“တိုင်းရင်းသားတွေကို ကိုယ်စားပြုထားတဲ့ ပါတီတွေ မရှိဘဲနဲ့ အနာဂါတ်မှာ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ့်ဟာတွေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို သွားမယ့်ဟာတွေ နောက်တခါ စစ်မှန်တဲ့ရွေးကောက်ပွဲကို ကျင်းပမယ့် ဟာတွေက သိပ်မသေချာမရေးရာဘူးလို့ ကျနော်ြမင်ပါတယ်” ဦးခိုင်ပြည်စိုး (အထွေထွေအတွင်းရေးမှူး – ANP)

0
196
ပုံစာ - ဦးခိုင်ပြည်စိုး (အထွေထွေအတွင်းရေးမှူး - ANP)

စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်ကို ငြင်းပယ်လိုက်မှုနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ – ANP အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးနှင့် ဆက်သွယ်မေးမြန်းချက်။

ပြီးခဲ့သည့် ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေအများစုကို အနိုင်ရရှိ ခဲ့သော ရခိုင်အမျိုးသားပါတီ (ANP) ကို စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၇) ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိဆိုသော အကြောင်းပြချက်နှင့် မှတ်ပုံတင်ခွင့် ငြင်းပယ် လိုက်သည်။

ပါတီ မှတ်ပုံတင်ခွင့် ငြင်းပယ်ခံရတာက ANP ပါတီကို တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်အား ငြင်းပယ် လိုက်ခြင်း ဖြစ်သလို၊ တနည်းအားဖြင့် ပါတီကို ဖျက်သိမ်းလိုက်ခြင်းလည်း ဖြစ်စေသည်။

ယခုလို ပါတီမှတ်ပုံတင်ခွင့် ငြင်းပယ်ခံလိုက်ရသည်အတွက် ရခိုင်အမျိုးသားပါတီ ANP အနေဖြင့် ပါတီနိုင်ငံရေး၊ စည်းရုံးရေး၊ ပါတီ ရပ်တည်လှုပ်ရှားခွင့်များလည်း ရရှိတော့မည် မဟုတ်ဟုဆိုပါသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ရခိုင်အမျိုးသားပါတီ (ANP) ပါတီ မှတ်ပုံတင်ခွင့်ကို ဘာကြောင့် ငြင်းပယ်လိုက်တာပါလဲ။ ဒီလို မှတ်ပုံတင်ခွင့် ငြင်းပယ်ခံရမှုနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP) အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ ANP ပါတီကို စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁ ရက်နေ့မှာ မှတ်ပုံတင်ခွင့် ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။ ဘာကြောင့် ငြင်းပယ်တာပါလဲ။

ဖြေ။ ။ သူတို့အကြောင်းပြချက်က ပါတီမှတ်ပုံတင်ခွင့် ဥပဒေပုဒ်မ (၇) နဲ့ ညီညွတ်မှုမရှိ ဆိုပြီးတော့ ပြောပါတယ်။ အဲဒီတော့ ညီညွတ်မှုမရှိတာက ပါတီတစ်ခုလုံးက ညီညွတ်မှု မရှိတာလား။ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်က ညီညွတ်မှု မရှိတာလားဆိုတာကို ကျနော်တို့မသိရဘူး။ ကျနော်တို့ပါတီ မှတ်ပုံတင်ကတည်းက ပြန်စဉ်းစားထားတာတွေ ရှိတယ်။ နိုင်ငံရေးပါတီတွေမှာက အတွေ့အကြုံရှိပြီးသား။ ၁၉၉၀ မှာလည်း ALD ဖျက်သိမ်းခံရတယ်။ ကျနော်တို့ ANP ပါတီကိုလည်း မလိုအပ်တဲ့အချိန်ခါမှာ ဒီလိုမျိုး ဖြစ်လာမှာဆိုတာကို သိပြီးသားပါ။

