
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ခရစ္စမတ်အကြိုနေ့ည မိုဆိုကျေးရွာအနီးမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး ဆောင်ရွက်ထားမှု အခြေအနေအပေါ် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုဝန်ကြီး ခွန်းဗဟန်းထန်နှင့် ဆက်သွယ်မေးမြန်းခြင်း။
ကရင်နီ (ကယား) ပြည်၊ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ (ခရစ္စမတ် အကြိုနေ့) က စစ်ရှောင်ပြည်သူ၊ ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေ အပါအဝင် စုစုပေါင်း လူ ၄၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့ခဲ့တဲ့ဖြစ်စဉ်ဟာ အခု ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာတော့ ၂ နှစ် ပြည့်လာခဲ့ပြီ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မိုဆိုရွာဖြစ်စဉ်မှာ ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီကို တရားစွဲဆိုနိုင်ဖို့ စီစဉ်လုပ်ဆောင်နေမှုနဲ့ ပတ်သတ်ပြီး NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုဝန်ကြီး ခွန်းဗဟန်းထန်နဲ့ တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။ ။ စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ မိုဆိုမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ကို NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ နစ်နာသူတွေအတွက် တရားမျှတမှုတွေရဖို့ လက်ရှိအချိန်မှာ စစ်ကောင်စီ ကို နိုင်ငံတကာမှာ တရားစွဲဆိုနိုင်ဖို့ ဘယ်အဆင့်ထိလုပ်ဆောင်ထားပြီလဲ။ ဘာတွေ ဆက်လုပ်ပေးဖို့ရှိပါလဲ။
ဖြေ။ ။ အကြမ်းဖက်စစ်ကောင်စီကျူးလွန်ခဲ့တဲ့ မိုဆိုဖြစ်စဉ်ဟာ တကယ့်ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှု ဖြစ်တဲ့အတွက် နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုနိုင်ဖို့ ကျနော်တို့လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ သက်သေ မှတ်တမ်းတွေကို စနစ်တကျ စုဆောင်းရယူထားပြီးတော့ Independent Investigative Mechanism for Myanmar (IIMM) မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားကို ပေးပို့ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ အဲ့ဒီမှတ်တမ်းတွေထဲမှာ ဘာတွေပါဝင်နေသလဲဆိုရင်တော့ ကျွမ်းကျင်ဆရာဝန်များကိုယ်တိုင် စစ်ဆေးထားတဲ့ သေဆုံးတဲ့သူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ရင်ခွဲစစ်ဆေးခြင်းမှတ်တမ်းတွေ၊ ရင်ခွဲစစ်ဆေးတဲ့ဆရာဝန်များရဲ့ တွေ့ရှိချက်၊ မျက်မြင်သက်သေရဲ့တွေ့ရှိချက် စတဲ့ အင်တာဗျူးများ ပါဝင်ပါတယ်။
