1 ဇူလိုင် 2025 /

See today's Peace Related News

Homeအင်တာဗျူး“တရားရုံးတွေဟာ အုပ်ချုပ်ရေးမဏ္ဍိုင် လက်အောက်မှာရှိနေတယ်။ ဒါကြောင့်မို့လို့ တရားစီရင်ရေးမဏ္ဍိုင်ရဲ့ (တရားရုံးတွေရဲ့) ဆုံးဖြတ်ချက်တွေက လွတ်လပ်မှုမရှိဘူး။ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ စွက်ဖက်မှုတွေပါတယ်လို့ ထင်မြင်ယူဆချက်တွေ ရှိလာနိုင်ပါတယ်။...

“တရားရုံးတွေဟာ အုပ်ချုပ်ရေးမဏ္ဍိုင် လက်အောက်မှာရှိနေတယ်။ ဒါကြောင့်မို့လို့ တရားစီရင်ရေးမဏ္ဍိုင်ရဲ့ (တရားရုံးတွေရဲ့) ဆုံးဖြတ်ချက်တွေက လွတ်လပ်မှုမရှိဘူး။ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ စွက်ဖက်မှုတွေပါတယ်လို့ ထင်မြင်ယူဆချက်တွေ ရှိလာနိုင်ပါတယ်။ အဲဒီလို အချက်တွေကြောင့် တရားစီရင်ရေးရဲ့ပုံရိပ်ကို ထိခိုက်တာမျိုး ရှိနိုင်သလို၊ တရားစီရင်ရေးအပေါ် ပြည်သူ့ယုံကြည်မှုလျော့နည်းနိုင်တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်” Sai Kwan Mong / Legal Aid Association – LAA တည်ထောင်သူ

ကရင်နီပြည် အေးဒေသအတွင်း ဥပဒေရေးရာအကူအညီပေးခြင်းနှင့် တရားစီရင်ရေးစနစ်သစ်အပေါ် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေသည့် Legal Aid Association – LAA တည်ထောင်သူ Sai Kwan Mong နှင့် ဆက်သွယ်မေးမြန်းချက်။

ကရင်နီပြည်တွင်ဖြစ်ပွားနေသော တော်လှန်ရေးကာလအတွင်း တရားမျှတပြီး တည်ငြိမ်သောအုပ်ချုပ်ရေး စနစ်တစ်ရပ် တည်ဆောက်ရေးသည် အလွန်အရေးကြီးသော စိန်ခေါ်မှုတရပ်ဖြစ်နေသည်။

လက်ရှိ ပြည်သူများသာမက အချို့သော သတင်းမီဒီယာနှင့် တာဝန်ရှိသူများသည် ကရင်နီပြည်ရှိ တရားရုံးများသည် IEC ၏ လက်အောက်ခံရုံးများအဖြစ် အထင်မြင်လွဲမှားမှုများ ရှိနေသေးသည်ဟု သသည်။

ထို့ကြောင့် ကရင်နီပြည်ရှိ တရားရုံးများသည် IEC ၏ လက်အောက်ခံရုံးများ မဟုတ်ဆိုသည့် ရှင်းလင်းချက်တရပ်ကို ဇွန်လ ၂၅ ရက်နေ့တွင် Legal Aid Association – LAA က ထုတ်ပြန်ခဲ့သည်။

ကရင်နီပြည်၏ ဖွဲ့စည်းပုံ၊ အာဏာခွဲဝေကျင့်သုံးမှုနှင့် တရားဥပဒေစိုးမိုးရေး တည်ဆောက်မှုတို့ကို နားလည်နိုင်ရန်နှင့် ဒေသတွင်း ဥပဒေရေးရာအကူအညီပေးခြင်းနှင့် တရားစီရင်ရေး စနစ်သစ်အပေါ် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်နေသည့် Legal Aid Association – LAA ၏ တည်ထောင်သူ Sai Kwan Mong ကို ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ LAA အနေနဲ့ ဒီလိုထုတ်ပြန်ချက်ကို ထုတ်ပြန်ရတဲ့ အဓိကရည်ရွယ်ချက်က ဘာဖြစ်မလဲ။ ပြည်သူကို ဘယ်အချက် အဓိကထားပြီး သိစေချင်တာပါလဲ။

ဖြေ။ ။ အဓိကကတော့ ဥပဒေဆိုင်ရာ အထောက်အကူပြုအဖွဲ့ (LAA) ရဲ့ ဥပဒေအထောက်အကူပြုလုပ်ငန်း နယ်ပယ်ထဲမှာပါတဲ့ Òဥပဒေဆိုင်ရာ အသိပညာပေးခြင်းÓ နဲ့ Òဥပဒေဆိုင်ရာ သတင်းအချက် အလက်ပေးခြင်းÓ လုပ်ငန်းစဉ်ကို ဆောင်ရွက်တာဖြစ်ပါတယ်။ ပြည်သူလူထုကို အဓိကထားပြီး သိစေချင်တာက ကရင်နီပြည်မှာ ဖွဲ့စည်းတည်ထောင်ထားတဲ့ တရားရုံးအားလုံးဟာ ကရင်နီပြည် ကြားကာလအုပ်ချုပ်‌ရေးကောင်စီ (IEC) ရဲ့ လက်အောက်မှာ ဖွဲ့စည်းထားတာမဟုတ်ဘူး။ IEC လက်အောက်ကရုံးတွေ မဟုတ်ဘူး။ ကရင်နီပြည် တရားရုံးချုပ် လက်အောက်က တရားရုံးတွေ၊ ကရင်နီပြည် တရားရုံးချုပ်ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာရှိနေတဲ့ တရားရုံးတွေ ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြားသိစေချင်တာ ဖြစ်ပါတယ်။

