“တိုင်းရင်းသားဒေသတွေက မြေပြန့်နဲ့တန်းတူ ပြန်အခွင့် အရေးရဖို့ ပြန်လုပ်ယူရမယ်။ …….ဒီဘက်က လူတွေက ဖြူစင်တယ်။ ရိုးသားတယ်။ ပြောရမယ်ဆိုရင် သူတို့လိုချင်တာ တပ်မက်တာ အားနည်းတယ်။ တန်းတူအခွင့်ရေး ဆိုတာ တချို့ကသိပ်မသိဘူး။ တော်တော်ကြီး ပြန်ပြီးလုပ်ယူ ကြိုးစားပေးရမယ်” ဒေါ်သင်ဇာအေး/Clean Yangon မြေပြင်တာဝန်ခံ

0
407
ပုံစာ - Clean Yangon မြေပြင်တာဝန်ခံဒေါ်သင်ဇာအေး။

တိုင်းရင်းသားဒေသတွေမှာ လက်ရှိလုပ်ဆောင်ပေးနေတဲ့ Clean Yangon ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး Clean Yangon မြေပြင်တာဝန်ခံဒေါ်သင်ဇာအေးနှင့် ဆက်သွယ်မေးမြန်းချက်။

Clean Yangon သည် နိုင်ငံတဝှမ်းသန့်ရှင်းသာယာစေလိုသည့် ရည်ရွယ်ချက်နှင့် စေတနာ့ဝန်ထမ်းလူငယ်များ စုပေါင်းပြီး ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ သို့သော် စစ်အာဏာသိမ်းပြီး နောက် Clean Yangon သည် တိုင်းရင်းသားသွေးချင်းတွေရဲ့ ဒေသတွေမှာ လူသားချင်းစာနာမှုဖြင့် လူမှုကူညီရေး လုပ်ငန်းတွေကို လုပ်ဆောင်နေလျက်ရှိသည်။

ယင်းသို့လုပ်ဆောင်နေမှုများထဲ စစ်ရှောင်ပြည်သူတွေကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတာ၊ စားနပ်ရိက္ခာ မျှဝေတာ၊ ပညာရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးတာ၊ သင်တန်းများ ပြန်လည်ပို့ချပေးတာ၊ ကလေးငယ်တွေကို စိတ်ဓါတ်ခွန်အားတွေ မျှဝေပေးတာနဲ့ အာဟာရဒါ နကျွေးမွေးတာတွေကို ဆောင်ရွက်လျှက် ရှိသည်။

တိုင်းရင်းသားသွေးချင်းတွေရဲ့ ဒေသတွေမှာ လက်ရှိလုပ်ဆောင်ပေးနေတဲ့ Clean Yangon ရဲ့ လုပ်ငန်းစဉ်တွေ၊ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ စစ်ရှောင် ကလေးတွေရဲ့ ပညာသင်ယူခွင့်တွေနဲ့ ပတ်သက်ပြီး Clean Yangon မြေပြင်တာဝန်ခံ ဒေါ်သင်ဇာအေးနှင့် ဆက်သွယ်မေးမြန်းထားပါသည်

မေး။    ။ အရင်ဆုံး Clean Yangon အနေနဲ့ လက်ရှိမှာ ဘာတွေလုပ်ဆောင်ပေးနေပါလဲ။ ရှေ့ဆက်ပြီးတော့ရော ဘာတွေထပ်မံလုပ်ဆောင်သွားဖို့ စီစဉ်ထားပါလဲ။

ဖြေ။      ။ ကျွန်မတို့ Clean Yangon အနေနဲ့  ကရင်နီဒေသကို ခြောက်လပိုင်းမှာ စပြီးတော့ရောက်ပါတယ်။ ဒီမတိုင်ခင်ကတော့ ၂၀၂၁ မေလမှာ ချင်းပြည်နယ်မှာသွားပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ စပြီး လုပ်ပေးခဲ့တယ်။ ပထမဦးဆုံး စစ်ဘေးရှောင်သွေးချင်းတွေကို စတွေ့ရတယ်။ စတွေ့တဲ့အခါကျတော့ တစ်ဦးတစ်ယောက်အနေနဲ့ ကူဖို့ထက် အဖွဲ့အစည်းနဲ့ကူတာက ပိုပြီးထိရောက်တာကြောင့် clean Yangon က စပြီးတော့ စစ်ရှောင်တွေကို ကူခဲ့ပါတယ်။ ၂၀၂၁ ခြောက်လပိုင်းကစပြီးတော့ ဒီနေ့ဒီအချိန်ထိ ကရင်နီဒေသမှာ စစ်ဘေးရှောင်သွေးချင်းတွေအတွက် အခြေခံလိုအပ်ချက်တွေ၊ စားသောက်ကုန်တွေ၊ အာဟာရကျွေးတာတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ဆက်ပြီးလုပ်ဆောင်ပေးနေပါတယ်။

