PNO/PNA က ထောင်နှင့်ချီသည့်တပ်သားသစ်များ စုဆောင်းနေမှု၊ ပအိုဝ်းလူငယ်တို့ရဲ့ ကိုယ်ပိုင်သဘောဆန္ဒ၊ လုံခြုံရေး အခြေအနေတို့အပေါ် ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
သျှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းပြည်သူ့စစ် PNO/PNA အခြေစိုက်လှုပ်ရှားသည့် ဒေသများတွင် ဩဂုတ်လမှစတင်၍ ၃ လအတွင်း စစ်သင်တန်း ၃ ကြိမ် ဖွင့်လှစ်ခဲ့ပြီး စစ်အင်အားစုဆောင်းမှုအဖြစ် တပ်သားသစ် ၃၀,၀၀၀ ကျော်ရရှိခဲ့ကြောင်း PNO/PNA က ကြေညာခဲ့ပါသည်။
ပအိုဝ်းပြည်သူ့စစ် PNO/PNA က ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စ ဆောင်ရွက်ရန်အကြောင်းပြပြီး အခြေခံ စစ်သင်တန်းတက်ရောက်ရန် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရသည့် လူငယ်များနှင့် စစ်သင်တန်း မတက်ရောက်ဖူးသူများလည်း စစ်သင်တန်းဆင်းပွဲများတွင် စစ်ဝတ်စုံဝတ်ပြီး အင်အားပြခိုင်းခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ ပအိုဝ်းပြည်သူ့စစ် PNO/PNA က ထောင်နှင့်ချီသည့် တပ်သားသစ်များ အတင်းအဓမ္မ စုဆောင်းနေသည့် အခြေအနေ၊ ပအိုဝ်းဒေသရှိ ပအိုဝ်းလူငယ်တို့၏ ကိုယ်ပိုင်သဘောဆန္ဒ၊ လုံခြုံရေးအခြေအနေတို့နှင့် ပတ်သက်ပြီး ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ပအိုဝ်းပြည်သူ့စစ် PNO က ယခုရက်ပိုင်းမှာ စစ်အင်အားထောင်နဲ့ချီ မကြာခဏ အင်အားထွက်ပြနေတဲ့အပေါ် ပအိုဝ်းလူငယ်အရေးလုပ်ဆောင်နေတဲ့ PYO အနေနဲ့ ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ စစ်သားစုဆောင်းတဲ့ကိစ္စက အခုမှထလုပ်တဲ့ ကိစ္စရပ်တော့ မဟုတ်ပါဘူး။ ၂၀၂၂ နှစ်လယ်ပိုင်းကတည်းက စစ်သားစုဆောင်းတဲ့ ကိစ္စရပ်တွေ စလုပ်တယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ကနေ စစ်မှုထမ်းဥပဒေကို သူတို့မထုတ်ခင်ကတည်းက ဆီဆိုင်တိုက်ပွဲစပြီး တစ်ပတ်အကြာမှာ PNO/PNA အနေနဲ့ စစ်သားစုဆောင်းတဲ့ ကိစ္စရပ်မျိုးတွေ စလုပ်တယ်လို့ တွေ့ရတယ်။ အခုလောလောဆယ် နယ်အလိုက် အင်အားပြနေတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီးတော့မှ ဒါကတော့ အခုမှ ရုတ်တရက် ထလုပ်တဲ့ ကိစ္စရပ်တော့မဟုတ်ဘူး။ ဆီဆိုင်တိုက်ပွဲ ဖြစ်ပြီးတော့ နောက်ပိုင်းမှာ အများကြီးထလုပ်လာတာ တွေ့ရတယ်။ စစ်သင်တန်းဆင်းပွဲမှာ အဓိက ခေါ်ထားတဲ့ သူတွေက စစ်သားတွေ မဟုတ်ဘူးလို့ မြင်ဖို့လိုတယ်။ အကုန်လုံးတော့ ဒေသခံတွေ ဖြစ်တယ်။ တချို့ဆိုရင် စစ်သင်တန်းတော့ မတက်ရသေးဘူး။ ဒါပေမဲ့ စစ်အင်အားပြတဲ့အထဲ ပါသွားတဲ့ကိစ္စရပ်တွေ ရှိတယ်။
