“ဒီဒေသအတွင်းမှာရှိတဲ့ ဝါသနာပါတဲ့သူတွေ တကယ်အရည်အချင်း ရှိတဲ့သူတွေ ကျနော်တို့ရဲ့ ဒီ The voice of freedom သီချင်းဆိုပြိုင်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်ပြီးတော့ ဂီတဖြင့် တော်လှန်ကြဖို့အတွက် ကျနော်တို့ ဖိတ်ခေါ်အပ်ပါတယ်” The voice of freedom စီစဉ်သူ ပရိုဂရမ်ဒါရိုက်တာကိုမျိုးသန့်

0
456
ပုံစာ-The voice of freedom အဆိုပြိုင်ပွဲစီစဉ်သူ ပရိုဂရမ်ဒါရိုက်တာကိုမျိုးသန့်။

ကရင်နီဒေသတွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်အရေး လှူဒါန်းရန်ရည်ရွယ်သည့် The voice of freedom အဆိုပြိုင်ပွဲ ကျင်းပရန် စီစဉ်သူ ပရိုဂရမ်ဒါရိုက်တာကိုမျိုးသန့်နှင့်အမေးအဖြေ

ကရင်နီ (ကယား) ပြည်မှာ ပြုလုပ်မယ့် The voice of freedom (ကရင်နီအိုင်ဒေါ) အဆိုပြိုင်ပွဲကို လာမယ့် အောက်တိုဘာလမှာ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဒီပြိုင်ပွဲမှာ အသက် ၁၈ နှစ် က စပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။

The voice of freedom (ကရင်နီအိုင်ဒေါ) အဆိုပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သိနိုင်ဖို့ ပြိုင်ပွဲစီစဉ်သူ ပရိုဂရမ်ဒါရိုက်တာ ကိုမျိုးသန့်နဲ့ တွေ့ဆုံးမေးမြန်းထားပါတယ်။

မေး။ ။ ကရင်နီမှာ The voice of freedom အဆိုပြိုင်ပွဲကို ပြုလုပ်သွားဖို့ရှိတယ်လို့ သိရတယ်။ ဘာကြောင့် ဒီလိုပြိုင်ပွဲကို ကျင်းပဖို့ စီစဉ်ဖြစ်တာလဲရှင့်။

ဖြေ။ ။ အဓိက ကတော့ ၂ ချက်ပေါ့။ နံပါတ် ၁ အချက်က တော်လှန်ရေးကာလ ရှည်ကြာလာတဲ့ အခါမှာ ကျနော်တို့တော်လှန်ရေးမှာ အဓိက ပါ၀င်နေတဲ့သူတွေရော၊ ကျနော်တို့ ထောက်ပို့ပေးတဲ့ ပြည်သူတွေရော အနည်းနဲ့အများ စိတ်ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်လာတယ်။ အဲ့ဒါတွေကို ကျနော်တို့ ဖြေဖျောက်နိုင်ဖို့ အတွက်ဆိုတဲ့ ရည်ရွယ်ချက်က နံပါတ်တစ်ပါ။ နံပါတ်နှစ်က ကျနော်တို့ ဒီဒေသအတွင်း မှာရှိတဲ့ စစ်ရှောင်စခန်းတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ အစရှိတဲ့ နေရာဒေသမျိုးစုံကို ရောက်တဲ့အခါမှာ နေရာတိုင်းမှာ ကျနော်တို့ တူရိယာတွေ တွေ့ရတယ်။ တူရိယာ တစ်ခုမဟုတ် တစ်ခုတွေ့တယ်။

နောက်ပြီးတော့ ကျနော်တို့ တီးခတ်သီဆိုနေတဲ့ဟာတွေ တွေ့တယ်။ ပြီးရင် talent (စွမ်းရည်) ရှိတဲ့ ရွက်ပုန်းသီး အနုပညာရှင်တွေကို ကျနော်တို့ မျက်မြင်တွေ့ရတယ် ပေါ့နော။ အဲဒီကနေပြီး ကျနော်တို့ ဒါမျိုးအစီအစဉ် လုပ်မယ်ဆိုရင် ကျနော်တို့ ဖျော်ဖြေရာလည်း ရောက်မယ်။ ပြီးသွားလို့ရှိရင် ကျနော်တို့ရဲ့ ဝါသနာရှင်တွေကို ဒီကာလမှာ တစ်နည်းတစ်လမ်းနဲ့ ပံ့ပိုးရာလည်းရောက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ကျနော်တို့ ဒီအစီအစဉ်ကို လုပ်ဆောင်ဖြစ်သွားတာ ဖြစ်တယ်။

