“ဒီနေရာကို လာပြီးတော့ စစ်ရှောင်တယ် ဆိုပေမယ့်လည်း သိပ်ပြီးတော့ အများကြီး လုံခြုံသွားတာ မရှိဘူးပေါ့နော။ အခက်အခဲဆိုတာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစစအရာရာပေါ့နော အရမ်းကို ခက်ခဲနေပါတယ်” နော်မူစေး (ဂိုဒေါင်မှူး-ဒေါနိုးကူးစစ်ရှောင်စခန်း)

0
348
ပုံစာ - ဒေါနိုးကူးစစ်ရှောင်စခန်းဂိုဒေါင်မှူး နော်မူစေး

ဒေါနိုးကူးစစ်ရှောင်စခန်းဂိုဒေါင်မှူး နော်မူစေးနှင့် အမေးအဖြေ

ကရင်နီပြည်(ကယားပြည်) နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေကြောင့် မိမိတို့နေရပ်မှာ အသက်ဘေးအန္တရာယ် ရှိလာပြီး နေစရာနေရာ အိုးအိမ်တွေပျက်စီးကုန်လို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ကရင်နီစစ်ရှောင်တွေဟာ ဇူလိုင်လမှာတော့ ထိုင်းနယ်စပ်ကနေ ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။

ထိုင်း-ကရင်နီ နယ်စပ်၊ မယ်စဲ့မှာ တိုက်ပွဲတွေ ဖြစ်လာပြီးတဲ့နောက် ဒေါနိုးကူးစစ်ရှောင်စခန်းက စစ်ရှောင် ၅၀၀၀ နီးပါးက ထိုင်းအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ထိုင်းဘက်ခြမ်းမှာ ပလပ်စတစ်တွေကို အမိုးအကာလုပ်၊ ထောက်ပံ့ ပေးမှုတချို့နဲ့ နေနေကြရပါတယ်။ စစ်ဘေးရှောင်နေကြရတဲ့ ကရင်နီ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာတွေ လည်း အရေးပေါ် လိုအပ်နေပါတယ်။

စစ်ရှောင်တွေအတွက် ထောက်ပံ့မှုတွေက ဆက်လက်လိုအပ်နေပြီး ဒီထက် ဘေးကင်းလုံခြုံမယ့် နေရာကို ပြောင်းရွှေ့နေ ထိုင်ခွင့်ရချင်တယ်လို့ စစ်ရှောင်တွေက ဆိုကြပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီးမော့ဆို အရှေ့ဘက်ခြမ်း ထီးသဲကလိုးကျေးရွာကနေ နယ်စပ်ကို ရောက်လာတဲ့ ဒေါနိုးကူး စစ်ရှောင်စခန်းရဲ့ ဂိုဒေါင်မှူးဖြစ်တဲ့ နော်မူစေးကို အခုလို မေးမြန်းထားပါတယ်။

မေး။ ။ စစ်ရှောင်တွေ ထောက်ပံ့ကူညီပေးမှုတွေကို ဘယ်လိုပုံစံမျိုး ရကြပါလဲ။

ဖြေ။ ။ စစ်ရှောင်တွေက အကုန်လုံးထွက်လာတယ်။ ဒီစခန်း ၁ အပြင်ဘက်မှာပေါ့၊ ထိုင်းနယ်ထဲတော့ ထိုင်းနယ်ထဲပဲ၊ စခန်း ၁ အပြင်ဘက်မှာ နယ်စပ်ပေါ့၊ အိပ်ဖို့ အဆင်မပြေဘူး။ ဘာဖြစ်လို့လဲဆိုရင် မြေကြီးပေါ်မှာပဲ အိပ်ရမှာကော။ မိုးရွာရင်တော့ မတ်တပ်ရပ်နေရမှာပေါ့။ အခင်းတွေလည်း ချက်ချင်း ရုတ်တရက်ဆိုတော့ အခင်းတွေ သွားလုပ်မယ်၊ သွားခုတ်မယ် ဆိုရင်လည်း အဆင်မပြေသေးဘူးလေ။ ဝါးလည်း အဝေးမှာ သွားခုတ်ရတယ်။ အမိုးရဖို့ပဲ မိုးရွာခဲ့ရင်လည်း မတ်တပ်ရပ်ပေါ့။

