“တိုက်ပွဲကတော့ ဆက်ဖြစ်မှာပါ။ ဆက်ဖြစ်မယ်။ အခုတော့ နမ်ဆန်ယန် အောင်ဂျာစခန်းနဲ့ သူတို့ထိုးထားတဲ့ စစ်ကြောင်းတွေကတော့ ဒီအောင်ဂျာစခန်းဘက်ကို ဝင်လို့မှမရတာ အခုထက်ထိ မဝင်ဘူး ဆိုတော့ သူတို့လည်း ဝင်အောင်ကြိုးစားမှာ ဆိုတော့ ပြင်းထန်လာနိုင်တယ်” ဗိုလ်မှူးကြီး နော်ဘူ / KIO ပြန်ကြားရေးတာဝန်ခံ

0
367
ပုံစာ - KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ အကြား စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာတွေကြောင့် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောပါတယ်။ စက်တင်ဘာလထဲမှာ စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက သိမ်းယူနိုင်ခဲ့တာလည်း ရှိနေပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်ရပ်ကွက်ရှိ စစ်ကောင်စီတပ်ရဲ့ စရဖရုံးနဲ့ ရဲစခန်းကို စက်တင်ဘာလ ၂၅ ရက်နေ့၊ မနက်ပိုင်း ၄ နာရီလောက်မှာ KIA တပ်ရင်း ၆ နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်စီးနင်းခဲ့တယ်လို့ ဆိုင်းတောင်ဒေသခံ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၂ ရက်နေ့က မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းမှာ စစ်ကောင်စီတပ်ကို KIA တပ်မဟာ ၁၊ တပ်ရင်း-၄ က စောင့်ကြိုတိုက်ခိုက်ရာမှာ စစ်တပ်ဘက်က အထိနာပြီး လက်နက်ခဲယမ်းတချို့ ထပ်မံသိမ်းဆည်း ရမိခဲ့ပါတယ်။ နှစ်ဖက်တပ်အကြား လက်ရှိမြေပြင် အခြေအနေတွေနဲ့ ပတ်သတ်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ လက်ရှိ ကချင်ပြည်နယ်အတွင်း တိုက်ပွဲအခြေအနေလေးသိချင်ပါတယ်။ ဒီရက်ပိုင်းတိုက်ပွဲတွေ ဆက် ဖြစ်နေသေးပါလား။

ဖြေ။ ။ လိုင်ဇာအနီးတဝိုက်မှာကတော့ တိုက်ပွဲက နန်ဆန်ယန်မှာ တပ်စခန်းတွေကို ကျနော်တို့ဘက်ကနေ လက်နက်ကြီးနဲ့ ပစ်တာတွေ ဒရုန်းနဲ့ လှမ်းပစ်တဲ့တာတွေတော့ ရှိပါတယ်။ သူတို့ဘက်ကနေလည်း လက်နက် ကြီးနဲ့ အပြန်အလှန်ပစ်တာပေါ့။ မြေပြင်တိုက်ပွဲကတော့ အခုတလောကတော့ မရှိဘူး။ ဒီသုံးလေးရက် အတွင်းမှာကတော့ လေကြောင်းကလည်း အခုတလောကတော့ မရှိဘူး။ သုံးရက်လေးရက်လောက်ရှိပြီ လေကြောင်း မလာတာ။

မေး။ ။ ဒီလတ်တလော စက်တင်ဘာလအတွင်း စစ်ကောင်စီဘက်က စစ်ကြောင်းထိုးထားတဲ့ အခြေအနေကရော ဘယ်လိုမျိုးရှိနေပါလဲ။

ဖြေ။ ။ စစ်ကောင်စီဘက်ကနေ စစ်ကြောင်းထိုးတာကတော့ ကျနော်တို့ ဒီလိုင်ဇာပတ်ဝန်းကျင်ပေါ့၊ နမ်ဆန်ယန်နားမှာတော့ ဗန်းမော်ဘက်ကနေ ထိုးလာတဲ့ စစ်ကြောင်းအဖွဲ့တွေကတော့ ဒီလ လလယ်လောက်ပေါ့ ၁၇ ရက်လား မသိဘူး။ တစ်ရာကျော်လောက်ကတော့ အဲဒီ ခါရာတောင်တို့ ဘွမ်ရယ်တောင်တို့ဘက်ကို ရောက်သွားပြီ။ အဲ့ဒီအဖွဲ့တွေကတော့ တစ်ရာနည်းနည်းကျော်ပြီ ထင်တယ်။

