“ဒီစစ်ဘေးရှောင်တွေကို ကူညီဖို့ အခက်အခဲအနေနဲ့ စိန်ခေါ်ချက်ဆိုရင်လည်း စစ်ဘေးရှောင်တွေကို ကူညီဖို့ ပစ္စည်းတွေ သယ်ယူရတာက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေကို ဖြတ်ပြီးတော့ သယ်ယူရတဲ့အခြေအနေမျိုး ရှိတော့ လုံခြုံရေးအခက်အခဲတွေ ရှိတယ်ပေါ့နော်။ ပြီးတော့ ဒီဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေလိုမျိုး ဆက်သွယ်ရေး အခက်အခဲတွေလည်း ရှိတယ်ပေါ့” ကိုယောနသံ/ ဒေါနတနင်္သာရီစစ်ဘေးရှောင် အထောက်အကူပြုအဖွဲ့မြေပြင်တာဝန်ခံ

0
295
ပုံစာ - တနင်္သာရီတိုင်းအတွင်းမှ စစ်ဘေးရှောင်ဒေသခံတချို့။

တနင်္သာရီတိုင်းအတွင်းက စစ်ဘေးရှောင်တွေရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဒေါနတနင်္သာရီ စစ်ဘေးရှောင် အထောက်အကူပြုအဖွဲ့မှ မြေပြင်တာဝန်ခံကိုယောနသံနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲများ ပြင်းထန်နေသည့် တနင်္သာရီတိုင်းအတွင်းမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူများသည်လည်း တဖြည်းဖြည်းများပြားလာပါသည်။

၂၀၂၄ နှစ်ဆန်းပိုင်းမှာပင် တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတွေကြား စစ်ရေး ပိုမိုတင်းမာနေသည့်အပြင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုတွေကြောင့် စစ်ဘေးရှောင်အသစ်များ ပိုတိုးလာတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက ပြောဆိုသည်။

တနင်္သာရီတိုင်းအတွင်းက စစ်ဘေးရှောင်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဒေါနတနင်္သာရီ စစ်ဘေးရှောင် အထောက်အကူပြုအဖွဲ့မှ မြေပြင်တာဝန်ခံ ကိုယောနသံကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ၂၀၂၄ ခုနှစ် အစောပိုင်းမှာပဲ တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်အသစ်တွေ ထပ်တိုးလာတယ်လို့ သိရပါတယ်ခင်ဗျ။ ဘယ်နေရာဘယ်ဒေသမှာ စစ်ဘေးရှောင်တွေ တိုးလာတာရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ ဒီမြိတ်ခရိုင်ကတော့ နှစ်အစပိုင်းမှာပဲ စစ်ဘေးရှောင်ဦးရေ သိသိသာသာတိုးလာတယ်လို့ ပြောလို့ရတယ်။ မြိတ်ခရိုင်အတွင်းက ရေဖြူဘက်မှာဆိုရင် တိုက်ပွဲတွေဖြစ်လို့ ရွာလုံးကျွတ် ရွှေ့ပြောင်းနေထိုင် ကြရတာတွေရှိတယ်။ အရင်ကဆိုရင် ကျွန်တော်တို့ ဘန်းလမွတ်၊ ဇဝံရွာအနီး ပြီးတော့ ၄ မိုင်နဲ့ မြိတ်မြို့နယ် ကျွန်းစုဘက်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေလောက်ပဲ ရှောင်ရတာမျိုး ရှိတယ်။ အခုကကျတော့ စစ်ကောင်စီ ဘက်ကနေပြီးတော့ လက်နက်ကြီးနဲ့ နေ့တိုင်းလိုလို ရမ်းသမ်းပစ်ခတ်နေတာမျိုးတွေရှိတော့ ဒေသခံတွေလည်း စစ်ဘေးရှောင်နေကြရတဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ ပြီးတော့ တနင်္သာရီမြို့နယ် ငဘိန်ကွင်းကျေးရွာနဲ့ မြိတ်မြို့နယ် ခုံမန်ကျေးရွာတို့မှာလည်း တိုက်ပွဲတွေဖြစ်တော့ စစ်ဘေးရှောင်နေကြရတဲ့ အခြေအနေမျိုးတွေလည်း ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ထားဝယ်ခရိုင် အတွင်းမှာဆိုရင်လည်း အရင်က စစ်ကြောင်းထိုးပြီးတော့ နယ်မြေရှင်းလင်းရေးလုပ်တဲ့ ကျေးရွာတွေကို အခုဒီနှစ်စပိုင်းမှာ ကျေးရွာတွေကိုဝင်ရောက်ပြီးတော့ နေအိမ်တွေ တော်တော်များများကို မီးရှို့တာမျိုး ရှိတယ်ပေါ့နော်။ ဒီလိုမျိုး အခြေအနေတွေကြောင့် ကျွန်တော်တို့ လောင်းလုံး ဘက်မှာလည်း စစ်ဘေးရှောင်တွေ တော်တော်များများ တိုးလာတာတွေ ရှိပါတယ်။

