နိုင်ငံရေးနည်းနှင့်ဖြေရှင်းမည့် စစ်ကောင်စီကမ်းလှမ်းချက်အပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီက လက်မခံဘဲ ပယ်ချခဲ့သည့် သဘောထားအမြင်နှင့်ပတ်သက်ပြီး ကောင်စီဝင်မိကွန်းချမ်းနွန်နှင့် ဆက်သွယ်မေးမြန်းချက်။
အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ကိုတော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် NUG လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့များအနေနှင့် လက်နက်စွန့်ပြီး ပါတီနိုင်ငံရေး လမ်းကြောင်းကနေလျှောက်လှမ်းဖို့ မကြာသေးခင်က ဖိတ်ခေါ်ကမ်းလှမ်းလာသည်။
ယခုလိုမျိုး စစ်ကောင်စီ၏ဖိတ်ခေါ်ချက်ကို အာဏာရှင်စနစ် တွန်းလှန်ရေးအဖွဲ့အားလုံးက ငြင်းဆန်ပယ်ချခဲ့ကြသည်။ ယင်းသို့ ပယ်ချလိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲတွင် မွန်တိုင်းရင်းသားများကို ကိုယ်စားပြုသည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC လည်း အပါအဝင်ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီက ယခုလိုကမ်းလှမ်းချက်အပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ အမြင်သဘောထား၊ သုံးသပ်ချက်နှင့် တချိန်တွင် ဖြစ်ပေါ်လာနိုင်သော အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ၊ MSFC အနေနှင့် စစ်အာဏာရှင် တော်လှန်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည့် အကြောင်းများကို မွန်ပြည်ဖက်ဒရယ်ကောင်စီမှ မိကွန်းချမ်းနွန်ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အာဏာသိမ်းကာလ လေးနှစ်နီးပါးမှာ စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ တော်လှန်ရေးအဖွဲ့တွေကို ဖိတ်ခေါ်တာနဲ့ပတ်သက်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ ကျွန်မတို့ မွန်ပြည်ဖယ်ဒရယ်ကောင်စီအနေနဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးပြသာနာကို နိုင်ငံရေးနဲ့ဖြေရှင်းမယ်ဆိုပြီး တော်လှန်ရေးအဖွဲ့တွေကို ဖိတ်ခေါ်တာနဲ့ပတ်သက်ပြီး ရိုးဖြောင့်မှု မရှိဘူးလို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခေါ်နေတဲ့တချိန်တည်းမှာပဲ လေကြောင်းကနေ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်။ သူတို့ရဲ့ အာဏာရရှိရေးဒေါက်တိုင်ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဒီအတိုင်းအသက်သွင်းပြီး ဆက်လက် ဆွေးနွေးပွဲကို လုပ်ဆောင်မှာလည်း ဟုတ်တယ်။ ဒါကြောင့် မွန်ပြည်ဖယ်ဒရယ်ကောင်စီအနေနဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးလှည့်ကွက်ဖြစ်တဲ့ ဒီဆွေးနွေးပွဲကို ရိုးသားမှုမရှိဘူးလို့ မြင်ပါတယ်။
မေး။ ။ စစ်ကောင်စီရဲ့ကမ်းလှမ်းချက်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ PDF တွေကို လက်နက်စွန့်ခိုင်းပြီး ပါတီနိုင်ငံရေး ရွေးကောက်ပွဲလမ်းကြောင်းကနေ ဖြေရှင်းဖို့ပေါ့လေ။ ဒီလိုမျိုးကမ်းလှမ်းချက်တွေက လက်ရှိအခင်းအကျင်းမှာ တကယ်ရော အလုပ်ဖြစ်နိုင်မယ်လို့ မြင်ပါလား။
ဖြေ။ ။ စစ်ကောင်စီရဲ့ လက်နက်စွန့်ခိုင်းပြီး ပါတီနိုင်ငံရေး ရွေးကောက်ပွဲဝင်ဖို့ကိစ္စက စစ်ကောင်စီမှာ ရွေးကောက်ပွဲကျင်းပဖို့ လုံးဝ အာဏာမရှိပါဘူး။ ဒီရွေးကောက်ပွဲကနေ နိုင်ငံရေးဆွေးနွေးသွားဖို့ဆိုတာက သူတို့အနေနဲ့ လုံးဝမဖြစ်နိုင်ဘူး။ သူတို့အနေနဲ့ အတုအယောင်အနေနဲ့လုပ်ပြီးတော့ အာဏာတည်တံ့ရေး ဆက်လက်လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ဒီအခင်းအကျင်းဟာ ဘယ်လိုမှအလုပ်မဖြစ်နိုင်ပါဘူး။ လက်ရှိကြုံတွေ့နေရတဲ့ အတွေ့အကြုံမှာ မူတည်ပြီးတော့လည်း စစ်တပ်ရဲ့အာဏာကို ကိုင်တွယ်ထားတာ မူတည်ပြီးတော့ အခု ခင်းကျင်းနေတဲ့ အခင်းအကျင်းက အတုအယောင်ပဲ ဖြစ်တယ်လို့ ကျွန်မအနေနဲ့ ယုံကြည်ပါတယ်။