ကျွန်မတို့ Clean Yangon အနေနဲ့ ၂၀၁၇ မေလမှာ ရန်ကုန်မှာရှိတဲ့ ပရဟိတအသင်းတွေစုပြီးတော့ ရန်ကုန် မြို့တော်ကြီး သန့်ရှင်းကျန်းမာလှပဖို့အတွက် ကိုယ်နေတဲ့မြို့ရွာမှာ အခြေခံလူနေမှုစရိုက်တွေ မြင့်တက်ဖို့အတွက် လုပ်ဆောင်ခဲ့တယ်။ Clean Yangon ကနေ Clean Myanmar ဖြစ်ဖို့အတွက် တစ်လတစ်ကြိမ် အမှိုက်ကောက်တဲ့ ကန်ပိမ်းတွေ စလုပ်ခဲ့တယ်။ စလုပ်ဆောင် ဖြစ်တာက ရန်ကုန်ဆိုတာ မြန်မာနိုင်ငံရဲ့ အထင်ကရမြို့တော်လည်း ဖြစ်တယ်။ ခရီးသွား ဧည့်သည်တွေ တအားများတဲ့နေရာလည်းဖြစ်တော့ လမ်းမှာအမှိုက်တွေ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားတာ၊ ကွမ်းတံထွေး တွေကလည်း  မြင်မကောင်းအောင် ညစ်ပတ်တယ်။ နိုင်ငံအတွက်လည်း အရှက်ရစရာကောင်းတယ်။

လူငယ်တွေ စုပေါင်းတိုင်ပင်ပြီးတော့ တစ်ဦးတစ်ယောက် တစ်ဖွဲ့တည်းက စလုပ်ဆောင်တာထက်ဆိုရင် ဒီမတိုင်ခင်ကလည်း ရန်ကုန်မှာ ကျွန်မတို့ မိခင်ပရဟိတ အသင်းအဖွဲ့တွေ ဖွဲ့စည်းထားတဲ့ ကွန်ရက်လေး ရှိပါတယ်။ အဲဒီကွန်ရက်က မောင်နှစ်မတွေနဲ့တိုင်ပင်ပြီး တစ်ဖွဲ့ချင်းထက် စုပေါင်းပြီးတော့ ပြည်သူတွေကို အရွေ့လေးတစ်ခု ချပြချင်တယ်။ အဓိကကတော့ လူတွေရဲ့ အခြေခံလူနေမှု အကျင့်တွေ ဖြစ်စေချင်တဲ့ အခါကျတော့ အမှိုက်တွေကိုကောက်တာ ရှက်စရာမဟုတ်ဘူး။ စည်းကမ်းမဲ့ အမှိုက်ပစ်တာက ရှက်စရာဆိုတဲ့ စိတ်လေးဝင်သွားပြီးတော့ အမှိုက်မပစ်အောင်၊ ကွမ်းတံထွေးတွေ စည်းမဲ့ကမ်းမဲ့ မထွေးအောင် ဒါမျိူးလေးတွေကို လူထုအရွေ့တွေနဲ့ ဖော်ဆောင်ခဲ့တယ်။ တလတကြိမ် မြို့နယ်အလိုက် ကမ်ပိန်းတွေ လုပ်ဆောင်ခဲ့တယ်။ ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ကြတယ်။ လူထုရဲ့ပါဝင်မှု အားကောင်း လာတာမို့ စည်ပင်သာယာရေး ကော်မတီဘက်ကလည်း ပံ့ပိုးကူညီမှုတွေရှိတယ်။ သူတို့ကူညီတာက ကားတွေ၊ ငွေတွေ၊ ဝန်ထမ်းတွေရယ် ကူပေးတယ်။ ဒါမျိုးလေးတွေ ရှိတယ် ။