အဲဒီတော့ ပါတီတစ်ခု မှတ်ပုံတင်တဲ့အခါမှာလည်း လူ (၁၅) ယောက်ပဲ လိုတယ်။ ဒါပေမဲ့ ကျနော်တို့ ပါတီက လူတစ်ဦးတစ်ယောက်ရဲ့ အကြောင်းစုံကို မသိတဲ့အခါမှာ လူ (၂၅) ယောက် တစုံတယောက်က ငြိစွန်းတယ်ဆိုရင် အစားထိုးလို့ရအောင် လူ (၂၅) ယောက် တင်ထားပါတယ်။ အဲဒီတော့ လူ (၂၅) ယောက်လုံးက ပါတီနဲ့ ငြိစွန်းမှု ရှိနေလား။ သို့မဟုတ် ပါတီတစ်ခုလုံးက ငြိစွန်းမှု ရှိနေလားဆိုတာကို ကျနော်တို့မသိဘူး။ ပုဒ်မ ၇ နဲ့ ညီညွတ်မှု မရှိဘူးဆိုပြီး ငြင်းပယ်တဲ့ဟာကို ကျနော်တို့သိပြီးမှ ကြေညာတာကို သိရပါတယ်။

မေး။ ။ ပါတီ မှတ်ပုံတင်ခွင့် ငြင်းပယ်လိုက်တာကို ဘယ်လိုသိရတာပါလဲ။ တရားဝင် အကြောင်းကြားလာ ပြီလား။ ထုတ်ပြန်ချက်အရ သိရတာလား။

ဖြေ။ ။ ကျနော်တို့ကို တရားဝင်အကြောင်းကြားစာတော့ မရှိသေးဘူး။ အမှန်တော့ ပါတီမှတ်ပုံတင်တဲ့အခါမှာ ပ-ခေါင်းဆောင်၊ ဒု-ခေါင်းဆောင်ဆိုပြီး မှတ်ပုံတင်ရတယ်။ အကြောင်းတစုံတခုရှိရင်လည်း ပ-ခေါင်းဆောင်၊ ဒု-ခေါင်းဆောင် ဆီကိုတော့ အကြောင်းကြားရမယ်။ အခုအချိန်ထိတော့ မရှိသေးဘူး။

မေး။ ။ အဲဒီထုတ်ပြန်ချက်ထဲမှာ ANP ကို မှတ်ပုံတင်ခွင့်ဥပဒေပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်ခြင်းမရှိလို့ ငြင်းပယ်လိုက်တာ ဖြစ်တယ်လို့ စစ်ကောင်စီက ကြေညာတယ်။ ဆိုတော့ အဲဒီထဲက တစ်ခုခုနဲ့ ANP ငြိစွန်း နေတာမျိုးရှိပါလား။

ဖြေ။ ။ ကျနော်တို့ဘက်တော့ ငြိမ်စွန့်မှု မရှိဘူးလို့ ပြောချင်ပါတယ်။ ကျနော်တို့က တရားဝင်နိုင်ငံရေးပါတီ၊ တရားဝင် နိုင်ငံရေးပါတီဆိုတာက မြို့ပေါ်မှာ ဖွဲ့စည်းထားတယ်ဆိုတဲ့အခါမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာပေး ဆိုပြီးတော့ တရားဝင်ဖွဲ့စည်းထားပြီးမှ တရားဝင်လုပ်တာ ဖြစ်ပါတယ်။ ကျနော်တို့ မှတ်ပုံတင်တဲ့ အခါမှာ တစ်ဦးချင်း တစ်ယောက်ချင်းစီသော်လည်းကောင်း ငြိစွန်းမှု မရှိဘူး။ clearer ဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး။ ။ ANP ကလည်း ရခိုင်မှာအင်အားကြီးပါတီတစ်ခုဖြစ်တယ်၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲက ရခိုင်မှာ မဲအများဆုံး နိုင်ထားတဲ့ ရခိုင်ပါတီတစ်ခုပေါ့။ အခုလိုမျိုး မှတ်ပုံတင် မချပေးတဲ့အပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ပါလီမန်ဒီမိုကရေစီ အခင်းအကျင်းကို သွားမယ့်အခါမှာ တကယ်ကို လူထုကိုကိုယ်စားပြုတဲ့ပါတီတွေ လိုအပ်တယ်လို့ ကျနော်တို့ မြင်တယ်။ ရှင်းရှင်းပြောရရင် လိုသလို သုံးလို့ရတဲ့ ပါတီမျိုးနဲ့ ဗမာနိုင်ငံရေး အခင်းအကျင်းကို ရှေ့ဆက်သွားလို့ မရနိုင်ဘူး။ ငြိမ်းချမ်းရေး ဖြစ်စဉ်သော်လည်းကောင်း၊ ဒီမိုကရေစီ အခင်းအကျင်းကို သွားမယ့်သော်လည်းကောင်း၊ သိုမဟုတ် ဖက်ဒရယ် ပြည်ထောင်စုကိုသွားမယ် သော်လည်း ကောင်း အဲသလိုအချိန်ကာလမျိုးမှာ သူတို့လိုသလို ကြိုးဆွဲလို့ရတဲ့ ပါတီမျိုးနဲ့ သွားလို့မရနိုင်ဘူး။ လူထု ကိုယ်စားပြုတဲ့ ပါတီတွေ လိုအပ်တယ်လို့ ကျနော်မြင်တယ်။