ညအိပ်မယ်ဆိုရင်တော့ မိုးကြီးရင်တော့ အိပ်လို့ရမှာ မဟုတ်ဘူး။ မိုးမကြီးရင်လည်း အိပ်လို့ အဆင်မပြေဘူး။ မြေကြီးပေါ်မှာ ဖြစ်နေတာပေါ့။ အခု နေတဲ့နေရာက တဲအိမ်ဆောက်တာလည်း အကုန်လုံး မပြီးသေးဘူး။ အခုဆောက်ပြီးခဲ့ရင်လည်း ရိက္ခာတွေ ရှိခဲ့မယ်ရင်လည်း ချက်ဖို့ အိုးခွက်တွေ ပန်းကန်းတွေ ရေတွေ လိုအုံးမယ်။ ပြီးတော့ စောင်လည်းလိုမယ်။ ပြီးတော့ ချက်ပြုတ်ဖို့ အိုး ခွက် ပန်းကန်တွေလည်း လိုမယ်။ ပြီးတော့ အိမ်သာတွေလည်း လိုတယ်။ အကုန်လုံးလည်း လိုသေးတယ်။ လောလောဆယ်တော့ လုပ်နေဆဲပေါ့။

မေး။ ။ အခုပြောတာကတော့ ထိုင်းနယ်စပ်ဘက်ခြမ်းက အခြေအနေပေါ့နော်။ ကရင်နီဘက်ခြမ်း နယ်စပ် ဒေါနိုးကူးမှာ နေတဲ့အချိန် ပြီးခဲ့တဲ့နှစ်က ဒီ ၂၀၂၃ လည်း အရမ်းခက်ခဲတယ်လို့ ပြောကြတယ်။ လူဦးရေလည်း ထပ်တိုးတယ်ပြောတော့ ကူညီထောက်ပံ့မှုတွေက လုံလောက်ရဲ့လား။ အဲ့ဒီခြေအနေတွေလည်း သိချင်ပါတယ်။

ဖြေ။ ။ ဒီ ၂၀၂၃ ခုနှစ်မှာကျတော့ လူဦးရေက များလာတဲ့အတွက်ကြောင့်မို့ ကျမတို့က လတိုင်းလိုလို အရင်တနှစ်ကလိုမျိုး ဆန်ထုတ်လို့ မရတော့ဘူးပေါ့နော။ လမ်းကလည်း ပိတ်ထားတော့ ရိက္ခာလာတာလည်း ခက်ခဲတာပေါ့နော။ ဒီရိက္ခာလာတာက ရိက္ခာက လူဦးရေအပေါ် မကိုက်ညီတော့ဘူးပေါ့နော။ လူဦးရေကလည်း များတယ်။ ရိက္ခာကလည်း လာတာကလည်း နည်းတဲ့အခါကျတော့ ကျမတို့ ဘယ်လိုလုပ်သလဲဆိုတော့ ကျမတို့ က ၅ နှစ် အထက်ကို ၁၅ KG မသွားနိုင်တော့ဘူးပေါ့နော။ ရိက္ခာရဲ့ အခက်အခဲကြောင့်ပေါ့နော။ ရိက္ခာအခက်အခဲ ကြောင့် ဒီ ၅ နှစ်အောက်ကလေးတွေ ဆိုလို့ရှိရင်လည်း ဒီ ၈ KG လောက်လည်း မရနိုင်တော့ဘူး ပေါ့နော။ အဲ့လို အခက်အခဲ ရှိတယ်။

