“ညီနောင်မဟာမိတ် အင်အားစုဖွဲ့တဲ့နေရာမှာ NUG,MOD အောက်က ပကဖ၊ ပလဖ၊ ပအဖ အပါအဝင် တပ်ရင်းတပ်ဖွဲ့တွေကို ယှဉ်ပြိုင်ပြီး ကျနော်တို့ ဖွဲ့စည်းတာမဟုတ်ဘူး။ ပကဖ၊ ပအဖတွေရဲ့ လုပ်ငန်းစဉ်တွေဖြစ်တဲ့ အခွန်ကောက်ခံတဲ့အပိုင်းတွေ၊ တရားစီရင်ရေးအပိုင်းတွေ၊ အုပ်ချုပ်ရေးအပိုင်းတွေ၊ အဲဒီအပိုင်းတွေကို ကျနော်တို့အနေနဲ့ လုံးဝ ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး” Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ

0
535
ပုံစာ - Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ။

“မြောင်နှင့် ရေစကြို ရေလယ်ကျွန်းဒေသ ဒေသခံကာကွယ်ရေးအဖွဲ့များ မဟာမိတ်အင်အားစု” ဖွဲ့စည်းမှုနှင့်ပတ်သတ်ပြီး ရေလယ်ကျွန်းအခြေစိုက် Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲနှင့် မေးမြန်းချက်။

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းက ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်ဖွဲ့ရန် ကနေ ကာကွယ်ဖို့ အတွက် အဲ့ဒီဒေသက တော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး “မြောင်နှင့် ရေစကြို ရေလယ်ကျွန်းဒေသ ဒေသခံကာကွယ်ရေးအဖွဲ့များ မဟာမိတ်အင်အားစု” ကို စက်တင်ဘာ ၁ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။

ဒီလိုမဟာမိတ်အင်အားစု ဖွဲ့စည်းဖြစ်ပုံနဲ့ ရေလယ်ကျွန်းဒေသ လက်ရှိစစ်ရေးအခြေအနေတွေကို သိရှိနိုင်ဖို့အတွက် “မြောင်နှင့် ရေစကြို ရေလယ်ကျွန်းဒေသ ဒေသခံကာကွယ်ရေးအဖွဲ့များ မဟာမိတ်အင်အားစု” ကို ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ရေလယ်ကျွန်းအခြေစိုက် Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကို အခုလို မေးမြန်းထားပါတယ်။

မေး။ ။ ရေလယ်ကျွန်းဒေသမှာ မဟာမိတ်အင်အားစုတွေ ဖွဲ့စည်းဖြစ်ခဲ့ပုံနဲ့ ရည်ရွယ်ချက်ကို အရင်ဆုံးပြောပြပေးပါဦး။

ဖြေ။ ။ ဒီညီနောင်မဟာမိတ်အင်အားစု ဖွဲ့စည်းဖို့အတွက်ကို ကျနော်တို့ ၂ လခွဲ လောက် အချိန်ယူခဲ့ရပါတယ်။ အခက်အခဲတွေလည်း အများကြီး ရှိခဲ့တယ်။ ၉ လပိုင်း ၁ ရက်နေ့မှာ ညီနောင်မဟာမိတ်အင်အားစုကို အောင်မြင်စွာနဲ့ ဖွဲ့စည်းနိုင်ခဲ့တာပါ။ အဓိက ဖွဲ့စည်းခဲ့တာက မူဝါဒ ၄ ချက်၊ ဘုံသဘောတူညီချက် ၁၀ ချက်နဲ့အတူ ကျနော်တို့တွေ ဖွဲ့စည်းနိုင်ခဲ့တာပါဗျ။ အဓိက ကတော့ အဖြေကရိုးရှင်းပါတယ်။ အင်အားသုံး ဖျက်ဆီး မီးရှို့ ပြည်သူ့ အသက်အိုးအိမ် စည်းစိမ်တွေကို လုယူနေတဲ့ (ခ) တပ်ကို နောက်မဆုတ်တန်း ခုခံကာကွယ်ဖို့ပါ။ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့၊ စည်းလုံးညီညွတ်မှုနဲ့ ကျနော်တို့တွေ စုစည်းပြီးတော့ အင်အားတရပ်နဲ့ ပြန်တိုက်ထုတ်ဖို့ပါ။ အဓိက ကတော့ ပြည်သူ့အသက်အိုးအိမ်စည်းစိမ် ကာကွယ် စောင့်ရှောက်ဖို့နဲ့ မတရားမှု မှန်သမျှကို ဝိုင်းဝန်းဖြေရှင်းကြဖို့အတွက် ကျနော်တို့တွေ ဖွဲ့စည်းခဲ့တာပါ။

