“တိုက်ပွဲဖြစ်နေတော့ ထွက်ပြေးဖို့က လမ်းတွေပိတ်ထားတော့ ထွက်ပြေးလို့ မရဘူး။ လူတွေက ရွာထဲမှာပဲ ပိတ်မိနေကြတယ်။ အများကြီးပေါ့၊ ထွက်လာလို့မရဘဲ ပိတ်မိနေတာ အကုန်လုံးနီးပါးပါပဲ။ ထွက်ပြေးလာလို့ရတာ ၁၀ ပုံ ၁ ပုံလောက်ပဲ ရှိတယ်။ လမ်းမကြီးကနေက မပေးထွက်ဘူး” ချောင်းနှစ်ကျေးရွာအနီးက မယ်တရိုကျေးရွာခံတစ်ဦး

0
408
ပုံစာ - ချောင်းနှစ်ခွတံတား။

ချောင်းနှစ်ခွတိုက်ပွဲ လက်ရှိအခြေအနေ၊ အဆိုပါဒေသတွင်းရှိ အရပ်သားပြည်သူတွေရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ချောင်းနှစ်ကျေးရွာအနီးက မယ်တရိုကျေးရွာခံတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနဲ့ ချောင်းနှစ်ခွတံတားဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာလ ၁၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ထိုတိုက်ပွဲဟာ နိုဝင်ဘာလ ၁၆ ရက်နေ့ အထိ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ တိုက်ခိုက်နေသလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ် တိုက်ခိုက်နေတဲ့အတွက် ဒေသခံအရပ်သား ထိခိုက်သေဆုံးတာ နေအိမ်ထိခိုက်ပျက်စီးတာတွေလည်း ရှိနေပါတယ်။

တိုက်ပွဲ စဖြစ်တဲ့နေ့ကတည်းက လမ်းတွေကို ပိတ်ထားတဲ့အတွက် ချောင်းနှစ်ခွဒေသတွင်းရှိ ကျေးရွာ ၁၀ ထက် မနည်းက ဒေသခံပြည်သူတွေဟာ ထွက်ပြေးမရဘဲ ကျေးရွာထဲမှာပဲ ပိတ်မိနေကြပါတယ်။ လက်ရှိ တိုက်ပွဲ အခြေအနေနဲ့ ဒေသတွင်းရှိ ပြည်သူတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ ချောင်းနှစ်ကျေးရွာအနီးက မယ်တရိုကျေးရွာခံတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ လက်ရှိ ချောင်းနှစ်ခွဘက်က အခြေအနေ ဘယ်လိုရှိနေလဲ။

ဖြေ ။ ။ တိုက်ပွဲကတော့ ဆက်ဖြစ်နေတယ်။ အမြောက်တွေနဲ့ ပစ်ခတ်နေတာတွေလည်းရှိတယ်။ လေယာဉ်နဲ့ လာပစ်တာတော့ မရှိတော့ဘူး အခု၊ တိုက်ပွဲကတော့ ဆက်ဖြစ်နေတယ်။ နေ့တိုင်း ဖြစ်နေတယ်။

မေး ။ ။ တိုက်ပွဲဖြစ်ပြီးတော့ လမ်းတွေအကုန်လုံး ပိတ်ထားတယ်လို့ သိရတယ်။ လက်ရှိမှာ လမ်းအခြေအနေ ဘယ်လိုရှိနေလဲ။ သွားလာလို့ ရနေပြီလား။

ဖြေ ။ ။ လမ်းကတော့ အခုထိ ပိတ်ထားတုန်းပါပဲ။ တောင်ကလေးကနေ ကဒါအထိ ပိတ်ထားတယ်။ သွားလာလို့ မရဘူး။ တိုက်ပွဲဖြစ်နေတော့ ထွက်ပြေးဖို့က လမ်းတွေပိတ်ထားတော့ ထွက်ပြေးလို့ မရဘူး။ လူတွေက ရွာထဲမှာပဲ ပိတ်မိနေကြတယ်။ အများကြီးပေါ့၊ ထွက်လာလို့မရဘဲ ပိတ်မိနေတာ အကုန်လုံးနီးပါးပါပဲ။ ထွက်ပြေးလာလို့ရတာ ၁၀ ပုံ ၁ ပုံလောက်ပဲ ရှိတယ်။ လမ်းမကြီးကနေက မပေးထွက်ဘူး။ တချို့ရွာသူ၊ ရွာသားတွေက တောလမ်းကနေ ပတ်ပြီး ထွက်လာရတယ်။ တချို့ကလည်း ရေလမ်းကနေ ထွက်လာရတယ်။ အဲလို အခြေအနေရှိတယ်။

