BNI-Myanmar Peace Monitor မှ အကြီးတန်းသုတေသီတစ်ဦးနှင့် အမေးအဖြေ
“ နိုင်ငံတကာအလှူရှင်အစိုးရများအတွက် ပုစ္ဆာ (သို့မဟုတ်) လူသားစာနာကူညီရေးအကျပ်အတည်းအား အဖြေရှာကြည့်ခြင်း” သုတေသနစာတမ်းကို မြန်မာ့ငြိမ်းချမ်းရေးနဲ့ တိုက်ပွဲတွေအကြောင်း လေ့လာစောင့်ကြည့်မှတ်တမ်းတင်နေတဲ့ BNI-Myanmar Peace Monitorက ရေးသားပြုစုခဲ့ပါတယ်။ စာတမ်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ပြည်သူအများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဟာ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ရရှိမှု အနည်းဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကိုင်းနဲ့ မကွေးတိုင်းက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေရရှိမှု၊ စစ်ဘေးရှောင်တွေရဲ့ အခြေအနေ၊ စာတမ်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး BNI-Myanmar Peace Monitor မှ အကြီးတန်းသုတေသီတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ နိုင်ငံတကာအလှူရှင်အစိုးရများအတွက် ပုစ္ဆာ (သို့မဟုတ်) လူသားစာနာကူညီရေးအကျပ်အတည်းအား အဖြေရှာကြည့်ခြင်း စာတမ်းက ဘယ်လိုအချက်အလက်၊ အကြောင်းအရာတွေကို အလေးပေးဖော်ပြထားလဲဆိုတာ ခြုံငုံပြောပြပေးပါဦး။
ဖြေ။ ။ အဓိကတော့ ကျနော်တို့အနေနဲ့ စာတမ်းမိတ်ဆက်ပွဲမှာ တင်ပြခဲ့သလိုပဲ ကိန်းဂဏန်းအချက်အလက်အားဖြင့်ဆိုရင် BNI-MPM ရဲ့ တိုက်ပွဲဆိုင်ရာအချက်အလက်တွေ၊ စစ်ဘေးရှောင်နဲ့ဆိုင်တဲ့ အချက်အလက်တွေ၊ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ အချက်အလက်တွေ ၊ နောက်ပြီး မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ အချက်အလက်တွေ၊ ဒါတွေကို အဓိက အသုံးပြုခဲ့ပါတယ်။ ပြီးရင်တော့ နိုင်ငံတကာအလှူရှင်အစိုးရတွေရဲ့ အလှူငွေတွေကို စီမံခန့်ခွဲဖြန့်ဝေပေးနေတဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ စစ်ဘေးရှောင်ဆိုင်ရာ အချက်အလက်တွေ၊ သူတို့ဖြန့်ဝေခဲ့တဲ့ လူသားစာနာအကူအညီဆိုင်ရာ အချက်အလက်တွေနဲ့ ၂၀၂၃ ခုနှစ်အတွင်း မြန်မာပြည်သူလူထုကို ပေးပို့မယ့် လူသားစာနာ အကူအညီဆိုင်ရာ အချက်အလက်တွေကို လေ့လာပြီး သုံးသပ်ချဉ်းကပ်ခဲ့ပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံတဝှမ်းလုံးမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေတဲ့ စစ်ဘေးရှောင်ပြည်သူပေါင်း နှစ်သန်းနီးပါးအထိ ရှိလာပြီ။ ဒါပေမယ့် ပြည်သူပေါင်း ၄ သန်းခွဲလောက်ကို ပစ်မှတ်ထားကူညီဖို့ လျာထားတဲ့ UNOCHA ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုန့်ပြန်ရေးအစီအစဉ်(HRP) ထဲမှာ ပါဝင်တဲ့ စစ်ဘေးရှောင် အရေအတွက်က ၉၅၀၀၀ ကျော်ပဲ ရှိတာ တွေ့ရတယ်။ UNOCHA အနေနဲ့ ၂၀၂၂ ခုနှစ်အတွင်း မြန်မာပြည်သူ ၆ သန်းကျော်ကို အကူအညီတွေပေးနိုင်ဖို့ လျာထားခဲ့ပေမယ့် ဒီနှစ်ထဲမှာတော့ ပြည်သူပေါင်း ၂ သန်းနီးပါးလောက်ကို လျော့ချခဲ့ပါတယ်။