မေး။ ။ စစ်ဘေးရှောင်အသစ်တွေကိုရော လက်ရှိဘယ်လိုနေရာချထားပေးပါလဲခင်ဗျ။ သူတို့ရဲ့ လက်ရှိ အခြေအနေကိုလည်း သိပါရစေ။

ဖြေ။ ။ စစ်ဘေးရှောင်တွေကို ဘယ်လိုနေရာချထားပေးလဲဆိုတာနဲ့ ပတ်သက်ပြီးကတော့ ပြောဖို့ခက်ပါတယ်။ ကျွန်တော်တို့ ဒီတနင်္သာရီဒေသမှာက စစ်ဘေးရှောင်အများစု စစ်ရှောင်တဲ့ပုံစံက ယာယီသဘောမျိုးနဲ့ စစ်ရှောင်တာမျိုးပဲ ရှိတယ်။ စစ်တပ်က ကျေးရွာတွေကို ဝင်လာလို့ရှိရင် ခဏလေးရှောင်သွားလိုက်မယ်၊ စစ်တပ်က ထွက်သွားလို့ရှိရင် ကျေးရွာတွေထဲကို ပြန်လည်အခြေချ နေထိုင်တာမျိုးရှိမယ်။ လုပ်ကိုင်စားသောက်တာမျိုး ရှိမယ်ပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ဒီဘက်မှာတော့ စစ်ဘေးရှောင်စခန်းနဲ့ စနစ်တကျနေထိုင်ပြီး စစ်ရှောင်တဲ့ အခြေအနေမျိုးကတော့ နည်းပါတယ်။ ဒီစစ်ဘေးရှောင်စခန်းနဲ့ နေထိုင်တဲ့နေရာတွေကို စစ်ရှောင်လာတဲ့ စစ်ရှောင်တွေကိုဆိုရင်လည်း စခန်းကတာဝန်ရှိတဲ့လူတွေက အချက်အလက်တွေကို ကောက်ယူတာတွေ သူတို့ကို နေရာချပေးတဲ့ အခြေအနေတွေနဲ့ ပြီးတော့တခြားလိုအပ်တဲ့ ကျန်းမာရေးသော်လည်းကောင်း ပညာရေး သော်လည်းကောင်း စားနပ်ရိက္ခာသော်လည်းကောင်း ဒီလိုမျိုး စီစဉ်ပေးတာတော့ ရှိပါတယ်။

မေး။ ။ လက်ရှိမှာ စစ်ရေးဆက်လက်တင်းမာဆဲကာလဖြစ်လို့ စစ်ဘေးရှောင်အသစ်တွေရော အဟောင်းတွေပါ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နေရပါလဲခင်ဗျ။

