စစ်ကောင်စီကထုတ်ပြန်ခဲ့သည့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်တွင် နိုင်ငံရေးအကျဉ်းသားပါဝင်မှု အခြေအနေနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM အဖွဲ့ တာဝန်ရှိသူကိုသိုက်ထွန်းဦး နှင့် ဆက်သွယ်မေးမြန်းချက်။
ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့က စစ်ကောင်စီက ထုတ်ပြန်ခဲ့သည့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်ကြောင့် နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်အသီးအသီးကနေ ပြန်လည်လွတ်မြောက်လာခဲ့သော နိုင်ငံရေးအကျဉ်းသားအရေအတွက်မှာ ၃၄၄ ဦးသာရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က သတင်းထုတ်ပြန်သည်။
ယခုလို လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်သူများထဲတွင် ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးအရေးယူခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၆၀၀ ပါဝင်သည်ဟု စစ်ကောင်စီဘက်က ပြောဆိုထားပေမယ့် တကယ့်မြေပြင်တွင် လွတ်မြောက်လာသူ အရေအတွက်နှင့် ကွဲလွဲမှုရှိနေသည်ဟု PPNM က ပြောသည်။
ယခုလို လွတ်ငြိမ်းသက်သာခွင့်၌ တဖြည်းဖြည်းလျော့နည်းလာသော နိုင်ကျဉ်းလွတ်မြောက်မှုနှင့် အကျဉ်းထောင်များအတွင်းက နိုင်ကျဉ်းတို့၏ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး PPNM အဖွဲ့ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အရင်ဦးဆုံး ပြီးခဲ့တဲ့ဇန်နဝါရီလ ၄ ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲ နိုင်ငံရေးအကျဉ်းသား ပါဝင်လွတ်မြောက်လာမှု အခြေအနေက ဘယ်လိုရှိပါလဲ။ ပြောပြပေးပါဦး။
ဖြေ။ ။ ကျွန်တော်တို့ပြုစုထားတဲ့စာရင်းတွေအရတော့ နိုင်ငံရေးအကျဉ်းသား ၃၄၄ ဦး အနည်းဆုံးပါဝင်ခဲ့တယ်။ လိုအပ်ချက်တွေအရ တချို့နယ်မြေတွေက ရှိခဲ့ရင်တောင် ၄၀၀ မပြည့်တဲ့ အရေအတွက် ရှိမယ်ဆိုတာ ကျွန်တော်တို့အဖွဲ့က ပြောရဲပါတယ်။ စာရင်းပြုစုထားတာကတော့ ၃၄၄ ဦး ပါဝင်တယ်။ စစ်ကောင်စီ ပြောတာထက် အများကြီးလျော့နည်းနေတာကို တွေ့ရပါတယ်။
မေး။ ။ ဒီတခေါက် လွတ်ငြိမ်းခွင့်ပေးတဲ့အခါမှာ အရင်အခေါက်တွေနဲ့ယှဉ်ရင် နိုင်ငံရေးအကျဉ်းသားပါဝင်တဲ့ အရေအတွက်က နည်းတာလား၊ များတာလား။
ဖြေ။ ။ စုစုပေါင်းလွတ်တဲ့ နိုင်ငံရေးအကျဉ်းသားနဲ့တွက်မယ်ဆိုရင် ရာခိုင်နှုန်းက အရမ်းနည်းတယ်။ ပါဝင်မှု ရာခိုင်နှုန်း အရမ်းနည်းပါတယ်။ အမြဲတမ်း ၁၀ ရာခိုင်နှုန်းအောက်မှာပဲ ရှိတယ်။ တချို့လွတ်ငြိမ်းတွေဆို လေးရာခိုင်နှုန်း၊ သုံးရာခိုင်နှုန်း စုစုပေါင်းလွတ်တဲ့ လူဦးရေရဲ့ သုံးရာခိုင်နှုန်း၊ လေးရာခိုင်နှုန်းလောက်ပဲ ပါဝင်တယ်။ နိုင်ငံရေးအကျဉ်းသား လုံးဝမပါဝင်တဲ့လတွေလည်း ရှိပါတယ်။
အများဆုံးဖြစ်ခဲ့တာတော့ ၂၀၂၃ ခုနှစ် မေလ ၃ ရက်နေ့က လွတ်ခဲ့တာက အာဏာသိမ်းအပြီးမှာ အများဆုံး လွတ်ခဲ့တာ ရှိခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော်လောက် လွတ်ခဲ့တာရှိတယ်။ ဒါပေမယ့် မြေပြင် လက်တွေ့မှာ ဘယ်လောက်လွတ်ခဲ့တာတော့ ပြောဖို့ခက်ပါတယ်။ စစ်ကောင်စီဘက်က ပြောတာဖြစ်လို့ ပြန်လည်စိစစ်ဖို့ လိုတယ်ဆိုတာတော့ ပြောပြချင်ပါတယ်။