ပြီးလို့ရှိရင် ကျမတို့ “ဆီ”ဆိုလို့ရှိရင်လည်း ပုံမှန်မလာပါဘူးပေါ့နော။ ဒီ ၂၀၂၃ ခုနှစ်ဆိုရင် လူဦးရေက များလာတော့ ကျမတို့ရတဲ့ “ဆီ” က တစ်လ တစ်လလာတဲ့ “ဆီ”မှာကျတော့ ကျမတို့ ဒီလူဦးရေနဲ့လည်း ဒီအိမ်ခြေနဲ့လည်း အဆင်မပြေတော့ဘူးပေါ့နော။ “ဆား” ကြတော့လည်း အဆင်ပြေတယ်ဆိုပေမယ့်လည်း လူသစ်ထပ်လာတဲ့နောက် ဆန်တစ်လ တစ်လ ထုတ်ပြီးပြီဆိုရင် နောက်ရောက်လာတဲ့ လူထုတွေ အတွက်လည်း မရှိတော့ဘူးပေါ့နော။ ကုလားပဲလည်း အဲဒီအတိုင်းပါပဲ ။ လုံလောက်မှုတော့ မရှိသေးဘူးပေါ့နော။ ခွဲဝေတဲ့ နေရာမှာလည်း အခက်အခဲရှိတယ်။

မေး။ ။ ဒါဆိုရင် ၂၀၂၃ ကစပြီး ရိက္ခာက အဆင်မပြေတော့ဘူးလို့ ဆိုလိုချင်တာလား။

ဖြေ။ ။ ဒီ ၂၀၂၃ မတ်လကနေစပြီးတော့ ကျမတို့ ရိက္ခာက တစ်လမှ အဆင်မပြေဘူးပေါ့နော။ လာတာလည်း အဆင်မပြေဘူး။ ရောက်ရှိလာတဲ့ ရိက္ခာနဲ့ လူဦးရေကလည်းပဲ ၅ နှစ် အထက်ဆိုလို့ရှိရင် ၁၅ KG မရနိုင်တော့ဘူး ပေါ့နော။ အဲဒါကို ကျမတို့ ဝေလိုက်တဲ့အခါမှာ လူထုတွေလည်း အဆင်မပြေဘူး။ သူတို့လည်း မလောက်ဘူး။ ပြီးတော့ ကျမတို့ ခွဲထားတာကလည်း သူတို့ကို ၅ နှစ်အထက် ၁၅ KG ပေးမယ်ဆိုရင်လည်း ကျမတို့ ဆန် မကျန်တော့ဘူးပေါ့နော။ တခြားလူတွေအတွက်လည်း မရှိတော့ဘူးပေါ့။ လူဦးရေက ၄၉၅၀ ကျော်လောက် ရှိတယ်။

မေး။ ။ အခုလို ရိက္ခာအခက်အခဲကြားက စားရေးသောက်ရေး အဆင်မပြေမှုတွေကြားက ရှင်သန်ရတဲ့အခါ တခြားရော ဘယ်လို အခက်အခဲတွေ ရှိနေသေးလဲ။

ဖြေ။ ။ လူထုတွေက ပြောလာတာပေါ့နော။ ဘာကြောင့် ဆန်မလောက်တာလည်းပေါ့နော။ ပြီးတော့မှ အပြင်မှာလည်း အလုပ်ထွက်လုပ်တာလည်း မရဘူး။ ပြီးတော့ ပြည်တွင်း ပြန်သွားမယ်ဆိုရင်လည်း နေထိုင်လို့ မရဘူး။ အိုးတွေအိမ်တွေလည်း မရှိတော့ဘူးပေါ့နော။ ပြီးတော့ ဒီမှာရောက်လာတဲ့အခါကျတော့လည်း တစ်လစာ ဆန်စားဖို့ တစ်လစာတောင်မှ မလောက်ဘူးဆိုရင်တော့ ကျမတို့ ဘယ်လိုလုပ်ရမလဲ။ ဒါကြောင့် သူတို့မှာလည်း အရင်ကတည်း ထွက်လာကတည်းက သူတို့ စိတ်ဒဏ်ရာရထားပြီးသား၊ ပြီးတော့ စိတ်ပူပန်စိတ်တွေ ရှိပြီးသားဆိုတော့ သူတို့ ဒီမှာထပ်ရောက်လာတော့ ရိက္ခာအခြေအနေ ဒီလိုဖြစ်သွားတဲ့အခါကျတော့ သူတို့ တော်တော်လေးကို စိတ်ဖိစီးမှု များတယ်ပေါ့နော။