ထူးခြားချက်အနေနဲ့ ဒီအမှုဟာ နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုဖို့အထိ ခိုင်လုံတဲ့အမှုအဖြစ် ရွေးချယ်ခံရတဲ့ အမှုဖြစ်ပြီး လက်ရှိဂျာမနီနိုင်ငံမှာ တရားစွဲဆိုနိုင်ဖို့အတွက် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ အကယ်၍ အကြောင်းကြောင်းကြောင့် ဂျာမနီနိုင်ငံကနေ တရားစွဲဆိုမှုကို လက်မခံခဲ့ရင် ကျနော်တို့ Universal Declaration ကျင့်သုံးတဲ့နိုင်ငံမှာ ဆက်လက်တရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတာကို ပထမဦးဆုံးအနေနဲ့ ဖြေကြားလိုပါတယ်။
မေး။ ။ ကျူးလွန်တဲ့စစ်ကောင်စီကို တရားစွဲဆိုအရေးယူနိုင်ဖို့အတွက် အချိန်ဘယ်လောက်ကြာနိုင်ပါလဲ။
ဖြေ။ ။ နိုင်ငံတကာတရားရုံးတွေမှာပေါ့နော၊ ဒီလိုမျိုးတရားစွဲဆိုနိုင်ဖို့ လုပ်ဆောင်တဲ့နေရာမှာ အချိန်ဘယ်လောက် ကြာနိုင်သလဲဆိုရင်တော့ အင်မတန်မှပြောရခက်ပါတယ်ပေါ့နော။ အားလုံးသိကြတဲ့အတိုင်း အရင်တုန်းက ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့အမှုဟာ ဒီကနေ့ ဒီချိန်ထိ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်ပေါ့နော။ ဒီ အာဂျင်တီးနားနိုင်ငံမှာ ခုချိန်ထိလည်း တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။ အဲ့တော့ နိုင်ငံတကာအနေနဲ့ သူ့ရဲ့လုပ်ထုံးလုပ်နည်းအရ တဆင့်ချင်းတဆင့်ချင်း သူ့ရဲ့အမှုကို စစ်ဆေးတာဖြစ်တဲ့အတွက် အချိန်အကန့်အသတ်အတွက် ဘယ်လောက်ထိကြာနိုင်သည်ကို ကျနော်တို့ပြောဖို့ အင်မတန်မှခက်ပါတယ်ပေါ့နော။ နောက်တခု ဒီကနေ့ ကျနော်တို့ ဂျာမနီနိုင်ငံမှာ တရားစွဲဆိုဖို့လုပ်ကြတဲ့အခါမှာ အခုလက်ရှိ ခိုင်လုံတဲ့ အထောက်အထားတွေလည်း အများကြီးရရှိထားပြီးဖြစ်လို့ ကျနော်တို့တရားမျှတမှုကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်တယ်။ ဒါကြောင့်မလို့ သေချာတာတခုကတော့ လက်ရှိတရားရုံးတွေမှာ ကျနော်တို့ စွဲဆိုထားတဲ့အမှုတွေက အချိန်ကာလအားဖြင့် ကြာနိုင်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ စစ်ကောင်စီကနေ မိုဆိုဖြစ်စဉ်အပါအဝင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်က ဘယ်နှစ်ခုလောက်ရှိလဲ။ ဘယ်လိုဖြစ်စဉ်က အဆိုးဝါးဆုံးလို့ ပြောလို့ရနိုင်လဲ။
ဖြေ။ ။ မြန်မာနိုင်ငံမှာ ဒီလိုဆိုးဆိုးဝါးဝါးဖြစ်စဉ်မျိုး ပြန်ကြည့်မယ်ဆိုရင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ယနေ့အချိန်ထိ အကြမ်းဖက်စစ်အုပ်စုကနေ ကျူးလွန်ခဲ့တဲ့ ၅ ဦးနဲ့အထက် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ၁၇၂ ကြိမ် အထိ ကျူးလွန်ခဲ့ပြီးတော့ သေဆုံးခဲ့တဲ့ ပြည်သူပေါင်း ၁၈၅၅ ဦး အထိ ရှိခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီအထက်ကမှ ၁၅၁ ဦး ကတော့ ၁၈ နှစ်အောက်ကလေးသူငယ်များ ဖြစ်ပါတယ်။ ဒါတွေက ကျနော်တို့တတ်နိုင်သမျှ လက်လှမ်းမီ ကောက်ယူထားတဲ့ စာရင်းဇယားရဲ့အချက်အလက်များဖြစ်ပြီးတော့ မြေပြင်ရဲ့အခြေအနေတော့ ဒီထက်ပိုများပြား နိုင်ပါတယ်လို့ ကျနော်တို့ယူဆတယ်။ အကြမ်းဖက်စစ်အုပ်စုကနေ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့ပြည်သူတွေ အပါအဝင် ရည်ရွယ်ချက်ရှိရှိ ဦးတည်ချက်နဲ့ တိုက်ခိုက်တာဖြစ်လို့ ဖြစ်ခဲ့သမျှဖြစ်စဉ်တိုင်းဟာ အဆိုးဝါးဆုံးဖြစ်စဉ်များ ဖြစ်တယ်လို့ ကျနော်တို့ပြောလို့ရပါတယ်။