သူတို့ရဲ့ အကြောင်းပြချက်ကတော့ ရန်ပုံငွေအခြေအနေနဲ့ မြန်မာပြည်အတွင်းမှာ အကူအညီလက်ခံရယူနိုင်မှု အခက်အခဲတွေကြောင့် လျော့ချခဲ့ရတာလို့ ဆိုပါတယ်။ ဆိုတော့ ကျနော်တို့မှာ မေးစရာရှိလာတာက စစ်အာဏာသိမ်းဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုနဲ့ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခ တိုက်ပွဲတွေကြောင့် ထိခိုက်ဆုံးရှုံး နစ်နာနေကြရတဲ့ မြန်မာပြည်သူလူထုအတွက် လူသားစာနာအကူအညီတွေကို အမှန်တကယ် ထိထိရောက်ရောက် ပေးနိုင်ရေးကို ကြိုးပမ်းရမယ့်အစား ဒီ UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေဟာ သူတို့ရဲ့လုံခြုံရေး၊ သူတို့ရဲ့အကြောက်တရားနဲ့ သူတို့အလုပ်အကိုင် မပျက်ရေးအတွက်ပဲ ဦးစားပေးနေသလားလို့ မေးစရာဖြစ်လာတယ်။
ပြီးရင် UNOCHA ရဲ့ ၂၀၂၂ HRP နှစ်ကုန်အစီရင်ခံစာမှာဆိုရင် စစ်ဘေးရှောင်ပြည်သူ ၅ သိန်းကျော်အတွက် သူတို့အသုံးပြုခဲ့တဲ့ အကူအညီပေးမှုမှုဟာ တစ်နှစ်ပတ်လုံးမှာမှ စစ်ရှောင်ပြည်သူတစ်ဦးကို အမေရိကန်ဒေါ်လာ ၁၇ ဒေါ်လာနဲ့ ညီမျှတဲ့ အထောက်အပံ့ပဲ ပေးနိုင်ခဲ့တာ တွေ့ရတယ်။ ဒီနှစ် ၂၀၂၃ ခုနှစ်ထဲမှာဆိုရင် စစ်ရှောင်တွေကို အကူအညီ ပေးနိုင်မှုက ဒီထက်အများကြီး လျော့နည်းသွားမှာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံအတွင်း အမှန်တကယ် အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဘယ်လိုရောက်အောင် လုပ်နိုင်မလဲဆိုတဲ့ ရှုထောင့်ကနေ ဒီစာတမ်းမှာ အလေးပေးချဉ်းကပ်ခဲ့တာ ဖြစ်ပါတယ်။
မေး။ ။ စာတမ်းထဲမှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေရရှိတာ အနည်းဆုံးလို့ ဖော်ပြထားတယ်။ အဲ့ဒီနေရာတွေက စစ်ကောင်စီနဲ့ နေ့စဉ်တိုက်ပွဲဖြစ်နေပြီး စစ်ရှောင်ဦးရေဟာ နေ့စဉ်နဲ့အမျှ တိုးလာတာဖြစ်ပေမယ့် ဘာကြောင့်ကူညီထောက်ပံ့မှု နည်းနေရပါသလဲ။
ဖြေ။ ။ ဘာကြောင့် ကူညီထောက်ပံ့မှု အားနည်းနေတာလည်းဆိုတော့ ပြောစရာတွေက အများကြီးရှိလာတယ်။ ကျနော်တို့ ကရင်၊ ကရင်နီ၊ ချင်း၊ ကချင်နဲ့ ရှမ်းတောင်၊ ရှမ်းမြောက်က အစ တိုင်းရင်းသားဒေသတွေမှာက စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့(ERO) တွေအကြား တိုက်ပွဲဖြစ်ပွားမှုတွေ ဆယ်စုနှစ်နဲ့ချီအောင် ဖြစ်ခဲ့တော့ စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်ကြရတဲ့ တိုင်းရင်းသားပြည်သူလူထုအတွက် စဉ်းစားပြင်ဆင်ထားမှုတွေက အားကောင်းပါတယ်။ ERO တွေ ကိုယ်တိုင်ကလည်း အစီအမံတွေရှိသလို အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်း NGO၊ INGO စတဲ့ အကူအညီပေးနိုင်တဲ့အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဖြန့်ဝေပေးနိုင်မှုက အားကောင်းပါတယ်။