၂၀၁၇ မှာ မေလကနေ တောက်လျောက် တလတကြိမ် မပျက်မကွက် ကမ်ပိန်းတွေ လုပ်ဆောင်ခဲ့တယ်။ ၂၀၁၈ မေလမှာကျတော့ နောက်ထပ်အရွေ့လေးတစ်ခုထပ်ပြီး မြင်ချင်တဲ့အတွက် ဘာလုပ်ကြမလဲတိုင်ပင်ပြီး ကျောင်းနေအရွယ် ကလေးတွေအတွက် စွန့်ပစ်အမှိုက်ဆိုင်ရာ အသိပညာပေးဆိုပြီးတော့ သင်ရိုးညွှန်းတမ်းလေး ထုတ်တယ်။ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းတွေမှာ ဟောပြောပွဲလေးတွေ လိုက်လုပ်တယ်။ အသိပညာပေးတာတွေ လိုက်လုပ်တယ်။ အဲဒါကျတော့ အခြေခံပညာဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်တာပေါ့။ ၂၀၁၉ မှာ ကျတော့ Clean Yangon က Clean Up Challenge ဆိုပြီးတော့ လုပ်ခဲ့တယ်။ အဲဒါက နောက်ဖေး လမ်းကြားတွေကို ရှင်းတာပေါ့။ ရန်ကုန်တစ်မြို့ထဲမဟုတ်ဘဲ မြန်မာနိုင်ငံအနှံ့ပေါ့။ ကြိုက်တဲ့မြို့၊ ကြိုက်တဲ့ရွာ၊ ကြိုက်တဲ့ပြည်နယ်မှာ Before and After clear challenge တွေ လုပ်တယ်။ ဘယ်နေရာမှာ အမှိုက်ပုံရှိလဲ။ ငါတို့ရဲ့ စွန့်ပစ်ထားတဲ့ အမှိုက်ပုံမဟုတ်ပေမဲ့ တို့မြို့ရဲ့သန့်ရှင်းဖို့အတွက် ဒီအမှိုက်ပုံကိုရှင်းမယ်။ Before and After ပုံလေး ရိုက်ပြီး challenge တွေ ဖော်ခိုင်းတယ်။ ပြီးတော့ ဒီ challenge ကို ပါဝင်ပေးတဲ့ ပြည်သူတွေကို လက်ဆောင်လေး တွေ ပြန်ပေးတာမျိူးရှိတယ်။ ဒါပြီးရင် ကျွန်မတို့က ဒီ Clean Yangon ရဲ့ အရွေ့ဆိုတာထက် ပြည်သူတွေရဲ့ အခြေခံအကျင့်စရိုက်လေးတွေ ကောင်းမွန်တဲ့ဘက်ကို ပြောင်းလဲ လာတာနဲ့အတူ အရွေ့လေးတွေက ကောင်းလာတယ်။

