1 ဇူလိုင် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ဒီမှတ်တမ်းအချက်အလက်တွေက တချိန် တရားမျှတမှုဖော်ဆောင်ဖို့လုပ်ဆောင်တဲ့အခါမှာ သက်သေတွေအနေနဲ့ ကျူးလွန်သူတွေ ပြန်ပြီးအပြစ်ပေးအရေးယူမှုခံရအောင် လုပ်ဆောင်သွားမှာဖြစ်သလို ရှင်သန်ကျန်ရစ်သူအတွက် ပြန်လည်ထူထောင်ရေး ကိစ္စတွေမှာ ပိုပြီးထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်ဖို့လည်း...

“ဒီမှတ်တမ်းအချက်အလက်တွေက တချိန် တရားမျှတမှုဖော်ဆောင်ဖို့လုပ်ဆောင်တဲ့အခါမှာ သက်သေတွေအနေနဲ့ ကျူးလွန်သူတွေ ပြန်ပြီးအပြစ်ပေးအရေးယူမှုခံရအောင် လုပ်ဆောင်သွားမှာဖြစ်သလို ရှင်သန်ကျန်ရစ်သူအတွက် ပြန်လည်ထူထောင်ရေး ကိစ္စတွေမှာ ပိုပြီးထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်ဖို့လည်း ရည်ရွယ်ပါတယ်” နော်ခင်စန်းထွေး/ အထွေထွေအတွင်းရေးမှူး (မြန်မာ့အမျိုးသမီးသမဂ္ဂ – BWU)

ပဋိပက္ခကြောင့်ထိခိုက်ခံစားခဲ့ရသူအမျိုးသမီးများ တရားမျှတရေးအတွက် BWU က လုပ်ဆောင်နေမှုများနှင့်ပတ်သက်ပြီး BWU အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေး(ခ) ဖိုးဒါးနှင့်မေးမြန်းချက်။

ပဋိပက္ခကြောင့် ထိခိုက်ခံစားခဲ့ရသူ အမျိုးသမီးများ၏အသံများကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ရန်ရည်ရွယ်၍ ရိုက်ကူးထားသော ရုပ်သံဇာတ်လမ်းတိုများ မိတ်ဆက်ပြသသည့် အခမ်းအနားကို မြန်မာ့အမျိုးသမီးသမဂ္ဂ-BWU (Burmese Women’s Union) က စက်တင်ဘာ ၁၇ ရက်နေ့က ထိုင်နိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့ပါသည်။

ရုပ်သံဇာတ်လမ်းတိုများ၏ ရည်ရွယ်ချက်နှင့် ပဋိပက္ခကြောင့် ထိခိုက်ခံစားခဲ့ရသူ အမျိုးသမီးများအတွက် တရားမျှတရေး BWU က ရှေ့ဆက်လုပ်ဆောင်နေသည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး BWU အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေး (ခ) ဖိုးဒါးကို မေးမြန်းထားပါသည်။

မေး။ ။ “ရှင်သန်လွတ်မြောက်သူများ၏ တရားမျှတမှုနှင့် အတိတ်၏အရိပ်မည်းများအောက်မှ လွတ်မြောက်ရန်အတွက် တိတ်ဆိတ်မှုကိုဖြိုခွင်းခြင်း” ရုပ်သံဇာတ်လမ်းတို (၄) ခု မိတ်ဆက်ရခြင်းရဲ့ ရည်ရွယ်ချက်ကို အရင်ပြောပေးပါ။

ဖြေ။ ။ ရည်ရွယ်ချက်ကတော့ လက်ရှိမြန်မာနိုင်ငံမှာ အမျိုးသမီးတွေအနေနဲ့ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ဆက်လက်ရင်ဆိုင်ခံစားနေရဆဲဆိုတာ မီးမှောင်းထိုးပြချင်တာဖြစ်သလို ရှင်သန်လွတ်မြောက်လာသူတွေကို ပတ်၀န်းကျင်က ပြစ်တင်ရှုတ်ချတာ ခွဲခြားဆက်ဆံတာမျိုးတွေ လျော့ချပြီး အရေးပေါ် အကူအညီတွေနဲ့ တရားမျှတမှု ဖော်ဆောင်တဲ့လမ်းကြောင်းမှာ ပိုပြီးပါ၀င်လာကြဖို့ကို ရည်ရွယ်ပြီး စီစဉ်တာ ဖြစ်ပါတယ်။