မေး။ ။ အခုလည်း တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကို ရောက်လာတဲ့သူတွေရှိသလို တချို့တွေကတော့ ကရင်နီ ဘက်ခြမ်းမှာ ကျန်နေသေးတယ်ဆိုတော့ ဒါနဲ့ပတ်သက်ပြီးတော့ရော တခြား ဘာပြောစရာရှိပါသေးလဲ။

ဖြေ – ဒီ စစ်ရေးတင်းမာမှုကြောင့်ပေါ့နော် ထိုင်းအစိုးရက လမ်းပိတ်တာ ဖြစ်နိုင်တယ်နော။ ဒုတိယ တစ်ချက်က ကျမတို့ လူဦးရေများလာတဲ့ အတွက်ကြောင့် ရိက္ခာအခက်အခဲတွေ ကြုံလာတာပေါ့နော။ ထိုင်းအစိုးရ သူတို့က ကျမတို့ကို သူတို့နိုင်ငံထဲ ပေးမဝင်တဲ့အတွက်ကြောင့်မို့လို့ ကျမတို့ကို လိုချင်တဲ့ ဒီစခန်းကနေ သွားလာ စေချင်တယ်။ ဘာလို့လဲဆိုတော့ ကျမတို့ ဒီလိုပဲ တစ်ချိန်လုံးနေမယ်ဆိုရင်လည်း ဒီကနေပဲ စျေးတွေလည်း ဝယ်လို့ မရဘူးလေ။ ဒီ ဒေါနိုးကူးကနေ စခန်း ၁ နန်းဆွယ် ဒုက္ခိတအထိ လွတ်လွတ်လပ်လပ်လေး သွားလာဖို့ပေါ့နော်။ လွတ်လွတ်လပ်လပ်လေး ဆိုတာက အရေးကြီးဆုံး ရိက္ခာပိုင်းနဲ့ အိမ်အသုံးအဆောင်ပစ္စည်း တွေပေါ့နော သယ်ဖို့ ကားလမ်းပေါ့။ အရေးကြီးဆုံးက ကားလမ်းကို ပြန်ဖွင့်ပေးဖို့ပေါ့နော်။ အဲဒါလေးကိုပဲ တောင်းဆိုချင်ပါတယ်။ ကျမတို့ စစ်ရှောင်စခန်းမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အဖွဲ့တွေ ဝင်လာလို့ရှိရင် လွတ်လွတ်လပ်လပ် ဝင်လာစေချင်တာပေါ့နော။

မေး။ ။ နိုင်ငံတကာတို့၊ UN တို့ကိုရော စစ်ရှောင်တစ်ယောက်အနေနဲ့ ဘာများတောင်းဆိုချင်ပါလဲ။