ပြည်သူတွေပိုပြီး အသိအမြင်ဖြစ်ဖို့အတွက် ဓာတ်ပုံပြိုင်ပွဲတွေလုပ်တယ်။ လူတွေ စိတ်ဝင်စားလာအောင် ကိုယ်ရဲ့ပတ်ဝန်းကျင် သန့်ရှင်းဖို့အတွက် နိုင်ငံသားတိုင်းမှာတာဝန်ရှိတဲ့ မက်ဆေ့လေးတွေ ပေးနိုင်အောင် လုပ်ဆောင်ခဲ့ကြတယ်။ ၂၀၁၉ ၊၂၀၂၀ ကိုဗစ် ဖြစ်တဲ့အချိန်မှာ ပြည်သူတွေက အပြင်မထွက်ရတာရှိတယ်။ ကိုဗစ်က အရမ်းဆိုးနေတဲ့အခါကျတော့ အခြေခံလူတန်းစားတွေ ရက်ကြာလာတာနဲ့အမျှ စားသောက်ကုန် အခက်အခဲတွေရှိလာတယ်။ အပြင်မထွက်ရဘူး။ အလုပ်အကိုင်တွေ ရပ်နားထားတဲ့အခါကျတော့ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်လာတယ်။ သူတို့အတွက်လိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေ ဆန်နဲ့ရိက္ခာတွေကို အခြေခံ လူတန်းစားတွေရှိတဲ့ မြို့နယ်တွေဆီမှာ ဝေငှခဲ့ကြတယ်။ ဆေးရုံ၊ဆေးခန်းတွေ ကွာရန်တင်းစင်တာတွေ လိုအပ်တဲ့ ကိုဗစ်ပစ္စည်း လိုအပ်တာတွေ ကူညီခဲ့တယ်။ ဒါကတော့ အာဏာမသိမ်းခင်ပေါ့။ မှတ်မှတ်ရရဆိုရင် clean Yangon ကနေပြီးတော့ ပြန်လည်အစားထိုးထုတ်ကုန်တွေ လုပ်ခဲ့တယ်။ ပရောဂျက်က ဘာလဲဆိုရင် ပရဟိတကျောင်း တွေမှာ စွန့်ပစ်ရေသန့်ဘူးတွေ၊ စွန့်ပစ်ပလတ်စတစ်အမှိုက်တွေ စုပေါင်းပြီးတော့ စာကြည့်တိုက်လေး ဆောက်လုပ်ပေးဖို့ ကြိုးစားနေတာရှိတယ်။ တကယ်လည်း ပြီးတော့မယ်။ ရေသန့်ဘူးတွေထဲမှာ စွန့်ပစ်ကော်ဖီမစ်  အိတ်ခွံလေးတွေ ထည့်တယ်။ ဒီရေသန့်ဘူးခွံတွေနဲ့ပဲ စာကြည့်တိုက်ဆောက်နေတယ်။ ဆောက်ပြီးနောက် တစ်ပတ်လောက်အလိုမှာ အထဲမှာစာအုပ်စင်တွေ ထည့်ကာနီးအလိုမှာ ၂၀၂၁ ဖေဖော်ဝါရီလမှာ အာဏာသိမ်း တယ်။ အာဏာသိမ်းလိုက်တဲ့အခါကျတော့ ကျွန်မတို့လုပ်နေတဲ့ဟာတွေလည်း သိုသိုသိပ်သိပ်ပဲ ပြီးသွားတယ်။ ကျွန်မတို့တော်လှန်ရေးကိုပဲ တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့တာပေါ့။

မေး။    ။ Clean Yangon အနေနဲ့ အာဏာမသိမ်းခင် ဘာတွေလုပ်ဆောင်ဖြစ်ခဲ့လဲ။ လက်ရှိမှာရော စစ်ရှောင် ပြည်သူတွေကို ဘယ်လိုဝန်ဆောင်မှုတွေပေးနေပါလဲ။

ဖြေ။      ။ ကျွန်မကိုယ်တိုင်ကလည်း သူနာပြုတက္ကသိုလ်(ရန်ကုန်) မှာ ကျောင်းပြီးတာ။ NGO မှာ ကျန်းမာရေး ဆရာမအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်။ အာဏာသိမ်းပြီးတဲ့အခါကျတော့ ကျွန်မတို့ကတောက်လျှောက် အကြမ်းမဖက်ဆန္ဒထုတ်ဖော်ခြင်းနဲ့ ပါဝင်ခဲ့တယ်။ လေးလပိုင်းမှာတော့ ကျွန်မတို့ကကိုယ့်လမ်းကိုယ်ရွေးချယ် ရတော့မှာပေါ့။ လေးလပိုင်းအကုန်လောက်မှာ ချင်းပြည်နယ်မှာစပြီးတော့ ပြည်သူ့သူရဲကောင်း CDF တွေနဲ့ တိုက်ပွဲလေးတွေဖြစ်တယ်။ အဲဒီမှာစစ်ရှောင်တွေ စဖြစ်ပေါ်လာတယ်။ ကိုယ်တိုင်လည်း ဒီမတိုင်ခင်က မိခင်ပရဟိတအဖွဲ့မှာ ကျွန်မကနယ်ဘက်တွေမှာ သွားပြီးတော့ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးနေကြ။ ဒီလိုအချိန်မှာ ငါဘာတာဝန်ထမ်းပေးနိုင်မလဲ၊ ကိုယ်တတ်တဲ့ပညာနဲ့ လုပ်ပေးလို့ရတာတွေ လုပ်ပေးချင်တယ်။ ဒီလိုနဲ့သွားခဲ့တာပေါ့။ ဒီကရင်နီရောက်တော့လည်း ကိုယ်တိုင်က ဆရာမတစ်ယောက် ဖြစ်တဲ့အတွက် စစ်ရှောင်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးတယ်။