ဒီစစ်ကိုင်းတို့၊ မကွေးတို့က ဒီစစ်အာဏာသိမ်းကာလအတွင်းမှ တိုက်ပွဲတွေကို ကြုံကြရတာ။ တိုက်ပွဲတွင်းမှာမှ စစ်ကောင်စီတပ်တွေရဲ့ ရပ်ရွာအလိုက် မီးရှို့ဖျက်ဆီးမှုတွေ ဆိုရင်လည်း သောင်းနဲ့ချီပြီး စစ်ကိုင်းတို့ မကွေးတို့မှာ ကြုံရတယ်။ ပြည်သူလူထုတွေရဲ့ နေ့မှုညစာ စုစောင်းထားတဲ့ စားနပ်ရိက္ခာဆိုတာလည်း စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ခံရမှုကြောင့် ဘာတခုမှ အကောင်းမကျန်တော့ဘူး။ အခုကျနော်တို့ BNI-MPM ရဲ့မှတ်တမ်းအရဆိုရင် စစ်ကိုင်းနဲ့ မကွေးတိုင်းထဲမှာ စစ်ဘေးရှောင်ပြည်သူပေါင်း တစ်သန်းကျော်အထိ ရှိနေပြီ ဖြစ်ပါတယ်။
ဒီလူတွေအတွက် လူသားချင်းစာနာမှုဆိုင်အရာ အကူအညီပေးနေတာဟာ ဒေသတွင်း လူထုအခြေပြုအဖွဲ့လေးတွေ၊ ရပ်ရွာ မြို့နယ် အခြေပြု ပရဟိတာအဖွဲ့တွေကနေပဲ တိုက်ရိုက် ရောက်နိုင်တာ။ ပြည်သူကပြည်သူ လှူဒါန်းတဲ့ အကူအညီတွေပဲ အဓိက ရရှိနေတာဖြစ်ပြီးတော့ ပမဏာအားဖြင့် အင်မတန်နည်းပါးပါတယ်။ အရေးပေါ် အကူအညီမျိုးသာ ဖြစ်ပြီးတော့ တစ်လ၊ နှစ်လအတွက်တော့ အစီအစဉ်တကျ ကူညီနိုင်တာမျိုး မရှိပါဘူး။ NUG ရဲ့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ၀န်ကြီးဌာန ထုတ်ပြန်တဲ့ အကူအညီပေးနိုင်မှု အခြေအနေနဲ့ကို ကြည့်မယ်ဆိုရင်လည်း အမှန်တကယ် အကူအညီလိုအပ်နေတဲ့ ပြည်သူပေါင်း နှစ်သိန်းကျော် လောက်ကိုပဲ ပေးနိုင်တာ တွေ့ရပါတယ်။
အထက်မှာပြောခဲ့သလို စစ်ရဲ့ နောက်ဆက်တွဲပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့ရတဲ့ အတွေ့အကြုံကလည်းနည်းတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ရရှိနိုင်ရေးအတွက် ဦးဆောင်ချိတ်ဆက်နိုင်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း အားမကောင်းဘူးပေါ့။ ပြီးရင် စစ်ကိုင်းနဲ့ မကွေး အပါအဝင် တိုင်းရင်းသားဒေသတွေက အစ အာဏာသိမ်း စစ်အုပ်စုကို ဖြုတ်ချနိုင်ရေးအတွက် ခုခံတော်လှန်စစ်ကိုပဲ ဦးစားပေး အရှိန်မြှင့်နေကြရတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေဘက်ကို လှည့်ကြည့်နိုင်တဲ့ အခြေအနေမျိုး သိပ်မတွေ့ရပါဘူး။
မေး။ ။ အဲ့ဒီနေရာတွေမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေရရှိမှု ပိုရရှိလာအောင် ဘာတွေဆောင်ရွက်သင့်တယ်လို့ အကြံပြုချင်ပါလဲ။