ဖြေ။ ။ နိုင်ငံတကာကိုတော့ ကျမတို့နေတဲ့ လူထုတွေအကုန်လုံးက ထောင်ချခံထားရသလို ခံစားရတာပေါ့။ အဲဒီအတွက် ကျမတို့ကို အမြန်ဆုံးလွတ်လပ်ချင်တယ်ပေါ့နော။ အဲဒီတစ်ခုပါပဲ။ UN ကိုလည်း ကျမတို့က အခုက မြန်မာပြည်မှာလည်း အိမ်ကလည်း နေလို့မရတော့ဘူး။ ပြီးတော့ ပြန်မယ်ဆိုရင်လည်း အန္တရာယ်လည်းများတယ် ပေါ့။ မိုင်းတွေ ဗုံးတွေနဲ့ဆိုတော့ တခါတလေ စဉ်းစားတာပေါ့နော။ သူများနိုင်ငံက အရမ်းအေးချမ်းတာပေါ့နော။ လွတ်လွတ်လပ်လပ် အလုပ်လုပ်ခွင့်လည်း ရတယ်။ ပြီးတော့ ကိုယ်လိုချင်တာ ကိုယ်စားချင်တာ ရတယ်လေ။ ဒါကြောင့်မို့ ကျမတို့ဆီမှာလည်း UN ပဲ ဖြစ်ဖြစ်ပေါ့နော ဝင်လာရင် ကျမတို့လည်း ပျော်တယ်ပေါ့၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ တနေ့တချိန်လည်း ကိုယ့်ဟာကို အလုပ်လုပ်နိုင်ပြီ။ ပြီးတော့ ပိုက်ဆံလည်းရှာနိုင်ပြီဆိုရင် ကျန်ရစ်ခဲ့တဲ့ ကရင်နီလူမျိုးတွေကိုလည်း ပြန်ပြီးတော့ ထောက်ပံ့ပေးနိုင်ရင်တော့ ပိုအဆင်ပြေတာပေါ့။

မေး။ ။ မြန်မာပြည်ဘက်ခြမ်းမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေ၊ အမျိုးတွေရဲ့ အခြေအနေကရော ဘယ်လိုရှိကြပါလဲ။

ဖြေ။ ။ ဒီမြန်မာပြည်မှာနေခဲ့တဲ့ အမျိုးတွေက ပြောလာတာပေါ့နော၊ သူတို့က လွတ်လွတ်လပ်လပ် သွားလာလို့ မရဘူးတဲ့။ ပြီးတော့ တောင်ယာခင်းတွေ လယ်ယာခင်းတွေကိုလည်း လုပ်စားခွင့်မရဘူးပေါ့နော။ ပြီးတော့ သူတို့ ပိုင်ဆိုင်ထားတဲ့ ကျွဲ၊ နွားတွေ ဆိုလို့ရှိရင်လည်း ကြည့်ခွင့်မရတော့ဘူးပေါ့နော။ ရှောင်နေရတဲ့အခါကျတော့ အဆင်မပြေပါဘူးပေါ့။ သူတို့ဖြစ်စေတဲ့ ဘိုးဘွားတွေ ဆိုလို့ရှိရင်တော့ ကိုယ့်ရဲ့တောင်ယာခင်းပဲ ဖြစ်ဖြစ် လယ်ယာခင်းပဲဖြစ်ဖြစ် ပြန်ပြီးတော့ လုပ်စားချင်တယ်။ ပြီးတော့ကိုယ့်ရဲ့နွားတွေ ကျန်ခဲ့တဲ့ကျွဲတွေ ဆိုလို့ရှိရင်လည်း ပြန်ပြီးတော့ ထိန်းကျောင်းချင်တာပေါ့နော။ သူတို့က အဲလိုပြောတယ်။ သူတို့အတွက် ပြန်လုပ်ရဖို့ အတွက်လည်း ကျမတို့က တောင်းဆိုချင်တာပေါ့နော။