ပြီးတော့ Clean Yangon က ၂၀၂၁ ခြောက်လပိုင်း စစ်ဘေးရှောင်သွေးချင်းတွေ ရောက်လာတဲ့အချိန်ကတည်းက စစ်ရှောင်သွေးချင်းတွေမှာ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ လာတဲ့သူတွေရှိတယ်။ ကလေးငယ်လေးတွေပါတဲ့ စစ်ရှောင်မိသားစုတွေ ရှိတယ်။ နာတာရှည်ရောဂါသည်တွေဆိုရင် ဆေးတွေမပါဘူး။ ဆေးမှတ်တမ်းမရှိတဲ့ အခါကျတော့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စစ်ဘေးရှောင် လာရပြီဆိုကတည်းက တောတောင်တွေမှာ နေရတယ်ဆိုတော့ ကျွန်မတို့က အမိုးအကာတဲလေးတွေ လှူပေးခဲ့တယ်။ ဝါးနဲ့ဆောက်ရမယ်ဆိုရင်လည်း ဝါးတွေကူညီပေးတယ်။ အိမ်သာ၊ အဝတ်အထည်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ဆိုင်တဲ့ ပစ္စည်းတွေအစပေါ့။ ကျွန်မတို့ပေးခဲ့ပါတယ်။ စစ်ရှောင်လာတာ ကြာလာတာနဲ့ စားရေးသောက်ရေးမှာ ပြဿနာရှိလာတဲ့အခါမှာ ကျွန်မတို့က ဆန်နဲ့ရိက္ခာတွေဝေမျှပေးတယ်။ ဒီနေ့ ဒီအချိန်ထိ စားနပ်ရိက္ခာတွေ မျှဝေပေးနေသလို နေ့စဉ်အဟာရ ကျွေးတာလေးလဲ လုပ်ဆောင်ပေးနေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးတယ်။ ဒါကတော့ ဒီလူကြီးတွေအတွက်ပေါ့။

ကလေးတွေကျတော့ ကလေးတော်တော်များများမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်တာလေးတွေ ရှိပါတယ်။ ဒီဘက်ကျတော့ လေကြောင်းဒဏ်ကို အရမ်းခံရတယ်။ လက်နက်ကြီးဒဏ်ကို အရမ်းခံရတယ်။ ကလေးတွေမှာ အသံတစ်ခုခုကြားပြီဆိုရင် ကြောက်တဲ့စိတ်နဲ့ ဗုန်းခိုကျင်းထဲဝင်ရမယ်ပေါ့။ ဒါမျိူးတွေရှိတဲ့အခါကျတော့ အများကြီး မကုနိုင်တောင်မှ အနည်းဆုံးစိတ်သက်သာရဖို့အတွက် ကလေးတွေနဲ့အတူ ကစားပေးတာတို့၊ ကြိုက်တဲ့အရုပ်လေးပေးတာတို့ ဒီဘက်ကကလေးတွေ သိုးမွှေးရုပ်လေးတွေ အရမ်းသဘောကျကြတယ်။ အရုပ်ကလေးတွေကို ဖက်ထားကြတယ်။ အရုပ်ကလေးတွေပေးတာ သဘောကျကြတယ်။ ပြီးတော့ ကစားပုံ ကစားနည်းလေးတွေ ဆော့ပေးတယ်။ လေ့ကျင့်ခန်းတွေ လုပ်ပေးတယ်။ ပုံပြင်လေးတွေ ပြောပြတယ်။ သူတို့ကြိုက်တဲ့မုန့်လေးတွေ ကလေးဆိုတော့ မုန့်ကလည်းကြိုက်တော့ အသစ်အဆန်းလေးတွေကျွေးရင် သူတို့အရမ်းပျော်ကြတယ်။ နောက်တစ်ခုက ဒီမှာစစ်ရှောင်စခန်းတွေများတယ်။ အချိန်ကြာလာတာနဲ့ ကလေးတွေပညာရေးအတွက် စာသင်ကျောင်းဆောင်လေးတွေ လိုအပ်လာတယ်။ ကျွန်မတို့အနေနဲ့ ဒီစာသင်ကျောင်းဆောင်လေးတွေကိုလည်း Clean Yangon ကနေ စာသင်ကျောင်းဆောင် ဆောက်လုပ် လှူပေးနေတယ်။ ကလေးကစားကွင်းလေးတွေ ပညာရေးအတွက် သင်ထောက်ကူပစ္စည်းလေးတွေ လှူဒါန်းတာတွေ လုပ်ပေးနေပါတယ်ရှင်။

