“ဒီဆွေးနွေးပွဲပျက်သွားတဲ့အပေါ် တရုတ်က ဘယ်လိုခြေလှမ်း လှမ်းမလဲဆိုတာ အများကြီး အရေးကြီးတာပေါ့နော်။ သူဘာထပ်လုပ်မလဲ ထပ်ပြီးတော့ တိုက်တွန်းမှာလား။ ခပ်မဆိတ် နေမှာလား” ကျားဖြူပါတီရဲ့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဉီးရဲထွန်း

0
342

မကြာသေးခင်ရက်ပိုင်း ဇွန်လဆန်းက ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့မှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့တို့ဖြစ်ကြတဲ့ ကိုးကန့် MNDAA၊ တအာန်း TNLA နဲ့ ရက္ခိုင်တပ်တော် AA တပ်ဖွဲ့တို့ ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် နှစ်ဘက်စလုံးက ခေါင်းဆောင်တွေဟာ ဇွန်လ ၁ ရက် ကနေ ၃ ရက်အထိ ဆွေးနွေးကြမယ်လို့ ရက်သတ်မှတ်ထားပေမယ့်လည်း ဒုတိယမြောက်နေ့မှာ ဆွေးနွေးပွဲ ရပ်ဆိုင်းသွားခဲ့ရပါတယ်။ အဲဒီဆွေးနွေးပွဲ ကျင်းပနေစဉ်မှာပဲ ရှမ်းပြည်မြောက်ပိုင်းက ကိုးကန့်တပ်တွေ လှုပ်ရှားတဲ့နယ်မြေတွေမှာ MNDAA တပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားခဲ့ပါတယ်။

ဘာကြောင့်မိုင်းလားဆွေးနွေးပွဲ ပျက်သွားရတာပါလဲ။ တရုတ်အစိုးရဘက်က မြန်မာ့ပြည်တွင်းရေး ပဋိပက္ခကို ကြားဝင် ဆောင်ရွက်ပေးမှုတွေက ရှေ့ခြေလှမ်းတိုးလာဦးမှာလား။ လက်ရှိ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေကရော ဆက်ဖြစ်နေဦးမှာလား ဆိုတာတွေကို နိုင်ငံရေး၊ စစ်ရေး၊ တရုတ်အရေး ကျွမ်းကျင်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးရဲထွန်း ကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဦးရဲထွန်းဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ခေါ်) ကျားဖြူပါတီရဲ့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။

မေး – ဇွန်လဆန်းပိုင်းတုန်းက စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA တို့ မိုင်းလားမြို့မှာ ဆွေးနွေးနေကြတဲ့အချိန်မှာ ရလဒ်ကောင်းမထွက်ဘဲ ပြီးဆုံးခဲ့ရတယ်လို့ သိထားရပါတယ်။ ရှမ်းမြောက်ဘက်မှာ တိုက်ပွဲတွေ ဖြစ်လာတယ်၊ အဲဒီအခြေအနေနဲ့ပတ်သက်လို့ ဘယ်လို ပြောချင်ပါလဲဗျ။

ဖြေ – အခု ကျွန်တော် ဆိုရှယ်မီဒီယာတွေမှာ တွေ့ရတာကတော့ တပ်က လာတိုက်တာထက် MNDAA က ဝင်တိုက်တာလို့ တွေ့ရတယ်၊ သိပ်ထူးဆန်းတာတော့ မဟုတ်ပါဘူ။ ဒီဆွေးနွေးပွဲမစခင်မှာ TNLA ကနေ အင်တာဗျူးတစ်ခုမှာ ပြောထားတာရှိတယ်၊ တရုတ်က နစက နဲ့ ဆွေးနွေးဖို့ ဖိအားတွေပေးတယ်။ သူတို့က သိပ်ပြီး ဆွေးနွေးချင်ပုံမရဘူး။ မလွဲမရှောင်သာလို့ လာရတယ်ဆိုတဲ့ သဘောမျိုး တွေ့ရတယ်။ ဒါကြောင့် ဘာမှ သိပ်မဆွေးနွေးလိုက်ရဘဲ ပြီးသွားတာ တွေ့ရတယ်။ သူတို့ မူလရပ်တည်ချက်ကိုက ဆွေးနွေးဖို့မလိုဘူး၊ မဆွေးနွေးချင်ဘူး။ ထပ်ပြီးတော့ တိုက်ပွဲဝင်မယ့်သဘောလို့ ခန့်မှန်းရပါတယ်။