မေး။ ။ လက်ရှိစုဖွဲ့ထားတဲ့ မဟာမိတ်အင်အားစုတွေထဲမှာ အင်အားဘယ်လောက်နဲ့ ဘယ်လိုတော်လှန်ရေးအဖွဲ့တွေ ပါဝင်ပါလဲ။

ဖြေ။ ။ ဘုံသဘောတူညီချက် ၁၀ ချက်နဲ့ ဘယ်အဖွဲ့ ပါဝင်တယ်၊ ဘယ်နှစ်ဖွဲ့ ရှိတယ်ဆိုတာ လုံခြုံရေးနဲ့ စစ်ရေးအတွက် လျို့ဝှက်စွာထားဖို့ ကျနော်တို့အနေနဲ့ သဘောတူညီခဲ့ပါတယ်။ အဓိက ကတော့ ရေစကြိုနယ်နဲ့ မြောင် နယ် ရေလည်ကျွန်းဒေသက အဖွဲ့တွေ ပါတယ်။ နောက်ပိုင်းမှာ ရေစကြို၊ မြောင်နယ်ထဲက မဟုတ်ဘဲ တခြားနယ်ဘက်က အဖွဲ့တွေ ကျနော်တို့ထဲမှာ ပါဝင်လာဖို့လည်း လက်မှတ်ရေးထိုးထားတာ ရှိပါတယ်ဗျ။

အင်အားကတော့ တော်တော်လေး များတယ်။ ကျနော်တို့ ခန့်မှန်းထားတာထက်ကို တော်တော်လေး များတယ်။ စစ်ကောင်စီက ဒီရေစကြိုကို မျက်မုန်းကျိုးနေတာဖြစ်တဲ့အတွက် ကျနော်တို့က အင်အားဖော်ထုတ်လိုက်ရင် သာလွန်စစ်ကြောင်းတွေ ဖြစ်သွားမှာစိုးလို့ မဖော်ထုတ်တာပါ။ ဒီထဲမှာ Local PDF တွေ အများဆုံး ပါတယ်။ ဒါပေမယ့် NUG,MOD လက်အောက်က တချို့အမည်မဖော်လိုတဲ့ ရပ်/ကျေး ပကဖတွေလည်း ပါပါတယ်။

မေး။ ။ ရေလည်ကျွန်းဒေသမှာ စစ်ကောင်စီတပ်အနေနဲ့ လက်ရှိဘယ်လို အခြေအနေရှိပါလဲ။

ဖြေ။ ။ လက်ရှိအခြေအနေကတော့ ကျနော်တို့ဘက်က ထွက်တိုက်ဖို့လည်း မလွယ်ပါဘူး။ သူတို့ဘက်က လာတိုက်ဖို့လည်း မလွယ်ပါဘူး။ အားလုံးက ရေမြုပ်နေတာဖြစ်တဲ့အတွက် သွားရေးလာရေးက လုံးဝကို အဆင်မပြေတဲ့ အနေအထားတွေ ရှိပါတယ်။ စက်လှေနဲ့ ကြတော့လည်း သွားနေကြ လမ်းကြောင်းတွေလောက်ပဲ ရမယ်။ တချို့နေရာတွေက သွားလို့ကို မရဘူး။ လယ်ကသင်းတွေ ရှိတယ်။ ရေတိမ်တဲ့နေရာတွေ မရဘူး။ ဘယ်လို မှကို သွားလို့မရတာကြောင့် ဒီကောင် (စကစတပ်) တွေ စစ်ကြောင်းထိုးလို့ မရဘူး အဆင်လည်းမပြေဘူး။

အခုချိန်မှာ တိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ဘက်က သွားတိုက်မယ်ဆိုရင်လည်း တော်တော်လေး ခဲယဉ်းပါတယ်။ ရေမတက်ခင်တုန်းကတော့ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ ဘီလူးစစ်ကြောင်းလို ဟာမျိုး ရှိခဲ့တယ်။ ရေလယ်ကျွန်း တောင်ဘက်ခြမ်းမှာဆိုရင် ကျနော့်တို့ရဲဘော်တွေဟာတွေ သုံးပြီးတော့ ရေလယ်ကျွန်းကို ဝင်ပြီး ၂၆ ရွာတိတိ ဒီကောင်တွေ မီးရှို့သွားတာ ရှိတယ်ပေါ့။ အဲ့လိုအနေအထားမျိုးတွေ အများကြီး ရှိခဲ့တယ်။