ဖြေ။ ။ ကျနော်တို့ သုတေသနာစာတမ်းမှာတော့ ဒီအကြောင်းကို ထဲထဲဝင်ဝင် ချဉ်းကပ်ထားပါတယ်။ ဘယ်လိုလုပ်ဆောင်သင့်သလဲဆိုတာကို မသွားခင်မှာ မြန်မာပြည်သူလူထုဆီကို ပြည်တွင်းပြည်ပကနေ လူသားစာနာအကူအညီတွေ ဘယ်လိုစီးဝင်သွားလာနေသလဲ ဆိုတာကို လေ့လာဖြစ်ပါတယ်။ ဆိုတော့ ပြည်သူလူထုဆီကို လူသားစာနာ အကူအညီတွေ ဝင်ရောက်နေတဲ့ လမ်းကြောင်းနှစ်ခုကို တွေ့ရပါတယ်။ နွေဦးတော်လှန်ရေး အင်အားစုတွေဘက်ကနေ စီးဝင်တဲ့ လူသားစာနာအကူအညီနဲ့ အာဏာသိမ်း စစ်ကောင်စီဘက်ကနေ စီးဝင်တဲ့ လမ်းကြောင်းဆိုပြီး လမ်းကြောင်းနှစ်ခု တွေ့ရပါတယ်။
နွေဦးတော်လှန်ရေး အင်အားစုတွေဘက်မှာတော့ ပြည်သူကပြည်သူ လှူဒါန်းကြတဲ့ အကူအညီတွေက ၉၀ ရာခိုင်နှုန်းကျော်လောက် အထိ ဖြစ်ပြီး စစ်ကောင်စီ လမ်းကြောင်းကတော့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ အစည်းတွေ၊ အာဆီယံလို အဖွဲ့အစည်းတွေရဲ့ လူသားစာနာမှု အကူအညီတွေ၊ အထူးသဖြင့် နိုင်ငံတကာအစိုးရတွေရဲ့ အလှူငွေတွေ ဖြစ်ပါတယ်။ ဘယ်လမ်းကြောင်းက ပြည်သူလူထုထံ အမှန်တကယ် ရောက်ရှိနိုင်မလဲ ဆိုတာကို လေ့လာကြည့်ရင်တော့ ရိုးရှင်းအဖြေတခု ထွက်လာပါတယ်။ အဲဒါက နွေဦးတော်လှန်ရေးအင်အားစုတွေဘက်က စီးဝင်တဲ့ လူသားစာနာအကူအညီတွေကလည်း ပြည်တွင်းမှာ အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူလူထုထံကို ရောက်ရှိနိုင်ရေး ရာခိုင်နှုန်းပိုများပါတယ်။
ဥပမာ – မိုခါမုန်တိုင်းဝင်ရောက်အပြီး လူသားချင်းစာနာ အကူအညီပေးရေး အစီအမံတွေကိုပဲ ကြည့်လို့ရပါတယ်။ စစ်ကောင်စီရဲ့ ခွင့်ပြုချက်ကို စောင့်နေရတဲ့ UN အပါအဝင် ဘယ်နိုင်ငံတကာ အဖွဲ့အစည်းမှ ပြည်သူလူထုဆီကိုရောက်အောင် ပေးနိုင်တာ မတွေ့ရပါဘူး။ တော်လှန်ရေးအင်အားစုတွေဘက်ကသာ ရှိသလောက်အင်အားနဲ့ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် စီမံနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီစစ်ကိုင်းနဲ့ မကွေး အပါအဝင် နိုင်ငံတဝှမ်းလုံးက အမှန်ကတယ်အကူအညီလိုအပ်နေတဲ့ ပြည်သူတွေဆီကို လူသားစာနာအကူအညီတွေ ရောက်ရှိဖို့ဆိုရင် နိုင်ငံတကာအစိုးရတွေရဲ့ အလှူငွေတွေကို နွေဦးတော်လှန်ရေး အင်အားစုတွေဘက်က လမ်းကြောင်းပြောင်းလာဖို့ လိုပါတယ်။ ဒီအလှူငွေတွေကို စီမံခန့်ခွဲနေကြတဲ့ UN တို့ ASEAN တို့လို အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီဆီက တဆင့် သွားချင်နေတဲ့ သူတို့ရဲ့ ချဉ်းကပ်မှုကို ပြန်သုံးသပ်ရပါလိမ့်မယ်။
မေး။ ။ NUG အစိုးရရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကရော ဘယ်လိုရှိပါလဲ။ တနိုင်ငံလုံးကို လွှမ်းခြုံနိုင်တယ်လို့ မြင်ပါလား။