အဲဒီတော့ ရခိုင်အမျိုးသားပါတီဆိုတာ လူထုကို ကိုယ်စားပြုထားတဲ့ ပါတီတရပ်ဖြစ်တယ်။ ဒီလိုအချိန်အခါမျိုးမှာ မွန်မှာလည်း မွန်ပါတီရှိတယ်။ ကချင်မှာလည်း ကချင်းအင်အားကြီး ပါတီရှိတယ်။ အဲသလို တိုင်းရင်းသားတွေကို ကိုယ်စားပြုထားတဲ့ ပါတီတွေ မရှိဘဲနဲ့ အနာဂါတ်မှာ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ့်ဟာတွေ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို သွားမယ့်ဟာတွေ နောက်တခါ စစ်မှန်တဲ့ရွေးကောက်ပွဲကို ကျင်းပမယ့်ဟာတွေက သိပ်မသေချာ မရေးရာဘူးလို့ ကျနော်ြမင်ပါတယ်။

မေး။ ။ စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲအပေါ်ရော ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ ရွေးကောက်ပွဲတွေ ဘာတွေ မမှန်းသေးဘူး။ သူတို့က ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ပြန်တာ မရှိသေးဘူး။ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုပြီး ပြောတာပဲ ရှိသေးတယ်။ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန်မှာ ဘယ်လို ကျင်းပသွားမယ်ဆိုတာကို ထုတ်ပြန်တာ မရှိသေးဘူး။ ဒါကြောင့် ဒီရွေးကောက်ပွဲကိစ္စက မှတ်ချက်မပြုလိုသေးဘူး။

မေး။ ။ စစ်ကောင်စီက ပါတီမှတ်ပုံတင် မချပေးဘူးဆိုတော့ ANP ပါတီအနေနဲ့ ရှေ့ဆက်ဘယ်လို ရပ်တည် လှုပ်ရှားသွားဖို့ ရှိပါလဲ။

ဖြေ။ ။ မြန်မာနိုင်ငံမှာတော့ ပါတီဖျက်သိမ်းတဲ့ဟာ အခုမှ မဟုတ်ပါဘူး။ ၁၉၉၀ ခုနှစ်မှာလည်း ပါတီတွေ ဖျက်သိမ်းခဲ့တယ်။ အခုလည်း ၂၀၂၁ ခုနှစ်မှာလည်း ပါတီတွေ ဖျက်သိမ်းခဲ့တယ်။ ဒါပေမဲ့ အဲပါတီတွေကတော့ သူတို့ ပုံသဏ္ဍာန်လေးလည်း သူတို့ရှိနေကြတာပဲ။ အစိုးရ အသိမှတ်ပြုတာမပြုတာက ပြဿနာမရှိဘူး။ လူထုကို ကိုယ်စားပြုပြီးတော့ သူနည်းသူဟန် လုပ်နေကြတွေကိုတော့ ကျနော်တို့တွေ့ရပါတယ်။ ကျနော်တို့ ရခိုင်အမျိုးသား ပါတီအနေနဲ့လည်း သူနည်းသူဟန်နဲ့ ရှိနေအုံးမယ်လို့ ကျနော်ထင်ပါတယ်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here