မေး။ ။ ထုတ်ပြန်ချက်မှာပါတဲ့ အများပြည်သူ၊ သတင်းမီဒီယာနဲ့ တက်ကြွလှုပ်ရှားသူအချို့အကြားမှာ အထင်အမြင်လွှဲမှားမှုဆိုတာပါတော့ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုအထင်မြင်လွဲမှားမှုတွေ ရှိနေလို့ပါလဲ။

ဖြေ။ ။ အထင်အမြင်လွဲမှားတယ်လို့ အသိပညာပေးစာတမ်းတိုမှာ ထုတ်ဖော်ထားတော့မရှိပါဘူး။ ထင်မြင် ယူဆနေတယ်လို့ပဲ ဆိုထားပါတယ်။ တနည်းအားဖြင့် ပြောရရင် ကရင်နီပြည်မှာရှိတဲ့ တရားရုံးတွေဟာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ လက်အောက်ခံရုံးတွေ၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ထူထောင်ထားတဲ့ တရားရုံးတွေဖြစ်တယ်လို့ပဲ နားလည်နေကြတာ၊ ထင်မြင်ယူဆ နေကြတာများတယ်ပေါ့နော်။ အသိပညာပေး စာတမ်းတိုရဲ့ ပထမဆုံး စာမျက်နှာဖော်ပြထားတဲ့ပုံက သတင်းမီဒီယာတစ်ခုက တင်ပြထားတဲ့ပုံ ဖြစ်ပါတယ်။

အဲဒီသတင်းမှာ “ ကရင်နီ ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC)၊ ကြားကာလ တရားစီရင်ရေးဌာန၊ ကရင်နီပြည် တရားရုံးချုပ် အောက်ရှိ xxxxxx” ဆိုပြီး ဖော်ပြထားတာကို ကြည့်ခြင်းအားဖြင့် ကရင်နီပြည် မှာရှိနေတဲ့ တရားရုံးတွေဟာ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) လက်အောက်မှာရှိနေတဲ့ တရားရုံးတွေလို့ ထင်မြင်ယူဆနေပုံရပါတယ်။ အဲဒီ အချက်ကို ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား သိစေချင်ရုံနဲ့ အသိပညာပေး စာတမ်းတိုကို ရေးသားခဲ့ခြင်းပဲ ဖြစ်ပါတယ်။ တကယ်ကတော့ အသိပညာပေးစာတမ်းတိုမှာ ဖော်ပြထားသလိုပါပဲ ကရင်နီပြည်မှာရှိတဲ့ တရားရုံးတွေဟာ ကရင်နီပြည်တရားရုံးချုပ်ရဲ့ လက်အောက်ခံရုံးတွေ ဖြစ်ပြီးတော့ ကရင်နီပြည်တရားရုံးချုပ်ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာရှိတဲ့ တရားရုံးတွေ ဖြစ်ပါတယ်။

မေး။ ။ ဒီလိုတရားရုံးတွေက IEC လက်အောက်မှာရှိတယ်လို့ အထင်လွဲမှားခြင်းက တရားစီရင်ရေးရဲ့ပုံရိပ်နဲ့ ပြည်သူလူထုရဲ့ယုံကြည်မှုအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်ပါလဲ။

ဖြေ။ ။ ကျနော်တစ်ဦးတည်းရဲ့ ယူဆချက်အရဆိုရင် တရားရုံးတွေက IEC လက်အောက်မှာရှိတယ်လို့ ထင်မြင်ယူဆမှုလွဲသွားခြင်းက တရားစီရင်ရေးရဲ့ပုံရိပ်နဲ့ ပြည်သူ့ယုံကြည်မှုအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ဥပမာအားဖြင့် အခုလိုတွေ သက်ရောက်နိုင်ပါတယ်။ ဘယ်လိုတွေလဲဆိုရင် တရားရုံးတွေဟာ အုပ်ချုပ်ရေးမဏ္ဍိုင် လက်အောက်မှာရှိနေတယ်။ ဒါကြောင့်မို့လို့ တရားစီရင်ရေး မဏ္ဍိုင်ရဲ့ (တရားရုံးတွေရဲ့) ဆုံးဖြတ်ချက်တွေက လွတ်လပ်မှုမရှိဘူး။ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ စွက်ဖက်မှုတွေပါတယ်လို့ ထင်မြင်ယူဆချက်တွေ ရှိလာနိုင်ပါတယ်။ အဲဒီလို အချက်တွေကြောင့် တရားစီရင်ရေးရဲ့ပုံရိပ်ကို ထိခိုက်တာမျိုး ရှိနိုင်သလို၊ တရားစီရင်ရေးအပေါ် ပြည်သူ့ ယုံကြည်မှုလျော့နည်းနိုင်တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