မေး။    ။ အခုလိုစစ်ရေးကာလမှာ စစ်ရှောင်ပြည်သူတွေကို မြေပြင်အထိဆင်းပြီး ကူညီပေးရာမှာ ကိုယ်တိုင် ကြုံတွေ့ရတဲ့ ဖြစ်စဉ်တွေနဲ့ ဘယ်လိုအမှတ်တရတွေရှိခဲ့ပါလဲ။

ဖြေ။      ။ အမှတ်ရစရာတွေက တော်လှန်ရေးကာလမှာ နည်းနည်းများတယ်။ ကျွန်မ ချင်းပြည်နယ်သွားတုန်းက ဆိုရင် Clean Yangon ထူထောင်သူကိုယ်တိုင်ကလည်း ဧပြီလကတည်းက TV မှာ ၅၀၅(က)နဲ့ ဝရမ်း ပါလာတယ်ဆိုတော့ အဖွဲ့အစည်းနဲ့ဆက်စပ်တဲ့သူတွေ၊ အဖွဲ့အစည်းနဲ့ ဆက်စပ်တဲ့အရာတွေက သိုသိုသိပ်သိပ် လုပ်ရတဲ့အခါကျတော့ ဒီချင်းပြည်နယ်ကို သွားတဲ့အခါဆိုရင် တည်းခိုတဲ့နေရာတွေကအစ အရမ်းဂရုစိုက်ရတယ်။ ပြီးတော့ ကိုယ့်ကိုခေါ်သွားတဲ့ကားက တကယ်ကူညီပေးတာလား။ ကိုယ့်ဘက်ကသေချာရဲ့လားဆိုတဲ့ စိုးရိမ်မှုတွေ ကြုံခဲ့ရတာပေါ့။ ကရင်နီရောက်တဲ့အခါမှာကျတော့ ဘာတွေ့လည်းဆိုတော့ လေကြောင်းရဲ့ဒဏ်ကို ပြောရမယ် ဆိုရင် ရုပ်ရှင်တွေဗီဒီယိုထဲမှာပဲ မြင်ဖူးတယ်။ လေကြောင်းတိုက်ခဲ့တဲ့ဟာတွေ လက်နက်ကြီးနဲ့ထုတဲ့ ဒုန်းဒိုင်းဆိုတဲ့ အသံကြားပေမဲ့ မျက်ဝါးထင်ထင်မြင်ခဲ့ရတာမျိူး မရှိဘူး။

ဘယ်နေရာမှာ လက်နက်ကြီးထုနေတာလဲ မသိဘူး။ တရက်ညနေဘက် ဆေးကုနေတဲ့အချိန် လူနာတွေလည်း များတယ်။ တစ်ရာကျော်ဆိုတော့ အိမ်ရှေ့မှာထိုင်နေကြတာပေါ့။ ငါးနာရီခွဲ၊ ခြောက်နာရီလောက် ဒီဘက်မှာက ကျတော့ အမှောင်မြန်တယ်ဆိုတော့ ရွာကဆိုလာမီးလေး ဆင်ပေးထားတယ်။ ဆိုလာမီးလေးနဲ့ထိုင်ပြီး လူနာတွေအကြောင်း ပြောနေတုန်း ကောင်းကင်က မီးကျည်ကျလာတယ်ပေါ့။ အဲဒီတုန်းက လက်နက်ကြီးမှန်းလဲ မသိဘူး။ ဟယ်ဟိုမှာ ကြည့်ပါဦး။ ကောင်းကင်က မီးကျည်ကြီးကျလာတယ်ပေါ့။ ဘာကြီးမှန်း မသိဘူး။ အဲဒီလို ဘုမသိဘမသိ ကြည့်တဲ့အချိန်မှာ မီးကျည်ကြီးက နီးနီးလာပြီးတော့မှ အုန်းအုန်းအသံကြားတော့ ထိပ်နားမှာ ရဲဘော်လေးတွေရှိတော့ ဆရာမ မီးပိတ်ပေးမီးပိတ်ပေး လက်နက်ကြီးနဲ့ ထုပြီးတာနဲ့ လေယာဉ်လာတော့မယ်လို့ ပြောနေတဲ့အခါကျတော့ ရန်ကုန်မှာနေတုန်းက ဆိုလာမီးဆိုတာ မရင်းနှီးခဲ့တော့ ဆိုလာကို ဘယ်လို ပိတ်ရမယ်မှန်း မသိဘူး။ ကြိုးတွေကို ဆွဲဖြုတ်ခဲ့ရတယ်။ ဒါလေးကတော့ ပထမဆုံးကြုံခဲ့တဲ့ မှတ်မှတ်ရရ အချိန်လေးပေါ့။