မေး။ ။ နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးတဲ့အထဲ နိုင်ငံရေးအကျဉ်းသား မပါတဲ့ထောင်တွေရော ရှိလား။ အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲ။
ဖြေ။ ။ စစ်ကောင်စီ လွတ်ငြိမ်းပေးတဲ့အထဲမှာ မပါတဲ့ထောင်တွေရှိတယ်။ လွိုင်ကော်အကျဉ်းထောင်လိုမျိုး စစ်တွေ၊ ဗန်းမော် အကျဉ်းထောင်လိုမျိုး ဂန့်ဂေါ်အချုပ်၊ ဧရာဝတီတိုင်းမှာဆိုလည်း မအူပင်၊ ပုသိမ်။ ဒီလို ထောင်ကြီးတွေတောင် မပါတာတွေ့ရတယ်။ ဒါဟာလက်ရှိ စစ်ရေးတင်းမာတဲ့နေရာတွေမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးတာလို့လည်း မြင်တယ်။ အဲဒီထောင်တွေမှာ ၅၀၅ ပုဒ်မ နည်းနေလို့လည်း မလွတ်လာလို့လည်း ပြောလို့ရတယ်။ ဒီအခြေအနေက စစ်ကောင်စီက အသိဆုံး ဖြစ်လိမ့်မယ်။
အဓိကအားဖြင့် နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းထောင်တွေမှာ ဖမ်းဆီးနှိပ်စက်ခံရတာဖြစ်တယ်။ တစ်ဦးတစ်ယောက်မှ အကျဉ်းထောင်ထဲမှာ မရှိနေသင့်ဘူး။ စစ်ကောင်စီက ရှုံးနိမ့်လာတာနဲ့အမျှ သူ့ရဲ့ နိုင်ငံရေးအကျိုးအမြတ် အလဲအလှယ် လုပ်ဖို့အတွက် ဖမ်းဆီးပြန်ပေးဆွဲထားတယ်လို့ပဲ မြင်ပါတယ်။ သူရှုံးနိမ့်တဲ့နေရာမှာ အလဲအလှယ်လုပ်တဲ့နေရာမှာ သုံးနိုင်ဖို့လည်း နိုင်ငံရေးအကျဉ်းသားတွေ ရှိတဲ့ထောင်တွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ရေးအတွက်ကိုလည်း လွတ်မြောက်လာမယ့် အခြေအနေကိုလည်း ၂၀၂၅ မှာ အများကြီးရှိမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
မေး။ ။ စစ်ကောင်စီကပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ နိုင်ငံရေးအကျဉ်းသားပါဝင်မှု တဖြည်းဖြည်း နည်းလာတာဟာ ဘာကြောင့်ပါလဲ။
ဖြေ။ ။ အဓိကအားဖြင့် တော်လှန်ရေးတပ်တွေက စစ်မြေပြင်မှာ စစ်ကောင်စီကို အရှိုက်ထိအောင် ကျွန်တော်တို့ ဒါက တိုက်ခိုက်လာနိုင်တယ်ပေါ့။ အလားတူ မြို့ပြကြီးတွေမှာ သေနတ်သံတွေက မြိုင်ဆိုင်လာတယ်။ ဒီလို အချိန်မှာ စစ်ဆုံးရှုံးလာတဲ့ စစ်ကောင်စီက တော်လှန်ရေးကြောင့် အဖမ်းခံရတဲ့သူတွေကို လွတ်ငြိမ်း မပေးချင် ဘူးပေါ့။ လွတ်ငြိမ်းပေးလိုက်သောအားဖြင့် သူတို့ကို ဆန့်ကျင်တော်လှန်သူတွေအပါအဝင် လက်နက်ကိုင် တော်လှန်ခဲ့တဲ့သူတွေကို လွှတ်ပေးလိုက်ရင် ဒါဒုက္ခရောက်နိုင်တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ စိုးရိမ်ချက်တစ်ခုရှိလို့ အခုလိုမျိုး မလွှတ်ပေးတာလို့ပဲ ကျွန်တော်တို့က သုံးသပ်ပါတယ်။