မေး။ ။ ကရင်နီပြည်ရဲ့ အာဏာခွဲဝေကျင့်သုံးမှုက လက်တွေ့မှာ ဘယ်လိုအလုပ်လုပ်ပါသလဲ။ ဥပမာအားဖြင့်၊ တရားသူကြီးတွေကို ဘယ်အဖွဲ့အစည်းက ခန့်အပ်ပါလဲ။ တရားရုံးတွေအတွက် ဘတ်ဂျက်ကို ဘယ်သူက ချပေးပါလဲ။

ဖြေ။ ။ ကျနော့်ရဲ့စာတမ်းတိုမှာ ကရင်နီပြည်ရဲ့မဏ္ဍိုင်ကြီး (၃) ရပ်ရဲ့ အာဏာခွဲဝေကျင့်သုံးပုံကို ဖော်ပြထားပြီး ဖြစ်ပါတယ်။ ဒီမှာတော့ ထပ်ပြီးမပြောတော့ပါဘူး။ ကရင်နီပြည်နယ် ကြားကာလတရားစီရင်ရေး ဥပဒေ ပုဒ်မ ၃၀-(ခ) မှာ ပြည်နယ်တရားရုံးချုပ်သည် ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားရုံးများအတွက် တရားသူကြီးများကို စိစစ်ရွေးချယ်၍ ပြည်နယ်အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ခန့်အပ်ရမည်လို့ ပြဋ္ဌာန်းထား ပါတယ်။
ဒါကြောင့်မို့လို့ ပြည်နယ်တရားရုံးချုပ်က ခန့်အပ်မယ့် တရားသူကြီးတွေ စိစစ်ရွေးချယ်ပြီးတော့ ပြည်နယ် အုပ်ချုပ်ရေးကောင်စီက ခန့်အပ်ပါတယ်။ Interim Executive Council of Karenni State (Facebook Page) မှာ ဖော်ပြထားတဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၅ ခုနှစ်၊ ပထမ (၃) လပတ် လုပ်ငန်း ဆောင်ရွက်ချက်များ အစီရင်ခံစာအရ တရားရုံးတွေအတွက်ဘတ်ဂျက်ကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ချပေးပါတယ်။

မေး။ ။ ဒီလိုအာဏာခွဲဝေမှုစနစ်က ကရင်နီပြည်ရဲ့ ရေရှည်မျှော်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်နယ်တည်ဆောက်ရေးအတွက် ဘယ်လောက်ထိ အရေးပါလဲ။

ဖြေ။ ။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ပေါ့နော ပြည်ထောင်စုနဲ့ ပြည်နယ်/ယူနစ်တွေကြားမှာ အာဏာခွဲဝေမှု လိုအပ် သလို မဏ္ဍိုင် (၃) ရပ်ကြားမှာလည်း အာဏာခွဲဝေတာတွေ၊ အာဏာပိုင်းခြားတာတွေ လိုအပ်ပါတယ်။ အဲဒီလို အာဏာခွဲဝေတာတွေ၊ အာဏာပိုင်းခြားတာတွေ ရှိမှသာလျှင် မဏ္ဍိုင်အချင်းချင်းကြား အပြန်အလှန်ထိန်းကျောင်း နိုင်မှာဖြစ်ပြီး ဥပဒေရဲ့အထက်မှာ မည်သူမျှမရှိတဲ့ တရားဥပဒေစိုးမိုးရေး ဖြစ်လာမှာဖြစ်ပါ တယ်။ တရားဥပဒေ စိုးမိုးမှုရှိမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ရှိမှာဖြစ်သလို ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေနဲ့ ပတ်သက်ပြီး အာမခံချက်ပေးနိုင်မှာ ဖြစ်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုကိုဖြစ်စေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုဖြစ်စေ LAA အနေနဲ့ အထူးဖြည့်စွက်ပြောချင်တဲ့အချက်များ ရှိပါလား။

ဖြေ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ထွေထွေထူးထူးပြောလိုတာတော့ မရှိတော့ပါဘူး။ ဖြည့်စွက်ပြောကြားလိုတဲ့ အချက်ကတော့ ကရင်နီပြည်အတွင်းမှာ နေထိုင်ပြီး ဥပဒေဆိုင်ရာ အကူအညီလိုအပ်နေတဲ့ နစ်နာသူတွေ၊ စွပ်စွဲခံရသူတွေအနေနဲ့ Legal Aid Association – LAA (ဥပဒေဆိုင်ရာ အထောက်အကူပြုအဖွဲ့) ကို ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်ပါတယ်လို့ ပြောကြားလိုပါတယ်။

NMG ပေးပို့သည်။