မေး – အမေရိကန်ကနေ မြန်မာ့နွေဦးအတွက် ဥပဒေပြဌာန်းပြီး လက်နက်မပါတဲ့ ထောက်ပံ့မှုတွေ လုပ်ပေးမယ်။ ဒါတွေက EAOs တွေဆီ ကူးစက်မှာ တရုတ်က စိုးရိမ်တယ်။ တရုတ်ဘက်က စောစောစီးစီး လက်ဦးမှုယူပြီး လုပ်တဲ့သဘောမျိုးလား။ အဓိကကတော့ NUG တို့ EAOs တို့နဲ့ မပတ်သက်စေချင်တဲ့သဘောမျိုးပေါ့၊ အဲဒီအတွက်ကြောင့် ဒီဆွေးနွေးပွဲပျက်ရတဲ့ သဘောလားဗျ။

ဖြေ – အခုကြားရတဲ့သတင်းအရ အဲဒီကိစ္စ မပြောရသေးဘူးပေါ့နော်။ အဲဒါက နစကဘက်ကနေ ပြောရမယ့် စကားပေါ့။ ဟိုဘက်ကတော့ ဖမ်းဆီးခံထားရတဲ့ အဖွဲ့ဝင်တွေ ပြန်လွှတ်ပေးဖို့၊ မတရား အသင်းကြေညာထားတာ ဖျက်သိမ်းပေးဖို့နဲ့ မုန်တိုင်းဒဏ်ခံရသူတွေကို နစက က ပူးပေါင်း ပါဝင်ကူညီဖို့ ဆွေးနွေးတယ်ပေါ့။ နစက ဘက်ကတော့ ဒီမိုကရေစီဖက်ဒရယ်စနစ် ချီတက်ဖို့ ရည်မှန်းချက်စတင်ဖို့ သဘောပေါ့နော်။
ဟိုဘက်ကတော့ ဒါနဲ့ပတ်သက်လို့ ဆွေးနွေးစရာ မရှိဘူးပေါ့နော်။ ပြန်ပြီးတော့ တိုင်ပင်ရဦးမယ်ဆိုပြီး ဒုတိယရက်မှာပဲ ဆွေးနွေးပွဲက ပြီးသွားတာပေါ့။ နစကဘက်က လက်တွေ့ကျတဲ့ ဘာမှတောင်းဆိုချက် ဘာမှမဆွေးနွေးရသေးတဲ့ အနေအထားလို့ မြင်တယ်။ ဘာမှကို သဘောတူညီချက်မရဘဲ ဆွေးနွေးပွဲက ရပ်သွားတယ်ပေါ့။

မေး – ဆွေးနွေးနေစဉ်မှာပဲ ရှမ်းမြောက်ဘက်မှာ တိုက်ပွဲတွေဖော်ဆောင်လာတယ်၊ ဆွေးနွေးပွဲမှာ ညီနောင် ၃ ဖွဲ့စလုံး တက်ရောက်တယ်ဆိုတော့ TNLA တို့ AA တို့ လှုပ်ရှားတဲ့ ဒေသတွေမှာရော တိုက်ပွဲတွေ ဖြစ်လာမယ်လို့ မြင်မိပါလားဗျ။

ဖြေ- ရှမ်းမြောက်မှာတော့ TNLA ရော MNDAA ရော လှုပ်ရှားတဲ့ဒေသဖြစ်တော့ ဖြစ်လာနိုင်တာပေါ့၊ ရခိုင်မှာကတော့ မုန်တိုင်းဒဏ်ခံရပြီး ပြန်လည်ထူထောင်ရေး မနည်း လုပ်နေချိန်ဆိုတော့ AA အနေနဲ့ကတော့ စပြီး စစ်ရေးလှုပ်ရှားမှု လုပ်မယ်မထင်ဘူး။ တိုက်ပွဲတွေဖြစ်လာရင် ပြည်သူက ပိုပြီးတော့ဒုက္ခရောက်မှာပေါ့။ နစက အနေနဲ့ကလည်း စစ်မျက်နှာတိုးချဲ့ချင်လိမ့်မယ်လို့ မထင်ဘူး။ ဒီဘက်ကိုပဲ အာရုံစိုက်ပြီး တိုက်ရမယ်ဆိုရင် သူ့အနေနဲ့ အဆင်ပြေတာပေါ့။ ပြောချင်တာက ရခိုင်ဒေသမှာတော့ တိုက်ပွဲတွေ ထပ်ဖြစ်လာမယ် မထင်ပါဘူး။