မေး။ ။ ပြိုင်ပွဲကနေတဆင့် အခြားပြုလုပ်လိုတဲ့ ရည်ရွယ်ချက်များရှိပါလားရှင့်။

ဖြေ။ ။ တခြား ကျနော်တို့ ဒီပြိုင်ပွဲကနေတဆင့် ငွေကြေးစီးဆင်းမှုတွေ ရလာနိုင်တယ်။ ရလာနိုင်တဲ့ ငွေကြေးတွေကို ကျနော်တို့ winner (အနိုင်ရရှိသူ) ကို ဆုချီးမြှင့်ပြီးတော့ ကျန်တဲ့ရလာတဲ့ ငွေကြေးတွေ ကို ဒီက ကရင်နီ ဒေသတွင်းမှာရှိတဲ့ ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင် ကိစ္စရပ်တွေမှာ အဓိက လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

မေး။ ။ ပြိုင်ပွဲကို ဘယ်ချိန်မှာစတင်ဖို့ စီစဉ်ထားပါလဲရှင့်။

ဖြေ။ ။ ကျနော်တို့ ဒီ The voice of freedom ပြိုင်ပွဲ စတင်ဖို့အတွက် ဒီပြိုင်ပွဲ၀င်ဖို့ audition (အသံအကဲဖြတ် စစ်ဆေးခြင်း) ကို ဒီလအတွင်းမှာ စပြီးတော့ ကျနော်တို့ ခေါ်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲ ထုတ်လွှင့်တာကတော့ ဒီနှစ်အောက်တိုဘာလလောက်မှာ စတင်ထုတ်လွှင့်ပြသဖို့အတွက် ကျနော်တို့ စီစဉ်ထားပါတယ်။

မေး။ ။ ပြိုင်ပွဲမှာ အဆင့် ဘယ်နှစ်ဆင့်ယှဉ်ပြိုင်ဖို့ သတ်မှတ်ထားပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့ ပြိုင်ပွဲက အဆင့်နှစ်ဆင့် ရှိပါတယ်။ ပထမအဆင့် audition ကတော့ online ကပဲ ပေးပို့ယှဉ်ပြိုင် သွားရမှာ ဖြစ်ပါတယ်။ နောက်တဆင့် finalist (ဇကာတင်) အဖြစ် ရွေးချယ်ခံရတဲ့ နောက်ဆုံး ဇကာတင်အဖြစ် ရွေးချယ်ခံရတယ် ဆိုရင်တော့ ကရင်နီဒေသ လုံခြုံတဲ့တစ်နေရာမှာ စခန်းသွင်းပြီးတော့ ၀င်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ online audition မှာ နှစ်ဆင့်နဲ့ live show ငါးဆင့် ဖြတ်သန်းပြီးသွားလို့ရှိရင် ကျနော်တို့ နောက်ဆုံး ၆ ပတ်မြောက်မှာ final (နောက်ဆုံး) ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

မေး။ ။ ပြိုင်ပွဲကို ဘယ်လိုပုံစံမျိုးပြုလုပ်သွားမှာပါလဲ။

ဖြေ။ ။ ပြိုင်ပွဲကျင်းပပြုလုပ်တာ အကုန်လုံးကို မြေပြင်မှာ စတိတ်ရှိုးလိုမျိုး ပွဲကြီးလုပ်မှာ မဟုတ်ဘဲနဲ့ ကျနော်တို့ ရိုက်ကူးထားတဲ့ဟာကိုသာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

မေး။ ။ ပြိုင်ပွဲ၀င်ဖို့ သတ်မှတ်ချက်တွေရော ရှိထားပါလား။

ဖြေ။ ။ ကရင်နီဒေသအတွင်းမှာ ရောက်ရှိနေတဲ့၊ တော်လှန်နေတဲ့ ရဲဘော်တွေ ဒေသခံတွေ စစ်ရှောင်တွေ ဘယ်သူမဆို သီချင်းဆိုဝါသနာပါတဲ့ မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်လို့ ရပါတယ်။ သီဆိုယှဉ်ပြိုင်ဖို့ အတွက် လိုအပ်ချက်တွေ ဘာမှ မရှိပါဘူး။ သီချင်းဆိုတတ်ပြီ၊ သီချင်းဆို ဝါသနာပါပြီဆို ရပါပြီ။ ၀င်ကြေးလည်း မရှိပါဘူး။