နောက်ပြီးတော့ စစ်သားစုဆောင်းတဲ့ကိစ္စကတော့ အတင်းအဓမ္မ စုဆောင်းတာမျိုးလည်း ရှိတယ်။ ပြီးတော့ ဆီဆိုင်တိုက်ပွဲဖြစ်ပြီး တပတ်အကြာမှာ စစ်မှုထမ်းဖို့ အတွက် ထုတ်ပြန်မှုတွေ လုပ်ခဲ့တယ်။ အဲ့နောက်ပိုင်း အသက် ၁၈ ကနေ ၃၅ နှစ်က မဖြစ်မနေ စစ်မှုထမ်း ရမယ်ဆိုတဲ့ ကိစ္စရပ်ပေါ့လေ။ တကယ့်လက်တွေ့မှာ ၁၈ နှစ် မပြည့်သေးတဲ့ လူငယ်တွေ အများကြီးရှိတယ်။ တချို့ကလည်း ကျောင်းတက်နေတဲ့သူတွေ ပါတယ်။ တချို့ကြ တော့လဲ ၃၅ နှစ် ကျော်သွားတဲ့သူ အများကြီးပါသွားတဲ့သူတွေ ရှိတယ်။ တချို့ဆိုရင် စစ်သင်တန်း မရသေးဘဲနဲ့ ရှေ့တန်းပို့ခံရတဲ့ ကိစ္စရပ်တွေ ရှိလာတယ်။ ဒီအပေါ်မှာ ဘယ်လိုမျိုးမြင်လဲဆိုတော့ PNO/PNA အနေနဲ့ တောက်လျှောက်ကတော့ နယ်မြေလုံခြုံရေးဆိုတဲ့ ခေါင်းစဉ်နဲ့ပေါ့ စစ်သားစုဆောင်းတာတွေ လုပ်တယ်။
ဒီအပေါ်မှာ ဒေသခံလူထုတွေ အများကြီး ပါဝင်လာတဲ့အပေါ်မှာ ဒေသခံလူထုတွ အနေနဲ့ တွေ့ရတာ ဘာလဲ ဆိုတော့ PNO/PNA မှ မဝင်ဘူးဆိုရင်တော့ နင်တို့ရွေးချယ်စရာ စစ်ကောင်စီပဲ ရှိတယ်၊ စစ်တပ်ပဲ ရှိတယ် ဆိုတဲ့ဟာမျိုးကို PNO/PNA အနေနဲ့ တောက်လျှောက်သုံးနေတဲ့ အသုံးအနှုန်း တစ်ခုပဲပေါ့လေ။ နောက်တခု ကြတော့ လူထုက စစ်တပ်ပဲ၊ စစ်တပ်က လူထုပဲဆိုတဲ့ဟာမျိုးကို လုပ်တာပေါ့လေနော်။ လက်ရှိမှာ နယ်မြေ လုံခြုံရေးဆိုတဲ့ ခေါင်းစဉ်က သူတို့တပ်တယ်ဆိုပေမဲ့ တကယ့်လက်တွေ့မှာကတော့ PNO/PNA အာဏာ တည်မြဲရေးအတွက်ပဲ ဖြစ်ဖို့အတွက် သူတို့ ကြိုးပမ်းတယ်လို့တော့ မြင်တယ်။
နောက်ပြီးတော့ တကယ်စစ်သင်တန်းတက်တဲ့သူတွေက တက်ချင်လွန်းလို့ တက်တဲ့ဟာမျိုးမဟုတ်ဘူး။ ရှောင်လွှဲလို့မရလို့ မရတဲ့ဟာမျိုးတွေ ဖြစ်တယ်ပေါ့လေ။ ဘယ်လောက်ထိ ခြိမ်းခြောက်မှု ပြင်းထန်လဲဆိုရင် စစ်သင်တန်းမတက်ရင် ကျေးရွာကနေ ထုတ်မယ်ဆိုတဲ့ ကိစ္စရပ်မျိုးအထိ ပြင်းထန်တာမျိုးလဲ တွေ့ရတယ်။ တချို့ခါကြတော့ မတက်တဲ့ မိသားစုတွေကျတော့ စာရင်းပေး၊ သူတို့ကိုယ်တိုင်လာခေါ်မယ် အစရှိသဖြင့်ပေါ့ စစ်သင်တန်းတက်ဖို့ စစ်သင်တန်းဆင်းပွဲထဲမှာပါဖို့ အဓိကတွန်းအားတစ်ခု ဖြစ်တဲ့ဟာမျိုးတော့ သွားတွေ့ရတာပေါ့။