ဖြေ။ ။ တနိုင်ငံလုံး လွှမ်းခြုံနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကို သူတို့ကိုယ်တိုင် ပြောတာပါ။ ဘာကြောင့်လည်းဆိုတော့ သူတို့ကိုယ်တိုင်ရရှိနေတဲ့ အကူအညီတွေကကို အကန့်အသတ် ရှိနေတာပါ။ NUG အစိုးရသက်တမ်း ၂ နှစ် အတွင်းမှာ ပြည်သူကပြည်သူ လှူဒါန်းငွေက ကျပ် ၆ ဒဿမ ၆ ဘီလီယံ ရထားတယ်။ ဒီအကူအညီတွေကို ခွဲဝေဖြန့်ဖြူးတဲ့နေရာမှာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူတွေ၊ CDM ဝန်ထမ်းတွေ၊ ထိခိုက်ကျဆုံး ပြည်သူတွေရဲ့ မိသားစုဝင်တွေ၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ၊ ထိလွယ်ရှလွယ်တဲ့ မိသားစုဝင်တွေ စသဖြင့် အုပ်စုအလိုက် ပြည်သူပေါင်း ၂ သိန်းကျော်၊ ၃ သိန်းလောက်ပဲ ထောက်ပံ့နိုင်ခဲ့တာပါ။
ဒါတွေအားလုံးက အရေးပေါ် အကူအညီပေးနိုင်တဲ့ အဆင့်ပဲ ရှိပါတယ်။ ဆိုတော့ NUG အပါအဝင် ERO တွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ ဒေသအလိုက် ဖက်ဒရယ်ယူနစ်တွေ စတဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေ ကိုယ်တိုင်က နိုင်ငံတကာ လူသားစာနာအကူအညီတွေ များများလက်ခံရရှိနိုင်ပါမှ စစ်ကိုင်း၊ မကွေး အပါအဝင် အမှန်တကယ် အကူအညီလိုအပ်နေကြတဲ့ ပြည်သူတွေထံ ရောက်ရှိနိုင်ရေး အလားလာ ကောင်းလာမှာ ဖြစ်ပါတယ်။
မေး။ ။ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ တိုက်ပွဲတွေကိုလည်း BNI-Myanmar Peace Monitor က လေ့လာစောင့်ကြည့်နေတယ်ဆိုတော့ စစ်ကိုင်းတိုင်းအတွင်း လက်ရှိတိုက်ပွဲတွေ အခြေအနေနဲ့ ပတ်သက်ပြီး သုံးသပ်ပေးပါဦး။
ဖြေ။ ။ ကျနော်တို့ BNI-Myanmar Peace Monitor အနေနဲ့ ပဋိပက္ခတိုက်ပွဲ ဖြစ်စဉ်တွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ၂၀၁၃ ခုနှစ် ကတည်းက အစဉ်တစိုက် စောင့်ကြည့် မှတ်တမ်းတင်ခဲ့ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်း ကာလအတွင်းမှာတော့ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအဖြစ် ပဋိပက္ခတိုက်ပွဲ ဖြစ်စဉ်တွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ တောင်တန်းမြေပြန့် ဒေသအားလုံးမှာ ပိုမိုအပြန့်ကျယ်ပြီး ပြင်းထန်လာတာကို တွေ့ရပါတယ်။ ကျနော်တို့မှတ်တမ်းအရ စစ်အာဏာသိမ်း ကာလတလျှောက်လုံး၊ ဒီ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၈ ရက် အထိ မြန်မာနိုင်ငံတဝှမ်းလုံးမှာ မြို့နယ်အလိုက် တိုက်ပွဲဖြစ်ပွားမှုရက်ပေါင်း ၃၀၅၉ ရက် အထိ ရှိခဲ့ပါတယ်။
ဒီတိုက်ပွဲတွေကတော့ PDF-LDF တွေ ၊ ERO တွေနဲ့ စစ်ကောင်စီတပ် အကြား တိုက်ပွဲဖြစ်ပွားမှုက ၉၉ ရာခိုင်နှုန်းနီးပါး (၃၀၁၁ရက်) ဖြစ်ပါတယ်။ ကျန်တဲ့ တစ်ရာခိုင်နှုန်း ကျော်ကသာ ERO အချင်းချင်းတိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ ဒီ ၉၉ ရာခိုင်နီးပါး တိုက်ပွဲတွေထဲမှာမှ PDF-LDF နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှုက ရက်ပေါင်း ၂၀၃၃ ရက် ရှိခဲ့ပါတယ်။ ဒါကြောင့် စစ်အာဏာသိမ်းကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုကို ကြည့်ရင် PDF-LDF နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှုက ERO နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှုထက် သိသိသာသာ ပိုများနေပါတယ်။