မေး။ ။ စစ်ကောင်စီရဲ့ သတ်ဖြတ်မှု၊ ညှင်းပန်းမှုတွေကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ဘာပြောဆိုချင်ပါလဲ။
ဖြေ။ ။ အထက်ပါဒီစစ်ရာဇဝတ်မှုများကို အကြမ်းဖက်စစ်အုပ်စုကနေပေါ့နော လက်ရှိအချိန်ထိ နိုင်ငံအနှံ့ အချိန်နဲ့အမျှ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ကျူးလွန်နေဆဲဖြစ်ပါတယ်၊ ပြီးတော့ ဆက်လက်ပြီးတော့ ကျူးလွန်နေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ ရနိုင်သမျှ နည်းလမ်းပေါင်းစုံကိုသုံးပြီးတော့ စစ်ကောင်စီကနေ ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုများကို အတတ်နိုင်ဆုံး မှတ်တမ်းမှတ်ရာသေချာကောက်ယူပြီး တနေ့တချိန်ပြန်လည်ပြီးတော့ ဒီတရားမျှတမှုအတွက်ရရှိနိုင်ဖို့ သေချာကောက်ယူသွားမှာဖြစ်ပါတယ်လို့ ကျနော့်အနေနဲ့ ပြောကြားလိုပါတယ်။
မေး။ ။ စစ်ကောင်စီရဲ့ မတရားသတ်ဖြတ်မှုခံရတဲ့ပြည်သူတွေအတွက် လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ ဘာအသိပေးပြောဆိုချင်တာရှိလဲ။
ဖြေ။ ။ မတရားသတ်ဖြတ်ခံခဲ့ရတဲ့ ကျန်ခဲ့တဲ့မိသားစုဝင်တွေကို ပြောချင်တာကတော့ အခု ကျူးလွန်ခံထားရသူများဟာ မတရားသတ်ဖြတ်ခံထားရတဲ့သူများပဲ ဖြစ်တယ်။ ဒီ မတရားသတ်ဖြတ်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီကနေ စစ်ရာဇဝတ်မှုကျူးလွန်သူပဲ ဖြစ်တယ်။ ဒါကြောင့် ဒီကျူးလွန်ခဲ့တဲ့သူတွေကို အပြစ်ပေးအရေးယူနိုင်မှ ဒီသေဆုံးသွားတဲ့သူတွေက မတရားသတ်ဖြတ်ခံရတဲ့အချက်ကို ပိုပြီးထင်ရှားစေပါတယ်။ ဒါကြောင့် ဒီအမှန်တရားအတွက် ကျနော်တို့ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်ရှေ့ဆက်လုပ်ဆောင်မှုတွေကို လုပ်ဖို့ ကျနော်တို့လူ့အခွင့်အရေးဝန်ကြီးဌာနကနေ အစွမ်းကုန် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
မေး။ ။ NUG ရဲ့လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ လက်ရှိမှာ ဘာတွေဆောင်ရွက်ပေးနေလဲ။ လူထုတွေကို ဘာအသိပေးပြောဆိုချင်ပါလဲ။
ဖြေ။ ။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီးတော့ပေါ့နော ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဘာတွေလုပ်ပေးနိုင်သလဲဆိုတော့ အားလုံးသိကြတဲ့အတိုင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရခဲ့ပါတယ်၊ ဒါဟာ ကျနော်တို့ နိုင်ငံရေးအရ အင်မတန်မှ အရေးပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ စစ်ကောင်စီကနေ ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို ကျနော်တို့ပြည်သူတွေ ကျနော်တို့ ဒီတော်လှန်ရေးအင်အားစုရဲ့အားလုံးရဲ့ အသံကို ကျနော်တို့သံအမတ်ကြီးဦးကျော်မိုးထွန်းကနေ တဆင့် ကျနော်တို့ ကုလသမဂ္ဂမှာကိုယ်စားပြုပြီးတော့ ပြောဆိုနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနည်းလမ်းကလည်း တခုအပါအဝင် ကျနော်တို့ နိုင်ငံတကာကို ပြောလို့ရတယ်ပေါ့နော။