မေး။ ။ PNO/PNA စစ်အင်အားပြတဲ့ထဲမှာ ပအိုဝ်းလူငယ်၊ လူလတ်ပိုင်းပါဝင်မှုကို အများကြီးတွေ့ရတယ်။ ဒါဟာ ပအိုဝ်းလူငယ်တွေအနေနဲ့ ကိုယ်ပိုင်သဘောထားဆန္ဒကြောင့်လား၊ အမိန့်အာဏာနဲ့လားဆိုတာ ဘယ်လို တွေ့ရှိရပါလဲ။
ဖြေ။ ။ သဘောဆန္ဒပါတဲ့ လူငယ်တွေက ရာခိုင်နူန်းအားနဲ့ ကြည့်ရင်တော့ အရမ်းကိုနည်းတယ်။ ရာခိုင်နှုန်းက အတင်းအဓမ္မဆိုတဲ့ ပုံစံမျိုး ဖြစ်တယ်။ တချို့ကြတော့ စစ်သင်တန်းပဲတက်၊ အင်အားပြတဲ့အထဲပဲပါ ရှေ့တန်း ထွက်စရာမလိုဘူးဆိုတဲ့ ကိစ္စရပ်နဲ့ စည်းရုံးခံနေရတယ်။ ရာခိုင်နူန်း အများစုကတော့ တွန်းအားပေးမှုအောက်မှာ ဆိုတော့ မတက်လို့မရဘူးလေ။
ဒီနောက်ပိုင်းမှာဆို အများကြီး အတည်မပြုရသေးတာမျိုးက ဘာလဲဆို စစ်သင်တန်းထဲမှာပါတဲ့သူတွေက စစ်သင်တန်းဆင်းပွဲမှာ ဝတ်မယ့်ဝတ်စုံကအစ ကိုယ်တိုင်အကုန်ကျခံပြီးတော့မှ တက်ရတယ်ဆိုတဲ့ဟာမျိုးကို အများကြီး တွေ့ရတယ်။ ဒီလိုမျိုး အခြေအနေတွေရှိတယ်။ ဒီအချိန်မှာတော့ လူထုတွေက အရမ်းကို ခက်ခဲနေ တယ်။ အရမ်းကို ကျပ်တည်းနေတယ်ဆိုတော့ တချို့မိသားစုတွေဆိုရင် နှစ်ယောက်၊ သုံးယောက်သွားရတဲ့ ဟာမျိုးတွေရှိတော့ အရမ်းကို အကုန်အကျများတဲ့ဟာမျိုးတွေ တွေ့ရတယ်။
မေး။ ။ PNO အနေနဲ့ ဒေသခံစစ်သင်တန်းသားတွေကို ရှေ့တန်း မထွက်ရဘူး၊ မိမိဒေသကိုသာ ကာကွယ်ရန်ဖြစ်တယ်လို့ ပြောဆိုနေတဲ့အပေါ် ဘယ်လိုတုန့်ပြန်ပြောပြချင်တာ ရှိပါလဲ။
ဖြေ။ ။ ရှေ့မှာလဲ သာဓကတွေများစွာ ရှိပါတယ်။ ဆီဆိုင်မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက် သျှမ်းတောင်မှာရော ရှေ့တန်းကို ပို့ခံရတဲ့သူအများကြီးပဲ။ ကျသွားတဲ့သူလဲ အများကြီးပဲ။ နယ်မြေလုံခြုံရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ စည်းရုံးရေးဆင်းပြီး စစ်သင်တန်းတက်ခိုင်းပေမယ့်လည်း တကယ့်လက်တွေ့မှာတော့ သျှမ်းတောင်မဟုတ်တဲ့ တခြားဘက်ကို ပို့ခံနေရတာတွေလဲ တွေ့နေရတယ်။ ဒီလာမဲ့ကိစ္စမှာတော့ ရှေ့တန်း မထွက်ရဘူးဆိုပေမဲ့လည်း PNO/PNA အနေနဲ့ ဘယ်လောက်ထိအာမခံနိုင်လဲ။ ရှေ့တန်းမထွက်ရဘူး ပြောပေမဲ့ ရှေ့တန်းထွက်ရတယ်။