ဒီလို PDF-LDF တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှုကို ကြည့်ရင်တော့ စစ်ကိုင်းတိုင်းမှာ မြို့နယ်အလိုက် တိုက်ပွဲဖြစ်ပွားမှု ရက်ပေါင်း ၇၁၈ ရက် ရှိခဲ့ပြီး အများဆုံး ဖြစ်ခဲ့ပါတယ်။ မကွေးတိုင်းက တိုက်ပွဲဖြစ်ပွားမှု ဒုတိယ အများဆုံးဒေသ ဖြစ်ပါတယ်။ ဆိုတော့ စစ်ကိုင်းတိုင်းက နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ် အပြင်းထန်းဆုံးဒေသ ဖြစ်နေပါတယ်။ နောက်ဆက်တွဲအနေနဲ့ စစ်ဘေးရှောင်ပြည်လူတွေ ပိုမိုများပြားလာသလို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း အများဆုံး ခံခဲ့ရပါတယ်။ စစ်ကိုင်းတိုင်းဟာ နာမည်မျိုးစုံနဲ့ ထွက်ပေါ်လာတဲ့ မြို့ပြဒေသအလိုက် PDF-LDF အရေအတွက် အများဆုံး ဖြစ်သလို ဒေသတွင်းအဖွဲ့အစည်း အချင်းချင်းအကြားမှာလည်း မကြာခဏဆိုသလို အချင်းများမှုတွေ တွေ့ရတတ်ပါတယ်။
ဒီလိုပဲ ရှမ်းနီတပ် (SNA) နဲ့ ဒေသခံ PDF အကြား ထိတွေ့တိုက်ပွဲမျိုး၊ SNAနဲ့ KIA အကြား ထိတွေ့တိုက်ပွဲမျိုးကိုလည်း တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ၂၀၂၃ ခုနှစ်ထဲမှာတော့ NUG ၊ ERO တို့ စုဖွဲ့ထားတဲ့ C3C ရဲ့ အခန်းကဏ္ဍကို စောင့်ကြရနိုင်ပါတယ်။ စစ်ကိုင်း၊ ချင်း၊ မကွေး၊ ကချင်နဲ့ မန္တလေးတို့ဟာ NUG ကြေညာထားတဲ့ အမှတ် (၁) စစ်ဒေသထဲမှာ ပါဝင်ပါတယ်။ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ အချိတ်အဆက်မိမိ၊ မဟာဗျူဟာဟာကျကျ ခုခံတော်လှန်စစ်ကို ချဉ်းကပ်နိုင်ဖို့ လိုပါတယ်။ တဖက်မှာလည်း တော်လှန်ရေး အင်အားစုတွေရဲ့ နယ်မြေစိုးမိုး ထိန်းချုပ်နိုင်မှုတွေ ကျယ်ပြန့်လာတာနဲ့အမျှ စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုမျိုးတွေကို သတိပြု ရှောင်ရှားနိုင်ဖို့ လိုအပ်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ပဋိပက္ခတိုက်ပွဲတွေကတော့ ပိုမိုပြင်းထန်နေဦးမှာပါပဲ။
မေး။ ။ ဒီ၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအဆုံးအဖြတ် ပေးမယ့်နှစ်လို့ NUG က ထုတ်ပြန်ကြေညာထားတာရှိတော့ အခုနှစ်ဝက်လည်း ရောက်လာပြီ၊ BNI ကလည်း မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုတောက်လျောက် စောင့်ကြည့်လာတာဆိုတော့ ဒီနှစ်ဟာ တော်လှန်ရေးအဆုံးအဖြတ်နှစ်လို့ ပြောတဲ့အပေါ်မှာ ဘယ်လိုမြင်ပါလဲ။ လက်ရှိအခြေအနေအရ ဖြစ်နိုင်တယ်လို့ ထင်ပါလား။