ဘာလို့လဲဆိုတော့ စစ်က နေရာတိုင်းမှာ ဖြစ်နေတဲ့အခါကျတော့ ရွာကို ပြန်လို့မရဘူးဖြစ်နေတယ်။ တောတောင်ထဲမှာပဲ နေနေရတဲ့အခါ သူတို့ ဘယ်အချိန်အထိ နေနေရမလဲပေါ့နော။ ကျမတို့လည်း စိတ်မကောင်းဘူး။ ပြီးတော့ သူတို့အတွက်လည်း အမြန်ဆုံးအေးချမ်းဖို့ အမြန်ဆုံးရွာကို ပြန်ရဖို့၊ အလုပ်လုပ် ရဖို့ပေါ့နော အဲဒီတစ်ချက်ကို ပြောချင်ပါတယ်။ ကျမတို့ ကရင်နီလူမျိုးပေါ့နော။ ဒီကယားပြည်နယ်မှာပဲဖြစ်ဖြစ် အခြားနေရာမှာနေတဲ့ ကရင်နီတိုင်းရင်းသားတွေပဲ ဖြစ်ဖြစ်ပေါ့နော နေဖို့နေရာ၊မြေတွေ မရှိတော့ဘူးပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ ဟိုး ကျမတို့ မမွေးခင် ကတည်းကလည်း ဘိုးဘွားတွေက ပြေးထားပြီးသား၊ ပြီးတော့ ဒီအဖေအမေတွေခေတ်ကလည်း ထပ်ပြေး တယ်။ ကျမတို့ ခေတ်လည်း ပြေးရတယ်။ ကျမတို့ ကလေးခေတ်လည်း ပြေးတဲ့အခါကျတော့ ကျမတို့မှာပြေးဖို့ မြေနေရာ မရှိတော့ဘူးပေါ့နော်။

မေး။ ။ တခြားရော ဘာများဖြည့်စွက်ပြောချင်တာ ရှိပါသေးလဲ။

ဖြေ။ ။ ကျမ တောင်းဆိုချင်တာက ကျမတို့ ပြီးခဲ့တဲ့ အာဏာမသိမ်းခင်မှာ ကျမတို့ရဲ့ မြေမှာ ကျမတို့ရဲ့ပြည်မှာ ဆိုလို့ရှိရင် ပျော်ခဲ့တယ်ပေါ့နော။ အိမ်တွေလည်း ရှိတယ်။ အဲဒါကြောင့်မို့လို့ ဒီအာဏာသိမ်းပြီးတဲ့နောက်မှာ ကျမတို့ကို ဗမာစစ်တပ်တွေက လေယာဉ်နဲ့ လာကြဲတယ်ပေါ့နော။ အိမ်တွေဆိုလည်း ပြိုကုန်တယ်။ မီးလည်း လောင်ကုန်တယ်။ ကျန်ရစ်ခဲ့တဲ့ အိမ်တွေဆိုရင်လည်း လက်နက်ကြီးတွေ ထုတယ်။ တောင်ယာတို့ ဘာတို့ တောထဲ သွားရင်လည်း လွတ်လွတ်လပ်လပ် မရှိတော့ဘူး။ မိုင်းတွေ၊ ဗုံးတွေ ထောင်ထားတဲ့ခါကျတော့ ကျမတို့ အတွက် အရမ်းကို အန္တရာယ်များတယ်ပေါ့နော။ ဒီနေရာကို လာပြီးတော့ စစ်ရှောင်တယ် ဆိုပေမယ့်လည်း သိပ်ပြီးတော့ အများကြီး လုံခြုံသွားတာ မရှိဘူးပေါ့နော။ အခက်အခဲဆိုတာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစစအရာရာပေါ့နော အရမ်းကို ခက်ခဲနေပါတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့ တောင်းဆိုချင်တာက ဒီမှာ စစ် ရှောင်လာနေတဲ့ လူထုတွေ ကို အခြားတစ်နေရာရာပေါ့နော် ဒီထက်လွတ်လပ်တဲ့နေရာ ဒီထက်လုံခြုံတဲ့နေရာကို တခြားနိုင်ငံပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ပိုပြီးလုံခြုံတဲ့နေရာကို ခိုလှုံခွင့်ပေးစေချင်တာပေါ့နော။ အမြန်ဆုံးခိုလှုံခွင့်တော့ တောင်းဆိုချင်တာပေါ့။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here