“ဈေးက တက်တဲ့အပြင် ကုန်ပစ္စည်း ပြတ်လပ်တဲ့ အထိ ဖြစ်သွားတယ်။ တံတားတွေ သုံးလို့ မရတော့ ကုန်တွေကို ဖြူးဘက်ကနေ အသိမိတ်ဆွေက တဆင့် မှာ မှာပြီး ဒီဘက်အထိ ပြန်သယ်ဖို့ ကူးတို့လှေတွေကို အသုံးပြုနေရတဲ့ အခြေအနေပါ” ညောင်လေးပင်ခရိုင်ရှိ ဒေသခံစစ်ရှောင်ကူညီသူ

0
388
ပုံစာ - ညောင်လေးပင်ခရိုင် နတ်သံကွင်း စစ်ရှောင်သူများ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အများဆုံး ပါဝင်သည်။ (Photo – KNU)

ညောင်လေးပင်ခရိုင်ရှိ ဒေသခံစစ်ရှောင်ကူညီသူ တစ်ဦးနှင့် အမေးအဖြေ

ကေအဲန်ယူတပ်မဟာ (၃) ထိန်းချုပ် နယ်မြေ ဖြစ်သည့် ညောင်လေးပင်ခရိုင် နတ်သံကွင်းတွင် ပြီးခဲ့သည့် ဇွန်လ ၆ ရက် က စပြီး စစ်ကောင်စီနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်ဖွဲ့များကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများ အတွင်း စစ်ရေးလှုပ်ရှားမှု အတွက် အရေးပါသော တံတား ၃ စင်း ကျိုးပျက်ခဲ့သည်။ ထို့နောက် စစ်ကောင်စီက နတ်သံကွင်းမြို့အတွင်း လေကြောင်းအသုံးပြု၍ ပစ်ခတ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သဖြင့် ဒေသခံများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

နယ်မြေ မတည်ငြိမ်မှုများ အကြား ဒေသတွင်း အခြေအနေနှင့် စစ်ဘေးရှောင်များ၏ အခက်အခဲများအား သိရှိနိုင်ရန် ဒေသခံ စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ တံတား ၃ စင်း ပျက်စီးတဲ့အထဲမှာ ကုန်စည်ပို့ဆောင်မှုနဲ့ သွားလာရေးအတွက် အားထားရတဲ့ နတ်သံကွင်း-ကျောက်ကြီး တံတားလည်းပါတယ်လို့ သိရတယ်။ အဲဒီအတွက် ဒေသတွင်း သွားလာရေးနဲ့ ကုန်ဈေးနှုန်းအခြေအနေ ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ ကုန်ဈေးနှုန်းတွေ နှစ်ဆနီပါး တက်ကုန်ပါတယ်။ အဓိက ဆန်ပေါ့၊ မုန်း-ကျောက်ကြီးကို ဆွဲနေတဲ့ ကားလမ်းမကြီးမှာ ဆန်တစ်အိတ် ဈေးတက်တာ မသိသာပေမယ့် တောင်ခြေနားမှာ ဆိုရင် အရင် ၅ သောင်း ဝန်းကျင်ကနေ အခု ရှစ်သောင်းဝန်းကျင် ဖြစ်သွားပြီ။ ဈေးက တက်တဲ့အပြင် ကုန်ပစ္စည်း ပြတ်လပ်တဲ့ အထိ ဖြစ်သွားတယ်။ တံတားတွေ သုံးလို့ မရတော့ ကုန်တွေကို ဖြူးဘက်ကနေ အသိမိတ်ဆွေက တဆင့် မှာ မှာပြီး ဒီဘက်အထိ ပြန်သယ်ဖို့ ကူးတို့လှေတွေကို အသုံးပြုနေရတဲ့ အခြေအနေပါ။

မေး။ ။ စစ်ကောင်စီက ယခင်လပိုင်းတွေကတည်းက ကျောက်ကြီးဘက်ကို ဆန်သယ်ဆောင်ခွင့် ကန့်သတ်ထားတယ်လို့ သိရတယ်။ ဆိုတော့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာတွေထောက်ပံ့ဖို့ ဆန်တင်သွင်းတဲ့နေရာမှာ ဘာအခက်အခဲရှိနေလဲ။

ဖြေ။ ။ အဲဒီကန့်သတ်ချက်ကတော့ အခုထိလည်း ဆက်ရှိနေတုန်းပဲ။ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းကို ပြည်သူတွေက အိမ်စားဖို့ ဆန်တစ်အိတ်လောက် သယ်ရင်တောင် စစ်တပ်က စစ်ဆေးတယ်။ တချို့ ဆိုရင်လည်း စစ်ဆေးရေးဂိတ်မှာ ဆန်အိတ်ထားခဲ့ ခိုင်းပြီး ကျပ်ငွေ တစ်သောင်း (သို့မဟုတ်) ငါးထောင်နဲ့ ပြန်လာရွေးခိုင်း တာတွေပါ ကြုံရတယ်။

မေး။ ။ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာထောက်ပံ့မှုအပြင် နောက်ထပ်ရော ဘာတွေအခက်အခဲရှိနေလဲ။

ဖြေ။ ။ မိုးတွင်းကာလ ဖြစ်တဲ့အတွက် အမိုးအကာတွေ လိုတာပေါ့။ ပြီးတော့ ဆေးဝါးတွေလည်း လိုအပ်မှုလည်း ရှိပါတယ်။ တချို့ စစ်ရှောင်တွေဆို တိုက်ပွဲဖြစ်လို့ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးနေရတဲ့သူတွေ အများကြီးလည်း ရှိတော့ သူတို့တွေအတွက် အဝတ်အစားတွေနဲ့ စောင်တွေ ခြင်ထောင်တွေလည်း လိုအပ်ပါတယ်။

မေး။ ။ လက်ရှိ နယ်မြေအခြေအနေကိုလည်း ပြောပြပေးပါဦး။

ဖြေ။ ။ ညောင်လေးပင်ခရိုင်ထဲမှာ ပစ်ခတ်မှုတွေကတော့ ဆက်ရှိနေတုန်းပါပဲ။ ဒေသခံ ထိခိုက်ဒဏ်ရာရမှု ရှိမရှိ ကတော့ ကျနော်တို့ဘက်မှာ လိုင်းတွေ တော်တော်လေး မကောင်းတဲ့အတွက် အဆက်အသွယ် ပျက်နေတော့ အတိအကျပြောဖို့က ခဲယဉ်းပါတယ်။

မေး။ ။ လက်ရှိ လက်လှမ်းမီသလောက် စစ်ဘေးရှောင် အရေအတွက်ရော ဘယ်လိုရှိလဲ။

ဖြေ။ ။ ကျနော်တို့ အခြေစိုက်တဲ့ မုန်းမြို့ တစ်ခုတည်းအနေနဲ့ ပြောရရင် စစ်ဘေးရှောင်ဦးရေ နှစ်သောင်း ဝန်းကျင် ရှိပါတယ်။ အဲဒီအထဲမှာ အမျိုးသားထက် အမျိုးသမီး၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေက အများဆုံး တွေ့ရပါတယ်။

ကေအိုင်စီ-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here