ဖြေ။ ။ စစ်ဘေးရှောင်ဟောင်းတွေဖြစ်တဲ့ အမြဲတမ်းစစ်ဘေးရှောင်တွေအနေနဲ့ကတော့ ဒီအခြေခံကျတဲ့ စာနပ်ရိက္ခာတို့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုတွေကနေပြီးတော့ ဟိုးရေရှည်အတွက် လိုအပ်တဲ့ အစီအမံတွေလည်း အများကြီး လိုအပ်နေတာမျိုး ရှိတယ်ပေါ့နော်။ အမြဲတမ်း စစ်ဘေးရှောင်တွေအနေနဲ့ဆိုရင် သူတို့ စစ်ဘေးရှောင်ကလေးတွေရဲ့ ပညာရေး ရှေ့ဆက်နိုင်ဖို့အတွက် လိုအပ်နေတာတွေ အများကြီး ရှိတယ်ပေါ့နော်။ အမြဲတမ်းစစ်ဘေးရှောင် မဟုတ်ဘဲနဲ့ ယာယီသဘောမျိုးနဲ့ ခဏလေး တိမ်းရှောင်လာတဲ့ သူတွေအတွက်ကတော့ သူတို့က အရေးပေါ်စစ်ဘေးရှောင်လာရတဲ့ အခြေအနေမျိုးဖြစ်တော့ အရေးပေါ် အခြေအနေမှာဆိုရင် စားနပ်ရိက္ခာ လိုအပ်ချက်တွေ ရှိတယ်။ ပြီးတော့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုအတွက် လိုအပ်ချက်တွေ ရှိတယ်။ ပြီးတော့ သူတို့မှာက စစ်ဘေးရှောင်ဖို့အတွက် နေရာတွေ ကြိုတင်ပြင်ဆင်ထားတာ မရှိဘဲနဲ့ စစ်တပ်က ရွာထဲကိုဝင်လာလို့ ရုတ်တရက် စစ်ဘေးရှောင်ကြရတဲ့ အခြေအနေမျိုးရှိတော့ တောတောင်တွေထဲမှာ အမိုးအကာတွေမရှိဘဲနဲ့ စစ်ဘေးရှောင်နေရတဲ့ အခြေအနေမျိုးတွေ ရှိတယ်ပေါ့နော်။ ဆိုတော့ ဒီလိုမျိုး ယာယီစစ်ဘေးရှောင်တွေ အနေနဲ့ဆိုရင်လည်း မိုးကာလိုအပ်ချက်တွေလည်း ရှိနေတာမျိုးတော့ ရှိပါတယ်။

မေး။ ။ စစ်ဘေးရှောင်အရေး ကူညီနေတဲ့အဖွဲ့အစည်း၊ လူတစ်ယောက်အနေနဲ့ရော ဒီကာလ လက်ရှိအချိန်မှာ ဘယ်လိုစိန်ခေါ်မှုတွေ ရင်ဆိုင်နေရပါလဲခင်ဗျ။

