30 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ထောင်ပြောင်းသွားတယ်ဆိုတဲ့နေ့ကတည်းက အခုချိန်ထိအဆက်သွယ်မရသေးဘူး။ ဘယ်နေရာလည်း ဆိုတာကိုလည်း မသိရသေး”

“ထောင်ပြောင်းသွားတယ်ဆိုတဲ့နေ့ကတည်းက အခုချိန်ထိအဆက်သွယ်မရသေးဘူး။ ဘယ်နေရာလည်း ဆိုတာကိုလည်း မသိရသေး”

စစ်တွေအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၄၀၀ နီးပါးအား ထောင်ပြောင်းရွှေ့ လိုက်မှုအပေါ် မိသားစုဝင်တို့ရဲ့စကားသံများ။

ရခိုင်ပြည်၊ စစ်တွေအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် အကျဉ်းသားများထဲက ဗျိုင်းဖြူကျေးရွာသားများ အပါအဝင် နိုင်ငံရေးပုဒ်မတို့နှင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် အကျဉ်းသား ၄၀၀ ဦးခန့်ကို စစ်ကောင်စီက အောက်တိုဘာလအတွင်း ထောင်ပြောင်းရွှေ့ခဲ့ပါသည်။

ယခုလို အကျဉ်းသားများအား ထောင်ပြောင်းရွှေ့မှုနှင့်ပတ်သက်၍ မိသားစုဝင်များကို တစုံတရာအသိပေးခြင်းမရှိသလို ယနေ့အထိလည်း အဆက်သွယ်မရဖြစ်နေကြောင်း မိသားစုဝင်တို့က ပြောဆိုကြသည်။ ထိုအခြေအနေကြောင့် အကျဉ်းသားများ ထောင်ပြောင်းရွှေ့ခံရမှုနှင့်ပတ်သက်ပြီး မိသားစုဝင်တို့၏ တုန့်ပြန်စကားသံများကို ဆက်သွယ်မေးမြန်းပြီး စုစည်းဖော်ပြထားပါသည်။

ဒေါ်ခိုင်ဌေးဦး (ထောင်ပြောင်းခံရသူတစ်ဦး၏ ဇနီး)

“ကျမအမျိုးသားအပါအဝင် ကျမတို့မိသားစုမှာ ၇ ယောက်ပါသွားတယ်။ သူတို့က ဘယ်အဖွဲ့အစည်းနဲ့ ဆက်စပ်မှု မရှိဘဲ သဗ္ဗာန်ကူးတို့ခုတ်နေသူတွေ ဖြစ်တယ်။ အဲဒါကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ-၁၇ (၁) နဲ့ ဆက်စပ် တယ်ဆိုပြီး ထောင် ၃ နှစ် ချထားပြီ။ ပထမတုန်းကတော့ ကိုယ့်မြို့က ထောင်ထဲမှာ ရှိနေတယ်ဆိုပြီး စိတ်ချ ထားတာ။ ကျမတို့နဲ့ နောက်ဆုံးအဆက်သွယ် ရလိုက်တုန်းကတော့ သူတို့ထောင်ထဲမှာ မရှိတော့ဘူးလို့ သိရတယ်။ တဆင့်ခံပြောစကားအရတော့ ပုသိမ်ထောင်ကို ပြောင်းသွားတယ်လို့ သိရတယ်။ အခုထိတော့ ဘာအဆက်သွယ်မှ မရသေးဘူး။ စိုးရိမ်မှုကတော့ အများကြီးရှိတယ်။ သူနဲ့ ပြန်တွေ့နိုင်ပါ့မလား။ လူစိတ်ရှိရှိနဲ့ ထားရဲ့လား။ စားရေး သောက်ရေးကရော ဝဝလင်လင် စားရမယ်မထင်ဘူး။ ကျန်းမာရေး တစ်ခုခုဖြစ်ရင်လည်း အနီးအနားမှာ မိသားဝင်တွေ မရှိနိုင်၊ လုံခြုံရေး၊ ကျန်းမာရေးစတဲ့ အဖက်ဖက်ကတော့ စိုးရိမ်မှုရှိတယ်။ သူ မရှိတဲ့ နောက်ပိုင်း မှာတော့ အများကြီးခက်ခဲတယ်။ အိမ်ထောင်ဦးစီးလည်းမရှိ ကိုယ်ကလည်း စစ်ဘေးရှောင်ဘဝမှာ နေရတယ်။ ကျန်းမာရေးမကောင်းလို့ အလုပ်လည်းမလုပ်နိုင်။ သားသမီး ၂ ယောက်၊ မိအိုတစ်ယောက်နဲ့ တော်တော်လည်း ဒုက္ခရောက်ပါတယ်။ ပြည်သူတွေကို အခုလို မတရားလုပ်နေတာကြည့်ပြီး ကိုယ်ကလည်း ဘာမှမလုပ်နိုင်တော့ အများကြီးဝမ်းနည်းတယ်”

ဒေါ်မနု (ထောင်ပြောင်းခံရသူတစ်ဦး၏ ဇနီး)