နောက်တချက်က လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ ပုံမှန် Independent Investigative Mechanism for Myanmar (IIMM)ကို ကျနော်တို့အနေနဲ့ ဒီရရှိထားတဲ့အချက်အလက်တွေကို အသေးစိတ် တင်ပြလေ့ရှိပါတယ်။ ကျနော်တို့ နိုင်ငံတကာနဲ့ ပူးပေါင်းတဲ့အပိုင်းမှာ ကျနော်တို့လုပ်ဆောင်ခဲ့တဲ့အနေနဲ့ အကျဉ်းချုပ်ဖြေကြားလိုပါတယ်။ လူသားချင်းစာနာထောက်ထားမှုနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေတာ ရှိပါတယ်။ဒီလို အရေးပေါ်အကူအညီများလိုအပ်ပါက လူ့အခွင့်အရေးဝန်ကြီးဌာန အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးဌာနမှာ ပါဝင်နေတာဖြစ်တဲ့အတွက် ကျနော်တို့နဲ့လည်း ချိတ်ဆက်ဆောင်ရွက်နိုင်ပါတယ်။ ဌာနဟာ တော်လှန်ရေးကာလ ဖြစ်နေပေမဲ့လည်း ၂၄ နာရီလုံး လည်ပတ်လုပ်ဆောင်နေတာဖြစ်လို့ အမြန်ဆုံးတုန့်ပြန်ဆောင်ရွက် ပေးသွားမယ့်အကြောင်း ပြောကြားလိုပါတယ်။
မေး။ ။ ဖြည့်စွက်စကားပြောဆိုချင်တာရှိရင် ပြောပေးပါဦး။
ဖြေ။ ။ ဖြည့်စွက်ချက်အနေနဲ့ ကျနော့အနေနဲ့ အဓိကပြောပြလိုတာကတော့ ဒီတော်လှန်ရေးအလွန်မှာ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ပြန်လည်ဖော်ဆောင်နိုင်ဖို့အတွက် ဒီဆိုးဝါးလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့သူတွေအတွက်ပေါ့နော ဒီပဠိပက္ခအလွန်မှာ ကျနော်တို့ တရားမျှတမှု ပြန်လည်ဖော်ဆောင်နိုင်ဖို့နဲ့ လူ့အဖွဲ့အစည်းမှာ အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် ပြင်ဆင်နေတာ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ NUCC နဲ့ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လက်တွဲပြီးတော့ မူဝါဒပေါ်လစီကို ပြင်ဆင်နေတာဖြစ်ပါတယ်။ အဓိက ကတော့ ကျနောတို့အနာဂတ်မှာ ဒီလူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်ခဲ့တဲ့သူတွေအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့အတွက်၊ နောက်ပြီးတော့ ချိုးဖောက်ခံရတဲ့သူတွေရဲ့ ဂုဏ်သိက္ခာကို လေးစားအသိအမှတ်ပြုပြီးတော့ တရားမျှတမှုကို ပြန်လည်ဖော်ဆောင်နိုင်ဖို့အတွက်ရယ်၊ ဒီလိုပြန်လည်ကုစားမှုစတဲ့ စီမံကိန်းတွေကို ကျနော်တို့ ပြင်ဆင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီရေးနဲ့ ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးတို့အတွက် အထောက်အကူ အထောက်အပံ့ ဖြစ်စေဖို့အတွက် ဒီတရားမျှတမှု ဖော်ဆောင်ရေးလုပ်ငန်းကို ကျနော်တို့ တနေ့တချိန်မှာ ပြန်လည်လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်းကို မိဘပြည်သူများကို အားလုံးအသိပေး ပြောကြားလိုပါတယ်။
ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။