မေး။ ။ ပြိုင်ပွဲကာလက ဘယ်လောက်ကြာမြင့်မှာပါလဲ။

ဖြေ။ ။ ပြိုင်ပွဲကို ကျနော်တို့ ထုတ်လွှင့်ပြသတဲ့ ကာလကတော့ စုစုပေါင်း ၂ လခွဲလောက် ကြာမြင့်မှာ ဖြစ်ပါတယ်။

မေး။ ။ winner (အနိုင်ရရှိသူ) တွေကို ဘယ်လိုစနစ်မျိုးနဲ့ ရွေးချယ်မှာပါလဲ။

ဖြေ။ ။ audition က နေပြီးတော့ ဇကာတင်အဆင့် နောက်ဆုံး finalist ကိုတော့ ဒိုင်တွေ ရွေးချယ်မှာ ဖြစ်ပါတယ်။ finalist ထဲမှာ ၀င်လာပြီ live show ကို ရောက်လာပြီ တဆင့်ချင်းတဆင့်ချင်း ယှဉ်ပြိုင်မှု တွေမှာတော့ voting (မဲပေးခြင်း) က ပဲ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ အများပြည်သူရဲ့ voting စနစ်တွေကပဲ winner ကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ ဒိုင်တွေအဖြစ် ဘယ်သူ့တွေကို ရွေးချယ်ထားပါလဲရှင့်။

ဖြေ။ ။ ဒိုင်အဖြစ်က ဒီ local (ဒေသခံ) က ဂီတပညာရှင်တစ်ယောက် ပါမယ်။ နောက် နိုင်ငံကျော် ပြည်သူချစ်တဲ့ ပြည်သူ့ကိုချစ်တဲ့ အနုပညာရှင်တွေပါဖို့ ရှိပါတယ်။ ဒိုင်တွေကို မကြာမီအချိန်မှာ ကြေငြာ ပေးသွားပါမယ်။

မေး။ ။ နောက်ဆုံး အနိုင်ရရှိသူအတွက် ဘာဆုချီးမြှင့်ပေးသွားဖို့ရှိပါလဲ။

ဖြေ။ ။ နောက်ဆုံး winner ကို ကျပ်သိန်း ၅၀ ဆု ချီးမြှင့်ပါမယ်။ နောက်ပြီးရင် သူ့ရဲ့တစ်ကိုယ်တော် တေးအယ်လ်ဘမ်တစ်ခု ထွက်ရှိဖို့အတွက် ကျနော်တို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်။

မေး။ ။ ဒီကနေတဆင့် ပြိုင်ပွဲ၀င်တွေကို ဘယ်လိုဖိတ်ခေါ်ချင်ပါလဲ။

ဖြေ။ ။ အခုကျနော်တို့ ကရင်နီဒေသအတွင်းမှာ နေထိုင်ကြတဲ့ လက်ရှိတော်လှန်နေကြတဲ့ ကျနော်တို့ တော်လှန်ပြည်သူ အားလုံး ကျနော်တို့ရဲ့ The voice of freedom သီချင်းဆိုပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ အတွက် ဖိတ်ခေါ်ပါတယ်။ တစ်ကယ့်ကို အရည်ချင်းရှိတဲ့ အနုပညာရှင်တွေနဲ့ အတူတွဲပြီးတော့ အလုပ်လုပ်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ နောက်ဆုံး ကျနော်တို့ဆီက ထွက်ပေါ် လာတဲ့ winner သည် တကယ့်အရည်ချင်းရှိတဲ့ ပြိုင်ပွဲ၀င်တစ်ယောက် ပေါ်ထွန်းလာဖို့အတွက် ရည်ရွယ် ပါတယ်။ ဒါ့ကြောင့်မို့လို့ ဒီဒေသအတွင်းမှာရှိတဲ့ ဝါသနာပါတဲ့သူတွေ တကယ်အရည်အချင်း ရှိတဲ့သူတွေ ကျနော်တို့ရဲ့ ဒီ The voice of freedom သီချင်းဆိုပြိုင်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်ပြီးတော့ ဂီတဖြင့် တော်လှန်ကြဖို့အတွက် ကျနော်တို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျ။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here