ဖြေ။ ။ အဆုံးအဖြတ်နှစ်ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်ဖို့ လိုဦးမယ်လို့ ထင်ပါတယ်။ ဘာကိုရမှ အဆုံးအဖြတ် ဖြစ်တာလဲဆိုတာမျိုးပေါ့။ တော်လှန်ရေးမှာ ပြည်သူလူထု Moti တက်အောင် အလွယ်တကူ သုံးနှုန်းလိုက်တာမျိုးမဟုတ်ဘဲ တိကျတဲ့ဦးတည်ချက်နဲ့ ပန်းတိုင်မျိုးကို ထင်ထင်ရှားရှား ထားနိုင်မှာသာ အဆုံးအဖြတ် ဆိုတာကို အကဲခတ်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာ – မြို့နယ်ပေါင်း ၃၃ မြို့နယ်ရှိတဲ့ စစ်ကိုင်းတိုင်းတခုလုံး စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်သွားတာကို အဆုံးအဖြတ်လို့ ဆိုလိုချင်တာ ဆိုရင်တော့ လွယ်ကူမယ် မထင်ပါဘူး။
အဲဒီလိုပဲ ၂၀၂၃ ခုနှစ် အတွင်းမှာ အာဏာသိမ်း စစ်အုပ်စုတစ်ခုလုံး အရှုံးပေး လက်မြှောက်သွားတာမျိုးကို အဆုံးအဖြတ်နှစ်လို့ ဆိုလိုချင်တာလား ကျနော်တို့ ရှင်းရှင်းလင်းလင်း နားလည်နိုင်ဖို့ လိုပါတယ်။ ဒါကြောင့် ဒီနှစ် နွေဦးတော်လှန်ရေး အဆုံးအဖြတ်နှစ် ဖြစ်နိုင်လား၊ မဖြစ်နိုင်လားဆိုတာထက် ခုခံတော်လှန်ရေးအင်အားစု အချင်းချင်းအကြား စည်းနှောင်မှု ခိုင်မာရေး၊ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းရေး၊ အာဏာသိမ်းစစ်အုပ်စုဟာ တော်လှန်ရေး အင်အားစုအားလုံးရဲ့ ဘုံရန်သူအဖြစ် ရှုမြင်တာချင်းတူရင် အတူ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခင်းအကျင်းမျိုးတွေ များများထွက်ပေါ်လာအောင် တော်လှန်ရေးရဲ့ ဦးဆောင်ဦးရွက်ပြုသူတွေက အလေးအနက်ထား လုပ်ဆောင်ရပါလိမ့်မယ်။
မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာ ရှိပါသေးလဲ။
ဖြေ။ ။ အထွေအထူးတော့ မရှိပါဘူး။ ကျနော်တို့ရဲ့ သုတေသနစာတမ်းနဲ့ပဲ ပြန်ဆက်ရရင် စစ်အာဏာသိမ်းကာလ တလျောက်လုံးမှာ စစ်ကိုင်းတိုင်းဟာ တိုက်ပွဲ အပြင်းထန်ဆုံးဒေသ၊ စစ်ဘေးရှောင် ပြည်သူအများဆုံးဒေသ၊ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှု အများဆုံး ခံရတဲ့ဒေသ၊ ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကိုလည်း အများဆုံးခံရတဲ့ဒေသ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဒေသမှာရှိတဲ့ ပြည်သူလူထုတွေဟာ အခြားသော တိုင်းနဲ့ ပြည်နယ်များက စစ်ဘေးရှောင်ပြည်သူတွေထက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုမိုလိုအပ်နေတယ်ဆိုတာလည်း ထင်ရှားပါတယ်။ ဒီလိုပြောလို့ အခြားဒေသတွေကို ခွဲခြားတာမျိုး၊ ချန်ခဲ့တာမျိုး မဟုတ်ပါဘူး။ တကယ်လို့များ နိုင်ငံတကာ အလှူရှင် အစိုးရတွေရဲ့ အလှူငွေတွေသာ စစ်ကောင်စီရဲ့ ခွင့်ပြုချက်ကို စောင့်မနေဘဲ နွေဦးတော်လှန်ရေး အင်အားစုတွေဘက် စီးဝင်လာမယ်ဆိုရင် စစ်ကိုင်း၊ မကွေး အပါအဝင် နိုင်ငံတဝှမ်းလုံးမှာ ရှိတဲ့ အမှန်တကယ် အကူအညီ လိုအပ်နေတဲ့ မြန်မာပြည်သူလူထုအတွက် အများကြီးအထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ရပါတယ်။
ရှမ်းနီအသံ ပေးပို့သည်။