မေး – ဒီလို မိုင်းလားဆွေးနွေးမှု ငြိမ်းချမ်းရေးကိစ္စ ပြောဆိုတာတောင် ရလဒ်ကောင်း ထွက်မလာဘူးဆိုတော့ ငြိမ်းချမ်းရေးအတွက် နောက်ထပ်ဘယ်လောက်အထိ မျှော်လင့်လို့ ရနိုင်ဦးမလဲ၊ ငြိမ်းချမ်းရေးက ဘယ်လောက် မျှော်လင့်လို့ ရပါဦးမလဲဗျ။

ဖြေ- အခု လက်နက်ကိုင် ပဋိပက္ခက နစက က NUG၊ PDF တွေနဲ့ ပူးပေါင်းထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ ဖြစ်နေတာပေါ့။ ဥပမာ အရင်က UWSA တို့ SSA တို့ RCSS တို့ကတော့ မပါဘူးပေါ့နော်။ သူတို့ဘက်ကလည်း ၂၀၂၃ ကို အဆုံးအဖြတ်နှစ်လို့ ရည်မှန်းပြီးတော့ တိုက်နေကြတဲ့နှစ်ပေါ့၊ ဒီကြားထဲ NUG၊ PDF တွေနဲ့ ဆွေးနွေးပါမယ်လို့ ကမ်းလှမ်းမယ်ဆိုရင်တောင် လက်ခံမယ့် အနေအထားမရှိဘူး။ နှစ်ဖက်စလုံးက လက်မခံတာပေါ့နော်။

နစကဘက်က NUG၊ PDF တွေကို အကြမ်းဖက်အဖွဲ့တွေလို့ သတ်မှတ်ထားတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့တော့ ဆွေးနွေးမယ်ပေါ့။ NUG၊ PDF ကလည်း နစကကို အကြမ်းဖက် စစ်ကောင်စီလို့ သတ်မှတ်ထားတယ်။ မဆွေးနွေးနိုင်ဘူးလို့ ပြောထားတယ်။ အခုအခြေအနေက NUG ဖက်က သူတို့အသာစီး ရလာတယ်လို့ ယူဆတယ်။ နစကဘက်က သဘောထား ပြောင်းလာလို့ ဆွေးနွေးမယ် ဆိုရင်တောင် ဆွေးနွေးမယ် မထင်ဘူး။ ဆိုတော့ မြန်မာနိုင်ငံအတွင်းမှာ လက်နက်ကိုင်ပဋိပက္ခက မငြိမ်းသေးဘူးလို့ မြင်ပါတယ်။

မေး- မိုင်းလားဆွေးနွေးပွဲ ရလဒ်ကောင်း ထွက်လာအောင် ဆောင်ရွက်မပေးနိုင်တဲ့ တရုတ်အစိုးရကို ကျွန်တော်တို့ နောက်ထပ်ရော ဘယ်အထိ မျှော်လင့်ရဦးမှာလဲ။ ပြည်တွင်းက မြန်မာတော်တော်များများကလည်း တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ လုပ်နေတယ်ဆိုတော့ အန်ကယ် ဘယ်လို မြင်မိပါလဲဗျ။

ဖြေ- တရုတ်က မြန်မာ့ပြည်တွင်းရေးမှာ အထူးသဖြင့် အမေရိကန်က လက်နက်နဲ့ကူညီလာမှာ တောက်လျှောက် စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေတာ။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေး ကိစ္စ ဆုံးဖြတ်ချက် ချချိန်တည်းက ဘုံသဘောတူညီချက် ၅ ရပ်ကို သဘောတူတယ်။ ထောက်ခံတယ်။ ဒါပေမယ့် နိုင်ငံခြားက လက်နက်နဲ့ဝင်ရောက် ကူညီမယ်ဆိုတာကို ဆန့်ကျင်ခဲ့တာ။ အခု ဒီမြောက်ပိုင်းအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စဖြစ်လာတာလည်း ကြိုတင်ကာကွယ်ချင်တဲ့သဘောကြောင့် ဒီဆွေးနွေးပွဲကို ဖိအားပေး ဆွေးနွေးခိုင်းတာပေါ့။ ဒီဆွေးနွေးပွဲပျက်တာကို တရုတ်က စိတ်ပျက်မှာပေါ့။