မြစ်ကြီးနားဘက်ကနေတော့ စစ်ကြောင်းတွေ မရှိဘူး။ သူတို့က ဒဘတ်ယန်တို့ ဘာတို့ သူတို့စခန်းထိုင်ဖို့ နေရာမှာပဲ သူတို့ရောက်နေတာ။ ကျနော်တို့ ဒီနမ်ဆန်ယန်တို့ လိုင်ဇာပတ်ဝန်းကျင်ဘက်တို့ ဘာတို့ကတော့ သူတို့ မရောက်ဘူးပေါ့နော်။ သူတို့ မထိုးဘူး။ ဗန်းမော်ဘက်ကနေ ထိုးလာတဲ့အဖွဲ့တွေ အခုနပြောတဲ့ ၁၇ ရက်နေ့ ကနေ ခါရာတောင်တို့ ဘွမ်ရယ်တောင်တို့ဘက်ကို ရောက်သွားတာ အဲ့ဒါပဲရှိပါတယ်။

မေး။ ။ တပ်အင်အားတိုးထားမှု အခြေအနေ၊ တပ်အပြောင်းအလဲ အခြေအနေကရော ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ လိုင်ဇာပတ်ဝန်းကျင်မှာက မြစ်ကြီးနား-ဗန်းမော် ကားလမ်းတကြောလုံးကတော့ သူတို့တပ်တွေ တိုးထားတာတော့ မရှိဘူး။ သူတို့တပ်က အပြောင်းအလဲတွေ ဘာမှမရှိဘူး။ အခုနကပြောတဲ့ စစ်မြေပြင် ဖြစ်နေတာ စစ်မြေပြင်ဖြစ်တဲ့အခါကျတော့ သူတို့လည်း ပုံမှန်အတိုင်းလာတာကတော့ အခက်အခဲတွေ ရှိမှာပေါ့။ အခုလောလောဆယ်ကတော့ ဘာမှတိုးထားတာတော့ မရှိဘူး။

မေး။ ။ စစ်ရေးအခြေအနေကရော ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ စစ်ရေးအခြေအနေကတော့ တင်းမာတယ်လို့ ပြောလို့ရပါတယ်။ အခုနကပြောသလို နေ့တိုင်း တိုက်ပွဲ ဖြစ်တယ်ဆိုတော့ စစ်ရေးအခြေအနေက တင်းမာတာဖြစ်မှာပေါ့။

မေး။ ။ ဒီစက်တင်ဘာ တတိယပတ်ထဲမှာပဲ KIA က စစ်ကောင်စီရဲ့ တပ်စခန်းတခုကို သိမ်းထားတယ်ဆိုတာ တွေ့ရတယ်။ မြစ်ကြီးနား-ပူတာအိုဘက်မှာလား မသိဘူး၊ အွန်လိုင်းမှာလည်း ပုံတွေ တက်လာတယ်။ အဲ့ဒါရော အမှန်ပဲလား။

ဖြေ။ ။ မှန်ပါတယ်။ သူတို့ တံတားဦးစခန်းတွေကို ကျနော်တို့အဖွဲ့တွေ ဝင်တိုက်တဲ့ဖြစ်စဉ် ဖြစ်ပါတယ်။ ဆွမ်ပရာဘွမ်နဲ့ မြစ်ကြီးနားကြားက ဖြစ်ပါတယ်။

မေး။ ။ အဲ့ဒီ ဆွမ်ပရာဘွမ်နဲ့ မြစ်ကြီးနားကြားက စခန်းကို သိမ်းနိုင်ခဲ့တယ်ဆိုတော့ တိုက်ပွဲကလည်း တော်တော်ပြင်းပြင်းထန်ထန် ဖြစ်နေတာပါလား။