မေး။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အခြေအနေအပေါ် PPNM အနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ။ ။ အဓိကကတော့ ရွေးကောက်ပွဲနီးရင် ပြည်သူတွေကို အမြဲတမ်းလှည့်စားဖို့ စစ်ကောင်စီက ပြင်ဆင်ပါတယ်။ အခါကြီးရက်ကြီးရှိရင်လည်း သတင်းကထွက်လေ့ ရှိပါတယ်။ အထူးသဖြင့် စစ်ကောင်စီကနေ တိုက်ရိုက် ဖြန့်လို့ စစ်ကောင်စီကို တိုက်ရိုက်ထောက်ခံတဲ့ အဖွဲ့အစည်းတွေကနေ တဆင့်ဖြန့်တာရှိပါတယ်။ ဒါကတော့ ပြည်သူတွေကို အတွေးအခေါ် မျှော်မြင်အောင်ကောင်းသော အတွေးတွေထက်စာရင် ဆိုးသောအတွေးတွေ ဒေါ်အောင်ဆန်းစုကြည်လွတ်လာရင် စစ်ကောင်စီနဲ့ညှိနှိုင်းပြီး အဆင်ပြေသွားမယ်ဆိုတဲ့ အသံမျိုးလွှင့်နေတာ တွေ့တယ်။ ဒါက အင်မတန်မှ ရည်ရွယ်ချက်ရှိရှိ လုပ်နေတဲ့ကိစ္စဆိုတာ သတိချပ်ဖို့ လိုအပ်တယ်။
ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ထဲနေနေရတာလည်း စစ်ကောင်စီ လိုလားတဲ့အခြေအနေတရပ်ကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လိုက်ပါလုပ်ဆောင်ခြင်းမရှိတဲ့အတွက် အခုလိုမျိုးနေထိုင်နေရခြင်း ဖြစ်ပါတယ်။ မဟုတ်ရင် အာဏာသိမ်းပြီး ရက်အစောပိုင်းတည်းက လွတ်မြောက်လာမှာ ဖြစ်ပါတယ်။ ၄ နှစ်လောက်ထိ တိုင်အောင် ကျွန်တော်တို့ နောက်ပိုင်းချခံရတဲ့ နိုင်ကျဉ်းတွေ တစ်နှစ်၊ နှစ်နှစ်တောင် မိဘတွေ ပူဆွေးကြရတယ်။ ဝမ်းနည်းကြရတယ်။ အဆင်မပြေကြဘူး။ လေးနှစ်ဝန်းကျင်လောက်အထိကို ထိန်းသိမ်းခံရထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြင်နဲ့မဟုတ်ဘဲ နိုင်ကျဉ်းတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် အင်မတန်ကိုမှ စိတ်မကောင်းစရာကောင်းတဲ့ အခြေအနေတရပ် ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဉ်းအားလုံး အမြန်ဆုံးလွတ်မြောက်စေချင်တဲ့ ဆန္ဒအမြန်ဆုံး ရှိစေချင်ပါတယ်။
မေး။ ။ လက်ရှိ အကျဉ်းထောင်တွေမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသား၊အကျဉ်းသူတွေရဲ့ အခြေအနေတွေရော ဘယ်လိုရှိနေလဲ။
ဖြေ။ ။ အကျဉ်းထောင်ကတော့ ထောင်ဖြစ်တဲ့အတွက် အာဏာသိမ်းပြီးတည်းက ပြောင်းလဲသွားတယ်။ ဖိနှိပ်မှု ပုံစံပြောင်းလဲသွားတာ ဖြစ်တဲ့အတွက် အဓိကက ဘာအတွက် ဖိနှိပ်မှုပြောင်းလိုက်လဲဆို နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေအတွက် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အကျဉ်းထောင်တွေမှာ နေ့စဉ်နဲ့အမျှ ထောင်ရဲ့အုပ်ချုပ်မှု ယန္တရားထက်ပိုတဲ့ အုပ်ချုပ်မှုတွေ ဖိနှိပ်မှုတွေကတော့ ဆက်ပြီးရှိနေတယ်။ ထပ်ပြီးရှိနေဦးမှာ ဖြစ်ပါတယ်။
ဒါတွေကြောင့် တော်လှန်ရေးအားကောင်းဖို့ လိုအပ်တယ်။ တော်လှန်ရေးအားကောင်းလာတာနဲ့အမျှ လူ့အခွင့် အရေးချိုးဖောက်ဖို့ စီစဉ်နေသူတွေလည်း သူတို့ရဲ့အစီအစဉ်တွေကို ရပ်တန့်သွားနိုင်တယ်။ ဒါကြောင့်မို့ တော်လှန် ရေးက အရေးကြီးတယ်။ တော်လှန်ရေးအောင်ပွဲတွေက စစ်ကောင်စီအတွက်ရော အကျဉ်းဦးစီးဌာနအတွက်ရော များစွာခြိမ်းခြောက်မှုတွေ ဖြစ်စေတယ်။ ဒါဟာ အင်မတန်အရေးကြီးတဲ့ကိစ္စဖြစ်တဲ့အတွက် တော်လှန်ရေးကို ပိုပြီး အာရုံစိုက်ပြီးမှ စုစည်းညီညွတ်စွာလုပ်ဆောင်ပေးကြဖို့ ကျွန်တော်တို့အဖွဲ့က တိုက်တွန်းချင်ပါတယ်။
သံလွင်တိုင်းမ် ပေးပို့သည်။