ထပ်ပြီးတော့ နိုင်ငံခြားစွက်ဖက်မှုလုပ်လာမယ့်အပေါ် မူတည်ပြီးတော့ လက်နက်ခဲယမ်းမီးကျောက်တွေက သူတို့ဘာသာသူတို့ မှောင်ခိုစျေးကွက်ကနေ ဖြစ်လာတယ်ဆိုရင် တရုတ်က သိပ်ပြီးတော့စိုးရိမ်မှာတော့ မဟုတ်ဘူး။ နိုင်ငံတစ်ခုခုကနေ ထောက်ပံ့လာလိမ့်မယ်ဆိုရင် တော်တော်လေး သတိထားလိမ့်မယ်။ အထူးသဖြင့် အမေရိကန်ရဲ့ဩဇာ လွှမ်းမိုးမှာကို စိုးရိမ်တယ်။ ဒီဆွေးနွေးပွဲပျက်သွားတဲ့အပေါ် တရုတ်က ဘယ်လိုခြေလှမ်း လှမ်းမလဲဆိုတာ အများကြီး အရေးကြီးတာပေါ့နော်။ သူဘာထပ်လုပ်မလဲ ထပ်ပြီးတော့ တိုက်တွန်းမှာလား။ ခပ်မဆိတ် နေမှာလား။

အရင်တုန်းက ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဦးနေဝင်းအစိုးရနဲ့ တိန့်ရှောင်ဖိန်က တိုက်တွန်း ခဲ့ဖူးတယ်။ လက်ခံလိုက်တယ်။ ဆွေးနွေးပွဲဖြစ်လာတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက တိန့်ရှောင်ဖိန်ကို ကလန်ကဆန် ပြောပေမယ့် လက်ခံတွေ့ဆုံ ဆွေးနွေးလိုက်တယ်။ မလွဲသာလို့ ဆွေးနွေးလိုက်ရတယ်ပေါ့။ နောက် တိန့်ရှောင်ဖိန်က ဗမာပြည်ကွန်မြူနစ်ပါတီကို ပြစ်ထားလိုက်တယ်။ သူ့စကား နားမထောင်ဘူး၊ သူ့ရဲ့နိုင်ငံရေး အမြင်ကိုလည်း လက်မခံဘူးဆိုတဲ့ အခါကျတော့ သူနဲ့ ဗမာပြည်ကွန်မြူ နစ်ပါတီကြားမှာ ဆက်ဆံရေးက တောက်လျှောက် ဗမာပြည်ကွန်မြူနစ်ပါတီ ပျက်သွားတဲ့အထိပေါ့။ ဆက်ဆံရေးက မကောင်းတော့ဘူး၊ အဲဒီလိုသမိုင်းကြောင်းတော့ ရှိခဲ့တယ်။

မေး- မိုင်းလားဆွေးနွေးပွဲကိစ္စ ဖြည့်စွက်ပြီး ပြောချင်တာများရှိရင် ပြောပြပေးပါဦးဗျ။

ဖြေ – အခုအနေအထားက နှစ်ဖက်စလုံးက စစ်ရေးအရ ကိုယ့်ဘက်ကသာနေတယ်လို့ ထင်တယ်၊ တစ်ဖက်ဖက်က ထုတ်ပြန်ချက်တွေ ပြောဆိုချက်တွေမှာလည်း သူတို့က အခြေအနေအရ စစ်နည်းဗျူဟာတွေ အပြောင်းအလဲ လုပ်ပြီး စစ်ဆင်ရေး လုပ်နေရတယ်လို့ ပြောသွားတာရှိတယ်။ ဆိုလိုချင်တာက အရင်ကလို မြေပြင်တပ်တွေ ချီတက်ပြီးတော့ ရန်သူ့စခန်းတွေ တိုက်ခိုက်သိမ်းပိုက်တာ နယ်မြေစိုးမိုးရေးလုပ်တာတွေက အလုပ်မဖြစ်ဘူးပေါ့နော်။ ဝေဟင်ကနေ အလစ်အငိုက် ဗုံးကြဲတာ၊ ပစ်ခတ်တိုက်ခိုက်တာ၊ လေကြောင်းကနေပဲ အင်အားတွေ အရွှေ့အပြောင်းလုပ်လာတယ်။ ဒီအင်အားတွေ သူတို့ဘယ်လောက် လုံလုံလောက်လောက် သုံးနိုင်မလဲဆိုတဲ့ဟာလည်း တည်တာပေါ့။ ဘာပဲဖြစ်ဖြစ် နှစ်ဘက်စလုံးက အသာစီးရနေတယ်လို့ ထင်နေကြတဲ့ အချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့၊ တိုက်တွန်းချက်တွေကတော့ ဘယ်ဘက်ကမှ သိပ်ပြီးတော့ လိုလိုချင်ချင် ဖြစ်လာမှာမဟုတ်ဘူး။

နိရဉ္စရာ – ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here