ရေလယ်ကျွန်းကတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် စစ်ကြောင်းထိုးလာပြီဆိုရင် မင်းရွာ ပျူစခန်းက သူတို့လည်း ပေါင်းပြီးတော့ မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူလူထုကို ပစ်သတ်တာတွေ ရှိတယ်။ အဲ့လောက်ထိကို ဆိုးဆိုးဝါးဝါး ရှိတယ်။ ရေကျပြီဆိုရင်တော့ ကိုယ့်ဘက်က တိုက်တာလည်း ရှိသလို သူ့ဘက်က စစ်ကြောင်းထိုး တာ ရှိတယ်။ တခါတလေတော့ ရေတပ်ကပါ၊ သင်္ဘောကပါ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ကူပေးတာ တွေ ရှိတယ်။ ပြည်သူတွေလည်း ထိခိုက်သေဆုံးတာ ရှိတယ်။ တခါတလေ လေယာဉ်တွေနဲ့ပါ လာပါတယ်ဗျ။

မေး။ ။ အခု ရေလယ်ကျွန်းဒေသ မဟာမိတ်ညီနောင် တပ်ပေါင်းစုဖွဲ့လိုက်တော့ စစ်ရေးအခြေအနေက ဘယ်လိုရှိလာနိုင်ပါလဲ။

ဖြေ။ ။ စစ်ရေးက အရင်တုန်းက တိုက်မယ်ဆို တစ်ဖွဲ့ပဲ ပြင်ဆင်ရတယ်။ အခုက ညီနောင်မဟာမိတ်အင်အားစု အနေနဲ့ ကျနော်တို့ ပြင်ဆင်ရတယ်ပေါ့။ ကျနော်တို့ ခဲယမ်းတွေ ပြင်ဆင်နေတယ်။ စစ်ရေးအတွက် ပြင်ဆင်နေ တယ်။ သူတို့ပြောနေကြစကား ရှိတယ်၊ စစ်ကိုခေါ်ရင် စစ်လာတယ်ပေါ့။ ကျနော်တို့က သူတို့စစ်မလာခင် ရအောင် တိုက်မှာ အဲ့ဒီအတွက် ပြင်ဆင်နေပါတယ်။ ညီနောင်မဟာမိတ် အင်အားစုထဲမှာပါဝင်တဲ့ အဖွဲ့တွေအနေနဲ့လည်း ဘာလုပ်ရမလဲ ဘယ်လိုအကောင်းဆုံး ဆက်သွားရမလဲဆိုတာ မနားမနေ အကောင်းဆုံး ကြိုးစားနေပါတယ်။

မေး။ ။ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်အင်အား အားနည်းတာတွေရှိတော့ အခု မဟာမိတ် အင်အားစုဖွဲ့လိုက်တော့ လက်နက်နဲ့တိုက်ခိုက်မှုမှာရော အားကောင်းလာနိုင်ပါလား။

ဖြေ။ ။ ဥပမာ မောင်းပြန်က တစ်ဖွဲ့မှာ ငါးလက်ရှိတယ်ပဲထားပါတော့ အခုဆယ်ဖွဲ့ဆိုရင် အလက် ၅၀၊ အဖွဲ့ နှစ်ဆယ်ဆိုရင် အလက် ၁၀၀ ဖြစ်သွားမယ်။ တစ်ဖွဲ့ထဲ တိုက်မယ်ဆိုရင် စခန်းတစ်ခုကို တစ်နာရီလောက် တိုက်ရမယ်ဆိုရင် ညီနောင်မဟာမိတ် အင်အားစုအနေနဲ့ တိုက်မယ်ဆိုရင် ကျနော်တို့ ၁၅ မိနစ်လည်း ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။ ရေကျလာလို့ စစ်ကြောင်းထိုးလာမယ်ဆိုရင်လည်း လက်နက်ခဲယမ်းက သူတို့လောက် မပေါများ၊ မပြည့်စုံဘူး။

ဒါပေမယ့် ကျနော်တို့ဘက်က အင်အားသာလွန်မယ်ပေါ့။ နောက်တခုက ကျနော်တို့ဘက်က နယ်မြေသာလွန် မယ်၊ ကျွမ်းကျင်မှု ရှိမယ်။ စစ်ကောင်စီဘက်က လက်နက်ခဲယမ်းသာသလို ကျနော်တို့ဘက်ကလည်း နယ်မြေ ကျွမ်းကျင်မှုနဲ့ စစ်သည်အင်အား သာလွန်မယ်ဆိုရင် တိုက်ရတာ မျှသွားပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ အကောင်းဆုံး လုပ်နိုင်မယ်လို့ ယုံကြည်တယ်။ နောက်ပြီး အင်အားစု ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ တစ်ဖွဲ့က လက်နက်ခဲယမ်း ပျက်နေပြီဆို နောက်တစ်ဖွဲ့က ကူဖို့အသင့်ရှိပါတယ်။ အဲ့လိုမျိုးပါ။

