကွက်ကို ဗုံးကြဲတာ။ အဲ့ဒီမှာ ၁၈ နှစ်အရွယ် မိန်းကလေး တစ်ဦးနဲ့ ၂၆ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးသေတယ်။ ပွဲချင်းပြီးပဲ။ ကောင်လေးက ခေါင်းပြတ်သွားတယ်။ သူက ဘာသာရေးဆရာရဲ့သားလည်း ဖြစ်တယ်။ ကောင်မလေးလည်း အစိတ်စိတ်အမွှာမွှာပဲ။ စော်ဘွားရေရှင် ကကြ ၃ ဦး သေတယ်။ ဒဏ်ရာရသူက နှစ်ခုပေါင်းဆို ၁၂ ယောက်လောက် ရှိမယ်။ ခါမ်းပါတ်က ၅ ယောက်၊ စော်ဘွားရေရှင်က ၇ ယောက်။ အဲ့ဒီထဲမှာ စိုးရိမ်ရတဲ့သူတွေလည်း ရှိနေသေးတယ်။ ဒဏ်ရာရတဲ့ထဲ ကလေးငယ် တစ်ယောက်လည်း ပါတယ်။

မေး။ ။ ဗုံးလာကြဲတဲ့အချိန်မှာ ဒေသတွင်းတိုက်ပွဲတွေရော ရှိနေပါသေးလား။

ဖြေ။ ။ မရှိဘူး၊ ဘာတိုက်ပွဲမှ မရှိဘဲနဲ့ လူအိပ်ချိန်ကြီးကို လာကြဲတာ။ ခါမ်းပါတ်က တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတာဆိုတော့ သူတို့ (စကစ) လာကြဲတာနေမှာပေါ့။ လာကြဲတဲ့ နေရာနှစ်နေရာက ခါမ်းပါတ်နဲ့ စော်ဘွားရှင်က ရွာလေးရွာပဲခြားတယ် လုပ်သွားတာ။

မေး။ ။ ဗုံးလာကြဲပြီးနောက် ဒေသခံတွေရဲ့အခြေအနေရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ဒေသခံတွေက ကြောက်တာပေါ့။ အခုဆို ဖြစ်တဲ့ညကစပြီး အခုထိ ကောင်းကောင်း မအိပ်ရဲ ကြတော့ဘူး။ အကုန်လုံးက ညဆိုလာမလား ဖြစ်နေကြပြီ။ စစ်အုပ်စုဘက်ကလည်း ဒါကိုလိုချင်လို့ ပြည်သူတွေကို ပစ်မှတ်ထားပြီး တမင်လာတိုက်တာ။ တော်လှန်ရေးအဖွဲ့ထဲရောက်တာ မင်းတို့ကောင်းကောင်း မအိပ်ရဘူး။ အမြဲတမ်း ကြောက်ရွံ့နေရမယ်ဆိုပြီး သူတို့လာပစ်တာ။ အရင် နှစ်အစ (ဇန်နဝါရီလ) တုန်းကလည်း တနင်္ဂနွေနေ့ကြီး ဘုရားကျောင်း၊ စာသင်ကျောင်းကို လာပစ်တာ ၁၇ ယောက် သေသွားသေးတယ်လေ။ ဘုရားကျောင်း တက်နေချိန်ကြီး ကလေးတွေရောပါတယ် သေသွားတာ။

ပုံစာ – ဧပြီ ၂၂ ရက်နေ့က ခါမ်းပါတ်မြို့နှင့်ကလေးမြို့ကို စစ်ကောင်စီလေတပ်က ဗုံးလာကြဲပြီးနောက်မြင်ကွင်း။

မေး။ ။ လက်ရှိမှာ ခါမ်းပါတ်မြို့တွင်း တော်လှန်ရေးအဖွဲ့တွေအခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကတော့ ပုံမှန်အတိုင်း လည်ပတ်နေပါတယ်။ ဒေသခံတွေလည်း မြို့တွင်း ပြန်နေထိုင်နေကြပါပြီ။ ဒါပေမယ့် အခုဗုံးထပ်ကြဲခံရတော့ အခြေအနေဘယ်လိုရှိလာမလဲ မသိသေးဘူး။ အကုန်လုံးက တအားကြောက်သွားကြတာကိုး။ စစ်ကောင်စီဘက်ကတော့ သူတို့လက်လွှတ်ထားရတော့ မရရအောင် တိုက်ခိုက်နေမှာပဲလို့ ထင်တာပဲ။

မေး။ ။ ဘာများဖြည့်စွက် ပြောချင်တာရှိပါသေးလဲ။

ဖြေ။ ။ ပြောချင်တာကတော့ ဒီလိုမြို့တွေကို ထိန်းချုပ်ပြီးရင်လည်း လုံခြုံရေးအစီအမံတွေ သေချာ လုပ်သင့်ပါတယ်။ ပြည်သူတွေကလည်း ရှောင်စရာတိမ်းစရာဆိုတာ အချိန်ပြည့် မရှောင်နိုင်တော့ ကိုယ့်ရပ် ကိုယ့်ရွာကိုပဲ ပြန်လာနေချင်ကြတာဆိုတော့ သေချာစောင့်ရှောက်မှုတွေ လုပ်ပေးစေချင်တာပေါ့။ ကာကွယ်ရေး တပ်ဖွဲ့တွေရော NUG ကိုရော ပြောချင်တာက ပြည်သူတွေကိုလည်း မပစ်ထားပါနဲ့။ ပြည်သူတွေကို ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်နေတဲ့ စစ်အုပ်စုကိုလည်း အမြန်ဆုံး အမြစ်ဖြတ်ပေးကြပါလို့။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here