မေး။ ။ ဒီဇာတ်လမ်းတို (၄) ခုထဲမှာ “The dirty women” ဇာတ်လမ်းတိုဆိုရင် ရိုးရာဓလေ့ထုံးတမ်းတွေ၊ အစဉ်အလာတွေကနေ လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးတွေ‌အပေါ် ဖိနှိပ်မှုတွေ၊ မမျှမတဆက်ဆံခံရမှုတွေကို မြင်သာစေပါတယ်။ ဒီဇာတ်လမ်းတိုက မြန်မာနိုင်ငံရဲ့ဘယ်ဒေသ၊ ဘယ်လိုလူ့အဖွဲ့အစည်းကို အခြေခံထားပါလဲ။ နောက်ပြီး မြန်မာနိုင်ငံအတွင်း တခြားသော ဘယ်လိုမျိုးအစဉ်အလာတွေ၊ ရိုးရာဓလေ့တွေကရော အမျိုးသမီးတွေ အပေါ် ပစ်မှတ်ထားဖိနှိပ်တဲ့၊ တန်းတူညီမှုမရှိတဲ့၊ မျှတမှုမရှိတဲ့ ရိုးရာဓလေ့တွေကို သတိပြုမိစေပါလဲ။

ဖြေ။ ။ “The Dirty Women” လို့ ပေးထားတဲ့ခေါင်းစဉ်အတိုင်းပဲ လက်ရှိမြန်မာနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံထားရတဲ့၊ မုဒိမ်းကျင့်ခံထားရတဲ့အမျိုးသမီးတွေကို “မသန့်တော့တဲ့အမျိုးသမီး၊ အကျင့်ပျက်အမျိုးသမီး” တွေအဖြစ် လက်ရှိအချိန်ထိ ရပ်ရွာပတ်၀န်းကျင်တွေက နာမည်တပ်ပြီး ထပ်မံခွဲခြားဆက်ဆံမှုမျိုးတွေ လုပ်ဆောင်နေတာမျိုးတွေရှိပါတယ်။

ဒီဇာတ်လမ်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းကဖြစ်သွားတဲ့ အခြေအနေအပေါ် ရိုက်ထားတာမျိုးဖြစ်ပေမဲ့ တခြားသောတိုင်းရင်းသားဒေသတွေမှာလည်း အလားတူရိုးရာဓလေ့တွေက ဆက်လက်ကျင့်သုံးနေတာမျိုးလည်း ရှိတော့ ကျမတို့ဖော်ပြချင်တဲ့ ချပြချင်တဲ့အကြောင်းအရင်းကတော့ ရိုးရာဓလေ့၊ ထုံးတမ်းအစဉ်အလာတွေက လိင်ပိုင်းဆိုင်ရာကျူးလွန်ခံလိုက်ရတဲ့ အမျိုးသမီးတွေအတွက် သာမာန်အချိန်မျိုးတွေမှာရော ခုလိုတိုက်ပွဲတွေကြား လက်နက်ကြီးတွေ လေယာဉ်ဗုံးကျတာတွေကြားက ဒီအမျိုးသမီးတွေအတွက် ထပ်ဆင့်နစ်နာမှုတွေဖြစ်စေတယ်။ အကြိမ်ကြိမ်ဘ၀တွေ သေဆုံးသလိုဖြစ်စေတယ်။ မလိုလားအပ်တဲ့ နောက်ဆက်တွဲအခြေအနေမျိုးတွေ ဖြစ်လာတာတွေကြောင့် ဒီလို Harmful ဖြစ်တဲ့ ဓလေ့တွေကို ကျမတို့ပြောင်းလဲဖို့လိုပါတယ်။

မေး။ ။ ရှင်သန်လွတ်မြောက်လာသူတွေရဲ့ တရားမျှတမှုရရှိရေးနဲ့ အတိတ်ရဲ့အရိပ်မည်းတွေအောက်က လွတ်မြောက်ရန်အတွက် တိတ်ဆိတ်မှုကိုဖြိုခွင်းခြင်းဆိုတဲ့အတိုင်း BWU အနေနဲ့ ရှေ့ဆက်ဘာတွေလုပ်ဆောင် သွားဖို့ရှိပါလဲ။