မေး။ ။ ဒီလိုမဟာမိတ်အင်အားစုတွေ ဖွဲ့စည်းလာတာကို တဖက်မှာလည်း စင်ပြိုင်တွေ ဖြစ်မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေကြတယ်။ ဒီအပေါ်မှာ သဘောထားကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ညီနောင်မဟာမိတ် အင်အားစုဖွဲ့တဲ့နေရာမှာ NUG,MOD အောက်က ပကဖ၊ ပလဖ၊ ပအဖ အပါအဝင် တပ်ရင်း တပ်ဖွဲ့တွေကို ယှဉ်ပြိုင်ပြီး ကျနော်တို့ ဖွဲ့စည်းတာမဟုတ်ဘူး။ ပကဖ၊ ပအဖတွေရဲ့ လုပ်ငန်းစဉ်တွေ ဖြစ်တဲ့ အခွန်ကောက်ခံတဲ့ အပိုင်းတွေ၊ တရားစီရင်ရေး အပိုင်းတွေ၊ အုပ်ချုပ်ရေး အပိုင်းတွေ၊ အဲဒီအပိုင်းတွေကို ကျနော်တို့အနေနဲ့ လုံးဝ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။ ကျနော်တို့က ခုခံစစ်သီးသန့် ဖြစ်တယ်၊ တပ်ဖွဲ့ သီးသန့် ဖြစ်တယ်။ စစ်ရေးကိုသာ ဦးတည်ပြီး အဓိကလုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲ့ဒါတွေကို ယှဉ်ပြိုင်ပြီး လိုက်လုပ်မှာ မဟုတ်ဘူး။

ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို အဓိကကာကွယ်ပြီး လုပ်ချင်တာ ဖြစ်တဲ့အတွက် အဲ့ဒါတွေကိုလည်း ထည့်သွင်းစဉ်းစားပြီးတော့ ကျနော်တို့ ဘုံသဘောတူညီချက်ထဲမှာပါ ပါတယ်။ ဒါကြောင့် ဒါတွေကို လုံးဝ လုပ်ဆောင်သွားမှာ မဟုတ်ဘဲ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကိုပဲ ကာကွယ် စောင့်ရှောက်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်ဗျ။ တိုက်ပွဲဝင်တဲ့အခါမှာလည်း တခြား ပကဖ၊ ပလဖတွေ အနေနဲ့ ပူးတွဲ တိုက်ချင်တယ်ဆိုလည်း ကျနော်တို့အနေနဲ့ အားလုံးကိုလက်တွဲပြီး တိုက်သွားဖို့ ရှိပါတယ်ဗျ။

မေး။ ။ ဘာများဖြည့်စွက် ပြောချင်တာရှိပါသေးလဲ။

ဖြေ။ ။ အဓိက က ပြည်သူကိုပဲ ပြောချင်တာပါ။ ပြည်သူအနေနဲ့ စိတ်ဓါတ် မကျဖို့၊ အားမွေးထားဖို့၊ တောင့်ခံ ထားကြဖို့ ပြောချင်ပါတယ်။ ရရာကနေ ပါဝင်နိုင်သလောက် ပါဝင်ကူညီပြီးတော့ တော်လှန်ရေးအတွက် တထောင့်တနေရာကနေ ပါဝင်တိုက်ထုတ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျနော်တို့လည်း အကောင်းဆုံး ကြိုးစားနေပါတယ်။ အကောင်းဆုံးလည်း တိုက်ထုတ်နေပါတယ်။

အကောင်းဆုံး ခုခံကာကွယ်သွားမယ်လို့လည်း ကျနော်တို့က ပြည်သူလူထုကို ကတိပေးပါတယ်။ အစပိုင်း တုန်းက မရှိရှိတဲ့လက်နက်နဲ့ စစ်ကောင်စီကို တိုက်ထုတ်ခဲ့ကြသေးတာပဲ အခုချိန်မှာ သူတို့လောက် လက်နက် မပြည့်စုံဘူးဆိုပေမယ့် ကျနော်တို့ဆီမှာ ကောင်းမွန်တဲ့ လက်နက်တွေ ရှိလာပြီဆိုတော့ အကောင်းဆုံး တိုက်ထုတ် သွားမှာမို့ ပြည်သူတွေအနေနဲ့ အားတင်းထားဖို့ ပြောချင်တာပါ။

ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here