နောက်အမှတ်ရစရာအချိန်က အခုလိုပြန်ပြောရင် ရယ်စရာမကောင်းဘူး။ လေယာဉ်ကလာပြီးတော့ ဆေးရုံတွေ စစ်ရှောင်တွေကို ကြဲတဲ့အခါမှာ အပြစ်မဲ့တဲ့ပြည်သူတွေ အသက်ပေးလိုက်ရတယ်။ ဆေးရုံတစ်ရုံတုန်းကဆိုရင် မီးဖွားတာနှစ်ရက်ပဲရှိသေးတဲ့ မီးနေသည်မိခင်ဆုံးပါးသွားတယ်။ ကလေးကနှစ်ရက်နဲ့ မိခင်မဲ့သွားတယ်။ ဒါမျိူးတွေ ကြုံရတယ်။ အမြဲတမ်း အမှတ်ရနေမယ်။ ဒါပေမဲ့ အမှတ်ရစရာမကောင်းတဲ့ အမှတ်ရမှုပေါ့။ နောက်တခါကျတော့ စစ်ရှောင်စခန်းကို လေယာဉ်နဲ့လာကြဲတဲ့အခါ အပြစ်မဲ့တဲ့သားအဖဆုံးပါးသွားတယ်။ ဒါမျိူးတွေက မျက်စိရှေ့မှာ ခံစားရတယ်။ ဒီစစ်ကောင်စီက ပြည်သူတွေကို လုံးဝမခွဲခြားဘူး။ ရန်သူလိုပဲ သဘောထားတာ။ စစ်ရှောင်စခန်းရော ဆေးရုံရော နားမလည်ဘူး။ အကုန်လုံးကို လက်နက်ကြီးနဲ့ထုတယ်။ ဆုံးရှုံးမှုတွေက အရမ်းများတယ်။ နေ့တိုင်း ဒါမျိူးတွေကြုံရပါတယ်။ ရယ်စရာကောင်းတဲ့ အဖြစ်အပျက်မရှိပါဘူး။ အကုန်လုံးက နာကျင်စရာတွေ ကြေကွဲစရာ ဆုံးရှုံးမှုတွေပဲ ရှိပါတယ်။

မေး။    ။ မြို့ပြကနေ သွေးချင်းတွေရဲ့ဒေသကိုရောက်တော့ မြို့ပြနဲ့တောင်တန်းဒေသတွေက ဘယ်လို ကွာခြားမှုတွေရှိနေတာ တွေ့ရပါလဲ။

ဖြေ။      ။ အရင် ရန်ကုန်မှာရှိတယ်ဆိုကတည်းက မိခင်ပရဟိတအသင်းမှာ တောင်တန်းဒေသတွေ မဖွံဖြိုးသေးတဲ့ နေရာတွေမှာ စာကြည့်တိုက် ဆောက်ပေးတာ၊ စာသင်ကျောင်း ဆောက်ပေးတာမျိူး ရေတွင်းရေကန် လှူပေးတာတို့ လုပ်ခဲ့ပါတယ်။ ပုံမှန်က ဒီတော်လှန်ရေးမတိုင်မီ ကာလကတည်းက တောင်တန်း၊ တိုင်းရင်းသား ဒေသတွေမှာ တန်းတူညီအခွင့်ရေးကို ကြိုးစားနေရတဲ့အချိန် အချို့အရာလေးတွေက အများကြီး ကွာခြား နေသေးတဲ့အချိန် အာဏာသိမ်းလိုက်တော့ ပိုပြီးဆိုးသွားတာပေါ့။ ဒီဘက်ဒေသတွေမှာ ပြည်သူ့အစိုးရ လက်ထက်မှာ လုပ်ပေးခဲ့တဲ့မီးတွေ၊ ရေပိုက်တွေဆင်ဖို့ လုပ်နေတာတွေရှိတယ်။ လမ်းတွေဖောက်နေတာ ရှိတယ်။