ဖြေ။ ။ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့လူတစ်ယောက်အနေနဲ့ကတော့ အခက်အခဲ စိန်ခေါ်ချက်တွေက အများကြီးရှိတယ်ပေါ့နော်။ ဒီကာလမှာ ကျွန်တော်တို့ စစ်ဘေးရှောင်တွေကို ကူညီနိုင်ဖို့အတွက်က တကိုယ်ရည် တကာယအနေနဲ့ဆိုရင် အရင်ကထက် အလုပ်လုပ်တဲ့နေရာမှာ ပိုပြီးတော့ စိတ်ပင်ပမ်းရတာမျိုးရှိတယ်။ ကျွန်တော်တို့ ပိုပြီးတော့ အလုပ်လုပ်တဲ့အခါမှာ အခက်အခဲတွေ အကြပ်အတည်းတွေနဲ့ ပိုပြီးတော့ ရင်ဆိုင်ရတာမျိုး ရှိတဲ့အတွက် ကိုယ်ကာယအားဖြင့် မပင်ပမ်းသော်လည်း စိတ်အားဖြင့်ကတော့ အများကြီး ပင်ပမ်းခံရတာတွေမျိုးတော့ ရှိတယ်ပေါ့နော်။ ဒီလိုမျိုး အခက်အခဲတွေတော့ ရှိပါတယ်။ ပြီးတော့ ဒီစစ်ဘေးရှောင်တွေကို ကူညီဖို့ အခက်အခဲအနေနဲ့ စိန်ခေါ်ချက်ဆိုရင်လည်း စစ်ဘေးရှောင်တွေကို ကူညီဖို့ ပစ္စည်းတွေ သယ်ယူရတာက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေကို ဖြတ်ပြီးတော့ သယ်ယူရတဲ့ အခြေအနေမျိုး ရှိတော့ လုံခြုံရေး အခက်အခဲတွေ ရှိတယ်ပေါ့နော်။ ပြီးတော့ ဒီဖုန်းလိုင်းတွေ အင်တာနက်လိုင်း တွေလိုမျိုး ဆက်သွယ်ရေး အခက်အခဲတွေလည်း ရှိတယ်ပေါ့။ ပြီးတော့ လူ့စွမ်းအားအရင်းအမြစ်တွေ ဘဏ္ဍာရေး အရင်းအမြစ်တွေ အများကြီးလိုအပ်ချက် ရှိပါတယ်။ ထားပါတော့ ကျွန်တော်တို့ စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုတွေအတွက် ဒီဆရာဝန်၊ သူနာပြုစသဖြင့် ကျန်းမာရေးနယ်ပယ်မှာ ကျွမ်းကျင်တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ပြီးတော့ ပညာရေးနယ်ပယ်မှာ ကျွမ်းကျင်တဲ့ ဆရာဆရာမ ဒီလိုမျိုးလူ့စွမ်းအားအရင်းအမြစ်တွေ အများကြီး လိုအပ်ချက် ရှိပါတယ်။ ဒီလိုမျိုး စိန်ခေါ်ချက်အခက်အခဲတော့ အများကြီးကြုံတွေ့ရတာ ရှိပါတယ်။

မေး။ ။ စစ်ရေးက ဆက်လက်ပြင်းထန်ဖို့ပဲရှိနေတော့ လာမယ့်ကာလတွေမှာ စစ်ဘေးရှောင်တွေအတွက် ဘာတွေပြင်ဆင်ထားတာမျိုးရှိပါလဲခင်ဗျ။

ဖြေ။ ။ လာမယ့်ကာလမှာလည်း စစ်ရေးအခြေအနေတွေက ပိုပြီးပြင်းထန်လာဖို့ အခြေအနေတွေမျိုးရှိတော့ ကျွန်တော်တို့အနေနဲ့ ပြည်သူလူထုတွေကို ပြောချင်တာက စစ်ဘေးရှောင်ရတဲ့အခါ ဘာတွေ ကြိုတင်ပြင်ဆင် ထားဖို့ လိုမလဲပေါ့နော်။ ပြီးတော့ စစ်ဘေးရှောင်တာတွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေသိထားဖို့ လိုမလဲပေါ့နော်။ ဒီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကနေပြီးတော့ အချိန်အားလျော်စွာ ထုတ်ပြန်တဲ့ ကြေညာချက်တွေ တားမြစ်ချက်တွေကိုလည်း လေ့လာထားဖို့၊ ဒီလိုက်နာပေးဖို့ပေါ့နော်။ ဒီလိုမျိုး တိုက်တွန်းချက်တွေတော့ တိုက်တွန်းလိုပါတယ်။ ပြီးတော့ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့လိုမျိုး စစ်ဘေးရှောင် ကူညီရေး အဖွဲ့အစည်းတွေအနေနဲ့လည်း ကြိုတင်ပြင်ဆင်မှုတွေ ပြီးတော့စစ်ဘေးရှောင်ကြရတဲ့အခါ အကူအညီတွေကို အချိန်နဲ့တပြေးညီ ကူညီပေးဖို့၊ ဒီလိုမျိုးတွေကိုလည်း ကြိုတင်ပြီးတော့ ပြင်ဆင်ပေးနိုင်ဖို့ ကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ဘက်ကလည်း ကြိုးစားနေတာမျိုးတွေ ရှိပါတယ်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here