ဖြေ။ ။ ကျမတို့ BWU အနေနဲ့ကတော့ ရှင်သန်လွတ်မြောက်လာသူတွေအတွက် ရေတိုအနေနဲ့ဆိုရင် သူတို့ရဲ့ တယောက်ချင်းဆီ၊ မိသားစုတခုချင်းဆီရဲ့လိုအပ်ချက်တွေအပေါ် မူတည်ပြီးတော့ ကျန်းမာရေးအရပဲဖြစ်ဖြစ်၊ လုံခြုံရေးအရပဲဖြစ်ဖြစ်၊ စား၀တ်နေရေးအရပဲဖြစ်ဖြစ် အရေးပေါ်ကူညီလုပ်ဆောင်တာတွေကို ဆက်လက် လုပ်ပေးနေမှာဖြစ်တယ်။

ရေရှည်အတွက် တရားမျှတမှုဖော်ဆောင်နိုင်ဖို့ ရရှိလာနိုင်ဖို့ ခုချိန်ကတည်းကလည်း မှတ်တမ်းတွေ စနစ်တကျ ကောက်ယူတာမျိုးကိုလည်း လုပ်ဆောင်နေပါတယ်။ ဒီမှတ်တမ်းအချက်အလက်တွေက တချိန်တရားမျှတမှု ဖော်ဆောင်ဖို့ လုပ်ဆောင်တဲ့အခါမှာ သက်သေတွေအနေနဲ့ ကျူးလွန်သူတွေပြန်ပြီး အပြစ်ပေး အရေးယူမှု ခံရအောင် လုပ်ဆောင်သွားမှာဖြစ်သလို ရှင်သန်ကျန်ရစ်သူအတွက် ပြန်လည်ထူထောင်ရေးကိစ္စတွေမှာ ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်ဖို့လည်း ရည်ရွယ်ပါတယ်။

ပုံစာ – BWU က ထုတ်လုပ်တင်ပြသည့် ရုပ်သံဇာတ်လမ်းတို ၄ ကား။

မေး။ ။ “အပြာရောင်ရေကြည်” ဆိုတဲ့ ဇာတ်လမ်းတိုမှာဆိုရင်လည်း လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းခံရတဲ့ အမျိုးသမီးတွေရဲ့ ဘဝအခြေအနေနဲ့ စိတ်ခံစားမှုတွေကို ပေါ်လွင်စေပါတယ်။ ဒီလိုမျိုး ရင်ဆိုင်ကြုံတွေနေရတဲ့ အမျိုးသမီးတွေအတွက် BWU အနေနဲ့ ဘာတွေအကြံပေးချင်လဲ။ သူတို့တွေအတွက် တရားမျှတမှုရရှိရေး အစီအစဉ်တွေ၊ အစီအမံတွေ ပြင်ဆင်ထားတာမျိုး ရှိနေပါပြီလား။

ဖြေ။ ။ လက်ရှိမြန်မာနိုင်ငံအနေအထားမှာ ပဋိပက္ခဖြစ်နေတဲ့၊ တိုက်ပွဲတွေဖြစ်နေတဲ့ နေရာဒေသမှာ အမျိုးသမီး တွေဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ခံနေရသလို တိုက်ပွဲတွေဖြစ်မနေတဲ့ ရန်ကုန်လို မြို့ပြမျိုးတွေမှာ လည်း အမျိုးသမီးတွေရဲ့ဘ၀တွေက လုံခြုံမှုတွေရှိမနေဘူး၊ အမျိုးသမီးတွေအနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခံနေရတယ်ဆိုတာကိုလည်း ချပြချင်တာဖြစ်တယ်။ ဇာတ်လမ်းကိုတော့ ကြည့်ရှုသူ တစ်ဦးတစ်ယောက်ချင်းရဲ့ ခံစားမှု၊ အတွေးတွေရစေချင်လို့ ဒီမှာတော့မရှင်းပြတော့ပါဘူး။