မေး ။ ။ တိုက်ပွဲကြောင့် လူထိခိုက်မှုရှိလား။ ဘာတွေ သိထားတာရှိပါလဲ။

ဖြေ ။ ။ တိုက်ပွဲဖြစ်တော့ လေယာဉ်တွေနဲ့ရော အမြှောက်တွေနဲ့ပါ ပစ်ခတ်တာရှိတယ်။ အဲလိုပစ်တော့ အိမ်ပေါ်ကျ အိမ်မီးလောင်တာ ရှိတယ်။ တိရစ္ဆာန်တွေ သေဆုံးခဲ့ရတာရှိတယ်။ ပစ်တာက ရွာထဲကိုပစ်တာ မဟုတ်ပေမယ့် လက်နက်ကြီးတွေက တလုံးတလေ ရွာထဲကျတယ်လေ။ လူထိတာကတော့ ပေါ်လောကုန်းရွာမှာက ကလေး ၂ ယောက် သေဆုံးခဲ့တာရှိတယ်။ မယ်တရိုဘက်မှာလည်း ဒဏ်ရာရတဲ့လူတွေ ရှိတယ်။

မေး ။ ။ အခုဆိုရင် ချောင်းနှစ်ခွ ရဲစခန်းနဲ့ ချောင်းနှစ်ခွတံတားကို PDF တွေဘက်က ထိန်းထားလိုက်ပြီ သတင်းထွက်နေတယ်။ အဲ့အပေါ်မှာရော ဘယ်လိုသိထားတာရှိပါလဲ။

ဖြေ ။ ။ ရဲစခန်းနဲ့ တံတားကို ကရင်တွေဘက်က သိမ်းလိုက်ပြီးလို့တော့ ကြားတယ်။ အဲဒီမှာ သူတို့ နေနေတယ်။ အဲလိုတော့ ကြားတယ်။ ဒါပေမယ့် အဲဒီဘက်ကို ဘယ်သူမှ မသွားရဲတော့ အတိအကျတော့ မသိဘူး။

မေး ။ ။ လက်ရှိ ထွက်ပြေးနေရတဲ့လူတွေ ဘယ်မှာနေနေကြတာပါလဲ။ လူဦးရေများလား။

ဖြေ ။ ။ ကျွန်းရွာဘက်မှာက စခန်းတစ်ခုရှိတယ်။ ဘုန်းကြီးကျောင်းမှာပေါ့။ ကနာလိုမှာလည်း ရှိတယ်။ ဆွေမျိုးအိမ်တွေမှာ တိမ်းရှောင်နေတာတွေလည်းရှိတယ်။ ရွာမှာလည်း အများကြီးပါပဲ။ လူဦးရေက တစ်နေရာမှာ ၅၀ ကျော်ကျော်လောက်ရှိတယ်။ တချို့ကတော့ တိမ်းရှောင်ဖို့က ထွက်လည်းမရတော့ ရွာအတွင်းမှာပဲ ပိတ်မိ နေတယ်။ သူတို့အတွက်က စားသောက်ဖို့ ခက်ခဲလာနိုင်တယ်။ ချောင်းနှစ်ခွ၊ မယ်တရို အဲဘက်မှာများတယ်။

မေး ။ ။ တိုက်ပွဲအခြေအနေ ဘယ်လိုရှိလဲ၊ ဘာတွေ ဆက်ဖြစ်လာနိုင်ပါလဲ။

ဖြေ ။ ။ ဒီတိုက်ပွဲကတော့ တစ်ဖက်ကနောက်မဆုတ်လိုက်ရင်တော့ ဒီအတိုင်းသာ ရှေ့ဆက်သွားနေရင်တော့
ပိုကြာအုံးမှာ၊ ပြောရရင် အခုအခြေအနေအရဆိုရင် တစ်ဖက်ကလည်း လူအင်အားတွေနဲ့ ထိုးတက်နေတာ
နှစ်ဖက်စလုံး အရှိန်ကောင်းနေတုန်းပါပဲ အကြာကြီး ဆက်သွားအုံးမယ်ထင်တယ်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here