အဲဒါတွေအကုန်လုံးက အာဏာသိမ်းလိုက်တဲ့အချိန် စစ်ကောင်စီက ဖြတ်လေးဖြတ် သူတို့ရဲ့လုပ်ထုံးလုပ်နည်း အတိုင်း မီးတွေဖြတ်တယ်။ ဆက်သွယ်မှု ဧရိယာတွေ ဖြတ်တယ်။ ရိုးရိုးဖြတ်တာတောင် မဟုတ်ဘူး။ နိုင်သွားတဲ့ အခါမှာ လုံးဝအစက ပြန်စရအောင် ယုတ်မာတာပေါ့။ တိုင်းရင်းသားဒေသတွေက မြေပြန့်နဲ့တန်းတူ ပြန်အခွင့် အရေးရဖို့ ပြန်လုပ်ယူရမယ်။ ဒီဘက်မှာ အရင်တုန်းက မီးရနေပြီ၊ ရလဲရခါနီးအချိန်မှာ အကုန်ပြန်ဆုတ်ယုတ် သွားတာပေါ့။ ဒီဘက်က လူတွေက ဖြူစင်တယ်။ ရိုးသားတယ်။ ပြောရမယ်ဆိုရင် သူတို့လိုချင်တာ တပ်မက်တာ အားနည်းတယ်။ တန်းတူအခွင့်ရေးဆိုတာ တချို့ကသိပ်မသိဘူး။ တော်တော်ကြီး ပြန်ပြီးလုပ်ယူ ကြိုးစားပေးရ မယ်။

မေး။    ။ နောက်ဆုံးအနေနဲ့ တိုင်းသားရင်းသွေးချင်းကလေးငယ်တွေရဲ့ ပညာရေးဟာ ဘယ်လိုအခြေအနေတွေ ဖြစ်ပေါ်နေပါလဲ။ သူတို့စိတ်ထဲမှာရော ဘယ်လိုခံစားချက်တွေရှိနေကြလဲ။ ပြောပြပေးပါဦး။

ဖြေ။      ။ ပညာရေးကတော့ အာဏာမသိမ်းခင် ၂ နှစ် လောက်ကတည်းက ကိုဗစ်ဖြစ်တော့ ရပ်နားထားရတယ်။ ၂၀၂၁ ဖြစ်ဖြစ်ချင်းမှာလည်း ပညာရေးက ဆက်ပြီးရပ်နားထားရတယ်။ စာသင်လို့ မရသေးဘူးဆိုတော့ သုံးနှစ်ခြား ကာလလောက်မှာ ပညာရေးနဲ့ အလှမ်းဝေးသွားတယ်။ ဒါပေမဲ့ ဘာတွေ့ရလဲဆိုတော့ ကလေးတွေက ကျောင်းတွေ ပြန်ဖွင့်တော့မယ်။ ကျောင်းတွေ ပြန်တက်ရမယ်ဆိုရင် အရမ်းပျော်ကြတယ်။ ကျောင်းတက်ရတော့မယ်။ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတော့မယ်ဆိုတဲ့ စိတ်လေးတွေ သူတို့ဆီမှာ တွေ့ရတယ်။ သူတို့မှာ ပညာသင်ချင်တဲ့စိတ် အရမ်းများတယ်။ အကြောင်းအရပ်ရပ်ကြောင့် သုံးနှစ်လောက် နားသွားခဲ့တယ်ပေါ့။ ဒီဘက်မှာတော့ ၂၀၂၁ လောက်ကတည်းက ပညာရေးစနစ် ဖော်ဆောင်တာပေါ့။ အခု ကရင်နီဒေသမှာ ဆိုရင်လည်း ကြားကာလအစိုးရ ပေါ်ပေါက်လာတဲ့အခါကျတော့ ကလေးတွေအတွက် ပညာရေးဖြစ်ဖြစ်၊ စစ်ရှောင်တွေ အတွက်ပဲဖြစ်ဖြစ် ဖော်ဆောင်နိုင်ပြီဆိုတော့ အရင်ထက်ပိုပြီး လုပ်ဆောင်နိုင်လိမ့်မယ်။ တိုင်းရင်းသားကလေးတွေ ဖြစ်တဲ့အခါကျတော့ စာလိုချင်စိတ်များတယ်။ သင်ယူလိုစိတ်လဲ များတယ်။ တချို့ ကလေးတွေကျတော့ ပညာရေးနဲ့ နည်းနည်းအလှမ်းဝေးတဲ့အခါကျတော့ ကျောင်းမတက်ချင်တဲ့ ကလေးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အရေအတွက်တအားနည်းပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here