ပဋိပက္ခဖြစ်နေတဲ့နေရာဒေသတွေမှာဖြစ်ဖြစ်၊ မြို့ပြမှာပဲဖြစ်ဖြစ် ဒီလိုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ကျမတို့ BWU အနေနဲ့ တိုက်တွန်းချင် အားပေးချင်တာက နူတ်ဆိတ်မနေဖို့နဲ့ BWU ကိုပဲဖြစ်ဖြစ် (သို့မဟုတ်) တခြားလုံခြုံစိတ်ချရတဲ့ အစုအဖွဲ့တွေကို လှမ်းအကြောင်းကြားပါ အကူအညီရယူပါ။ ကိုယ့်ရဲ့ ဖြစ်စဉ်တွေပြောပြဖို့ အဆင်သင့်မဖြစ်ရင် မပြောပြ၊ မချပြဖို့ ရွေးချယ်ခွင့်ရှိတယ်။ ပထမအဆင့်အနေနဲ့က လိုအပ်တဲ့အကူအညီတွေ၊ နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ တိုင်ပင်စေချင်တယ်။ ဒီလိုကိစ္စရပ်တွေက ရှက်စရာ မဟုတ်သလို ရွံစရာကိစ္စရပ်တွေမဟုတ်တဲ့အတွက် သိမ်ငယ်နေစရာ မလိုဘူး။ ဒါကြောင့် ပထမဆုံးအဆင့်အနေနဲ့ တယောက်ထဲ ကြိတ်မှိတ်ခါးစည်းခံစားတာထက် ယုံကြည်ရတဲ့သူတွေကို ချည်းကပ်ပြီး အကူအညီရယူတာမျိုးကို လုပ်စေချင်ပါတယ်။

မေး။ ။ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုလည်း BWU အနေနဲ့ စောင့်ကြည့်မှတ်တမ်းတင်နေတယ်လို့ သိရတယ်။ လက်ရှိအခြေအနေနဲ့ ဒီလိုအကြမ်းဖက်မှုတွေရဲ့ အကျိုးသက်ရောက်မှုတွေကရော ဘာတွေဖြစ်မလဲ။

ဖြေ။ ။ BWU အနေနဲ့ကတော့ ကျမတို့ဦးတည်ပစ်မှတ်ထားတဲ့ နယ်မြေတွေမှာ ပဋိပက္ခတွေနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ စနစ်တကျသင်တန်းဆင်းထားတဲ့ ကျမတို့မြေပြင်က အချက်အလက် ကောက်သူတွေနဲ့ စောင့်ကြည့်မှတ်တမ်းတင်နေတာမျိုးရော ရှင်သန်လွတ်မြောက်လာသူတွေရဲ့ အရေးပေါ် လိုအပ်ချက်တွေအတွက်ပါ ကူညီပေးနေတာမျိုးရှိပါတယ်။ ဒါပေမဲ့လည်း လက်ရှိ တနိုင်ငံလုံးရဲ့လုံခြုံရေး အခြေအနေတွေ၊ ပဋိပက္ခအခြေအနေတွေအရ ကန့်သတ်ချက်တွေ အများကြီးလည်းရှိပါတယ်။

ဥပမာ- အကြမ်းဖက်စစ်အုပ်စုနဲ့ ကျမတို့တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေက ကျူးလွန်တဲ့ ဒီလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အချက်အလက်ကောက်ယူမှတ်တမ်းတင်တဲ့ ကျမတို့ပြည်တွင်းက ၀န်ထမ်းတွေ အနေနဲ့ လုံခြုံရေးအရ စိန်ခေါ်မှုတွေရှိတာမျိုး၊ ရှင်သန်လွတ်မြောက်လာသူတွေအနေနဲ့ လုံခြုံရေးအရ ထုတ်ဖော် ပြောဆိုဖို့ ကြောက်ရွံ့နေတာမျိုးတွေအပြင် တခြားမြေပြင်မှာ စိန်ခေါ်မှုများစွာရှိတယ်။ ဘယ်လိုပဲ အခက်အခဲ စိန်ခေါ်မှုတွေ ရှိနေပါစေ၊ ကျမတို့ကတော့ ဒီလိုဖြစ်ရပ်ဖြစ်စဉ်တွေကို ဆက်လက်ကောက်ယူပြီး သက်ဆိုင်ရာ အစုအဖွဲ့ကို သတိပေးတာ၊ တိုက်တွန်းတာစသဖြင့် လုပ်နိုင်တဲ့ဘက်က ကျမတို့အကောင်းဆုံး ကြိုးစားလုပ်ဆောင် သွားပါမယ်။

ရှမ်းနီအသံ ပေးပို့သည်။