“ထောင်ပြောင်းလိုက်တယ်လို့ ကြားလိုက်တဲ့အခါ ကမ္ဘာတစ်ခုလုံး မှောင်မိုက်သွားသလို ခံစားရတယ်။ စိတ်ဓာတ် အများကြီးကျသွားပြီး တစ်ပတ်လောက် အစားအသောက်မဝင်ဘဲ ဖြစ်သွားတယ်။ ခံစားချက်တွေကို ပါးစပ်နဲ့ ထုတ်ပြောဖို့ စကားလုံးတောင် မထွက်တော့ဘူး။ လင်ယောကျာ်းမရှိတော့ ကမ္ဘာကြီးတခုလုံး မှောင်မိုက်သွား သလို ခံစားရတယ်။ ကျမက အသက် ၅၀ ကျော်နေပြီ၊ အလုပ်ကြမ်းတွေ မလုပ်နိုင်တော့ဘူး။ ကျမယောကျာ်း ကလည်း ၅၇ နှစ် ရှိနေပြီလေ၊ သူရော ပြန်လာနိုင်မလားပေါ့နော်။ ရွာမှာကျန်ခဲ့တဲ့ အိမ်လည်း မရှိတော့ဘူး။ လင်ယောကျာ်းလည်း မရှိ၊ သားသမီးတစ်ယောက်ကလည်း အသတ်ခံရလို့ သေသွားခဲ့တယ်။ ကျမတို့ဘဝဟာ မဗေဒါထက်ဆိုးသွားပြီ။ ထောင်ထဲမှာ ရှိနေတုန်းကလည်း မတွေ့လိုက်ရ။ ပြောင်းသွားပြန်တော့လည်း ဘယ်နေရာမှာ ဘယ်လိုနေထိုင်စားသောက်နေရမှန်းမသိ။ ထောင်ကိုမရောက်ဘဲ တခြားနေရာတွေကိုများ ရောက်သွားမလား။ စိုးရိမ်ပူပန်စိတ်ကတော့ အများကြီး ရှိတာပေါ့နော်။ စစ်ဘေးရှောင်ဘဝနဲ့ နေထိုင်နေရ တာလည်း စားဝတ်နေရေး ဘယ်လိုမှအဆင်မပြေဘူး။ အထောက်အပံ့ကလည်း မရ။ ကိုယ်ကလည်း အလုပ်မလုပ် နိုင်တော့ သားသမီးဆီက ၅ သောင်း၊ ၁ သိန်း ထောက်ပံ့တာနဲ့ စားသောက်နေရတာ”

ထောင်ပြောင်းခံရသူတစ်ဦး၏ ဇနီး

“ထောင်ပြောင်းသွားတယ်ဆိုတဲ့ နေ့ကတည်းက အခုချိန်ထိ အဆက်သွယ်မရသေးဘူး။ ဘယ်နေရာလည်း ဆိုတာကိုလည်း မသိရသေး။ စိုးရိမ်တာကတော့ ကျန်းမာရေး၊ စားသောက်ရေး၊ လုံခြုံရေးကအစ အားလုံး စိုးရိမ်တာပေါ့နော်။ စစ်တွေထောင်ထဲမှာတောင် တစ်လတစ်ခေါက်မတွေ့နိုင်ဘူး။ ပြည်မဘက်ကို ရောက်သွားတော့ မိသားစုဝင်နဲ့ တခေါက်တွေ့ဖို့ဆိုတာ ပိုပြီးခက်ခဲသွားတယ်။ ငွေကြေးအရရော လူအင်အား အရရော အဆင်မပြေဘူး။ ငွေကြေးအဆင်ပြေတဲ့ မိသားစုတွေလည်း မဟုတ်ဘဲ လက်လုပ်လက်စား မိသားစုဝင် ဖြစ်တဲ့အတွက် အိမ်ထောင်ဦးစီးမရှိတဲ့ နောက်ပိုင်းမှာ ဝင်ငွေလည်းမရှိတော့ဘူး။ အခုတောင် ဘုန်းတော်ကြီး ကျောင်းမှာနေပြီး အလှူရှင်တွေဆီက ထောက်ပံ့ပေးတဲ့ရိက္ခာနဲ့ပဲ စားသောက်ရေး ဖြေရှင်းနေရတာ။ သူ့ကိုလည်း အစစအရာရာ ထောက်ပံ့ပေးနိုင်တော့မှာ မဟုတ်ဘူး”

ထောင်ပြောင်းခံရသူတစ်ဦး၏ သား

“ကျနော့်အဖေက အသက် ၆၀ ကျော်နေပြီလေ၊ အဖေ့လို အသက်ကြီးပိုင်းတွေလည်း အများကြီးပါသွားခဲ့တယ်။ သူတို့မှာ ဘာအပြစ်မှမရှိဘဲ ထောင်ဒဏ် ၃ နှစ် ချလိုက်တယ်။ မတရားချလိုက်တာ သိပေမယ့် ကျနော်တို့မှာ ဘာမှပြောခွင့် မရှိဘူး။ သူတို့ကို စစ်တွေထောင်မှာထားတယ်ဆိုလို့ မိသားစုဝင်တွေက စိတ်ချနေကြတာ။ လွတ်ရက်စေ့တဲ့အခါ ပြန်တွေ့မှာပေါ့။ အဲဒီလို မျှော်လင့်နေကြတာ။ ထောင်ပြောင်းလိုက်တယ်လို့ ကြားလိုက်ရတဲ့ အခါ ကျနော့်အမေရော ကျနော်တို့ မိသားစုတစ်ခုလုံး မျှော်လင့်ချက်မေ့သလို ဖြစ်သွားတယ်ပေါ့နော်။ ဘာကြောင့် လည်းဆိုတော့ သူတို့လက်ထဲမှာ ဖြစ်တဲ့အတွက် ဥပဒေမဲ့လုပ်ရပ်တွေ ဖြစ်သွားမှာကိုစိုးရိမ်တာ။ ဘာမှမဖြစ်ဘဲ ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားဖို့ မိသားစုဝင်တွေက ဆုတောင်းနေရတယ်”

အောင်ထိန် (DMG) ပေးပို့သည်။