ဖြေ။ ။ စစ်ကောင်စီရဲ့ စခန်းတွေတောင်မှ သိမ်းရတယ်ဆိုတော့ တိုက်ပွဲကတော့ ပြင်းတာပေါ့။ ထိတွေ့ရင်ဆိုင် တိုက်ပွဲမှ မဟုတ်တာ။ ထိုးစစ်ဆင်တာ စစ်ကောင်စီလည်း ထိုးစစ်ဆင်တာ KIA တွေလည်း ထိုးစစ်ဆင်တာနေ တာ။ သူတို့ စခန်းတောင်မှ ကျသွားတာဆိုတော့ တိုက်ပွဲတော့ ပြင်းတယ်လို့ ပြောလို့ရတာပဲ။

မေး။ ။ စစ်ကောင်စီနဲ့ KIA တို့အကြားမှာ စက်တင်ဘာလအတွင်း တိုက်ပွဲအကြိမ်ရေ ဘယ်လောက်ထိ ဖြစ်ခဲ့ပါလဲ။

ဖြေ။ ။ ကျနော်တို့ ဒီနမ်ဆန်ယန်မှာတောင်မှ ငါးခြောက်ခါလောက်တော့ရှိပြီဆိုတော့ တခြားနေရာမှာလည်း တိုက်ပွဲဖြစ်တယ်ဆိုတော့ ဆယ်ကြိမ်နီးပါးလောက်တော့ ရှိလောက်ပြီထင်တယ်။ ဒါကတော့ စက်တင်ဘာလမှာ ပေါ့နော်။ ဒါက ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေ ထိုးစစ်ဆင်တဲ့ပွဲတွေနောက် အခုနကပြောတဲ့ လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်တဲ့ တိုက်ပွဲတွေ အားလုံးပေါင်းပေါ့။

မေး။ ။ လေကြောင်းကနေရော ပစ်တာမျိုး၊ တိုက်တာမျိုးတွေရော ရှိပါလား။

ဖြေ။ ။ နမ်ဆန်ယန်မှာလည်း လေကြောင်းကတော့ ခဏခဏလာတယ်။ သူတို့ အထိနာတာနဲ့တော့ လာပြီ။

မေး။ ။ စစ်ကြောင်းတွေလည်း ထိုးတယ်၊ တိုက်ပွဲတွေကလည်း ဖြစ်နေတယ်ဆိုတော့ ရှေ့ဆက်တိုက်ပွဲက ဆက်ပြီး ပိုဖြစ်လာနိုင်ပါလား။

ဖြေ။ ။ တိုက်ပွဲကတော့ ဆက်ဖြစ်မှာပါ။ ဆက်ဖြစ်မယ်။ အခုတော့ နမ်ဆန်ယန် အောင်ဂျာစခန်းနဲ့ သူတို့ ထိုးထားတဲ့ စစ်ကြောင်းတွေကတော့ ဒီအောင်ဂျာစခန်းဘက်ကို ဝင်လို့မှမရတာ အခုထက်ထိ မဝင်ဘူး ဆိုတော့ သူတို့လည်း ဝင်အောင်ကြိုးစားမှာ ဆိုတော့ ပြင်းထန်လာနိုင်တယ်။ အခုနကပြောသလိုပေါ့ တိုက်ပွဲကတော့ ပိုပြီးမှ ပြင်းထန်လာနိုင်တယ်။ ဆက်ဖြစ်ဖို့ ရှိတယ်။

မေး။ ။ ဗန်းမော်လမ်းကရော အခုတိုက်ပွဲတွေ ဖြစ်နေတော့ ပိတ်ထားတုန်းပါလား။

ဖြေ။ ။ ဟုတ်ကဲ့ သူကပိတ်ထားတာမျိုး မဟုတ်ဘူး၊ သွားလို့ကို မရတာ။ စစ်မြေပြင် ဖြစ်နေတာ။ တိုက်ပွဲတွေက လည်း ပိုပြီးမှပြင်းထန်လာဖို့ ဆက်ဖြစ်ဖို့ပဲရှိတယ်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here