အဓိကတော့ မြေပြင်တိုက်ပွဲပြင်းထန်ရင် ပြင်းထန်သလိုမျိုး စစ်သင်တန်းတက်ထားတဲ့သူတွေကတော့ သုံးဖို့ရှိလာ လိမ့်မယ်လို့တော့ မြင်တယ်။ နောက်တခုက ဒီစစ်တပ်ရှိတဲ့နေရာတိုင်းက တိုက်ပွဲဖြစ်လာတဲ့အနေအထားမှာ တွေ့ရတယ်။ တကယ်လို့ စစ်ကောင်စီကို ဆက်ပြီးတော့မှ ကိုယ့်ရဲ့နယ်မြေလုံခြုံရေးဆိုတဲ့ ခေါင်းစဉ်နဲ့ မဟုတ်တဲ့ စစ်ကောင်စီကို ဆက်ပြီးတော့မှ သူတို့အတူတိုက်မယ် ကာကွယ်ပေးမယ်ဆိုရင်တော့ ဒီရဲ့ စစ်သင်တန်းတက်ဖို့ အတင်းအဓမ္မ စုဆောင်းခံရတဲ့ ပအိုဝ်းဒေသခံ ပြည်သူတွေကတော့ ရှေ့တန်းကိုပို့ခံရနိုင်ချေက အရမ်းများတယ်။ ပို့လဲပို့နေတာပါ။
မေး။ ။ ပအိုဝ်းဒေသမှာ သင်တန်းပေးတာတွေ၊ စစ်သားစုဆောင်းတာတွေကို PNO/ PNA က လုပ်ဆောင်နေတယ်၊ ဒါကတကယ်ပဲ ပအိုဝ်းဒေသကို ကာကွယ်ပေးမယ်လို့ထင်ပါလား။ စစ်ကောင်စီရဲ့အာဏာတည်မြဲရေးနဲ့ PNO/ PNA ခေါင်းဆောင်တွေရဲ့ကိုယ်ကျိုးစီးပွားအတွက် အသုံးချခံဖြစ်နေလား။
ဖြေ။ ။ ဒါလည်း ပါတာပေါ့။ တောက်လျှောက်ကတော့ တဖက်မှာလဲ စစ်တပ်အာဏာတည်မြဲနေမှ PNO/ PNA အာဏာတည်မြဲမယ်ဆိုတဲ့ ဟာမျိုးလေး ဖြစ်ကောင်းဖြစ်မှာပေါ့လေနော်။ ဒါကြောင့်မို့ ဒီနယ်မြေလုံခြုံရေးဆိုတဲ့ ခေါင်းစဉ်နဲ စစ်သားစုဆောင်းတာတွေ လုပ်ပြီးတော့မှ အကျိုးစီးပွားကို ကာကွယ်နေတယ်ဆိုတဲ့ဟာမျိုးက ဝေဖန်မှုတွေ တောက်လျှောက်ရှိတာပေါ့။
မေး။ ။ PNO/ PNA က ဒေသခံပအိုဝ်းပြည်သူတွေကို PNO ပြည်သူ့စစ်ရဲ့ဘတ်တံဆိပ်ပါယူနီဖောင်းတွေ ဝယ်ခိုင်းတဲ့အတွက် သာမန်ပြည်သူတွေ ဘယ်လိုမျိုးဒုက္ခကြုံတွေ့နေရလဲ။ ယူနီဖောင်း လက်ထဲရှိနေတဲ့အတွက် နောက်ဆက်တွဲမှာ ဘယ်လိုမျိုးအန္တရာယ်တွေ ရှိလာနိုင်မလဲ။
ဖြေ။ ။ ပုံမှန်ဆိုရင်တော့ တိုက်ပွဲမှာတော့ အများအားဖြင့် သက်ရောက်မှုရှိတယ်။ ပုံမှန်အနေအထားဆိုရင်တော့ ကိုယ်တွေကတော့ အရပ်သားဒေသခံပဲဖြစ်တယ်။ ဒါပေမဲ့ ဒီစစ်ဝတ်စုံရှိထားတဲ့သူတွေက တပ်ဖွဲ့ဝင်တွေ ဖြစ်လာပြီ ဆိုရင်တော့ ခြိမ်းခြောက်မှုတွေ ဘာတွေ ရင်ဆိုင်ရနိုင်တဲ့အခြေအနေ အခင်းအကျင်းတွေရှိတယ်။
အခု လောလောဆယ် PNO /PNA ရဲ့ စစ်သင်တန်းဆင်းပွဲကို တက်ထားတဲ့ ဒေသခံပြည်သူလူထုတွေ အနေနဲ့ကတော့ ပုံမှန်အားဖြင့်တော့ အရပ်သားတွေပဲ ဖြစ်တယ်ဆိုပေမဲ့လည်း ရှေ့တန်းတွေပို့ခံရတာပဲဖြစ်ဖြစ်၊ လမ်းသွားလမ်းလာတွေမှာ တပ်ဖွဲ့ဝင်ဆိုတဲ့ဟာမျိုး ရှိနေရင်တော့ အန္တရာယ်အရမ်းများပါတယ်။ ဒီလိုမျိုး ကိစ္စရပ်တွေကို ဆိုရင် အများကြီးစဉ်းစားရဖို့ မြင်တယ်။ အခြေအနေ အခင်းအကျင်းပေါ် မူတည်နေတယ်။ PYO အနေနဲ့လည်း အများကြီး ဆက်စောင့်ကြည့်ရမယ့် အနေအထားဖြစ်တာပေါ့။
မေး။ ။ အခုလိုအချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။