မေး။ ။ မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ရော စစ်ကောင်စီ ကမ်းလှမ်းဖိတ်ခေါ်ချက်နဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားရှိပါလဲ။
ဖြေ။ ။ Statement (ထုတ်ပြန်ချက်) ထဲမှာ ဖော်ပြထားတဲ့အတိုင်း မွန်ပြည်ဖယ်ဒရယ်ကောင်စီကတော့ ဒီစစ်ကောင်စီရဲ့ နိုင်ငံရေးလှည့်ကွက်ဖြစ်တဲ့ ဆွေးနွေးပွဲကို ပါဝင်ဖို့အတွက် လက်ခံစဉ်းစားတာ မစဉ်းစားဘူး။ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ပျက်သုဉ်းရေးကိုလည်း တခြားသော ဘဝတူ တိုက်ပွဲ ဝင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆက်လက်လက်တွဲပြီး ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဆက်လက်တည်ဆောက်ရေးကိုပဲ ပန်းတိုင်ထားပြီး ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ ဆွေးနွေးပွဲကမ်းလှမ်းချက်ကို ကျွန်မတို့ လုံးဝ လက်ခံမှာမဟုတ်ပါဘူး။
မေး။ ။ လက်ရှိ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတာဟာ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်တဲ့ အရွေ့လို့ ပြောကြတယ်။ တကယ်လို့များ လက်နက်ကိုင်တိုက်ပွဲကနေ တနေ့နေ့ စားပွဲဝိုင်းဆွေးနွေးပွဲကို ရောက်လာမယ့်အခြေအနေမှာ ဘယ်လိုမျိုး နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်သင့်တယ်လို့ မြင်ပါလဲ။
ဖြေ။ ။ အခုလက်ရှိတော်လှန်ရေးကတော့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို တည်ထောင်ဖို့အတွက် ကျွန်မတို့ဦးတည်နေတဲ့ တော်လှန်ရေးဖြစ်ပါတယ်။ ဒီအရွေ့ကို ရွေ့အောင်လည်း ကျွန်မတို့အားလုံး တွန်းတွန်းတိုက်တိုက်နဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ကျွန်မတို့ မွန်ပြည်ဖယ်ဒရယ်ကောင်စီအနေနဲ့ ဒီစားပွဲဝိုင်း ဆွေးနွေးပွဲကို ရောက်ရှိအောင်လည်း တွန်းပို့နေတာဖြစ်တယ်။ အဲဒီဆွေးနွေးပွဲမှာ အားလုံးပါဝင်ပြီးတော့ အတူတကွ ဆွေးနွေးနိုင်မယ်လို့လည်း ကျွန်မအနေနဲ့ ယုံကြည်ပါတယ်။ အကုန်လုံး အတူတကွ ဆွေးနွေးတဲ့နေရာမှာ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ရောက်ရှိနိုင်ဖို့အတွက် အားလုံးအတူတကွ ဆွေးနွေးသွားနိုင်ဖို့၊ အဓိက ကတော့ ကျွန်မတို့ဆွေးနွေးပွဲတွေမှာဆိုရင် အစုအဖွဲ့တွေ အကုန်လုံး ပါဝင်တဲ့ အမျိုးသမီးတွေလည်း ဒီဆွေးနွေးပွဲမှာ အဓိက ဆုံးဖြတ်ချက်တွေ ချမှတ်သူတွေ အဓိက ဆွေးနွေးသူတွေအဖြစ် ပါဝင်ပြီးတော့ နိုင်ငံရေးအရွေ့ကို တည်ဆောက်သွားနိုင်မယ့် အခြေအနေကို ဖန်တီးဖို့လိုတယ်လို့ မြင်ပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် လတ်တလော ဘာတွေ လုပ်ဆောင်နေတာရှိလဲ။ နောက် ဘယ်လိုတွေ ဆက်လုပ်သွားမှာပါလဲ။
ဖြေ။ ။ မွန်ပြည်ဖယ်ဒရယ်ကောင်စီ အနေနဲ့ စစ်အာဏာရှင်စနစ် ကျဆုံးရေးအပြင် အာဏာရှင်စနစ်ဟူသမျှ ကျဆုံးရေးကိုဦးတည်ပြီး လုပ်ဆောင်နေတာရှိတယ်။ ဒီလို လုပ်ဆောင်တဲ့နေရာမှာ NUCC မှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်း မောင်နှမတွေ အတူတကွ တော်လှန်တိုက်ပွဲ၀င်နေကြတာရှိတယ်။ ဖယ်ဒရယ်ယူနစ်တွေ စုဖွဲ့ပြီးတော့ တကယ်ပဲတည်ဆောက်ဖို့လိုတဲ့ အခြေခံမှုတွေ လုပ်ဆောင်သွားရမယ့်အချက်တွေကို အတူတကွ လုပ်ဆောင်သွားဖို့ ဆွေးနွေးနေတာရှိတယ်။ ဖယ်ဒရယ်ဒီမိုကရေစီ တည်ဆောက်တဲ့နေရာမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ပတ်သက်တဲ့ အခြေခံမှုတွေကိုလည်း အတူတကွချမှတ်ပြီး လုပ်ဆောင်သွားဖို့ အခြေအနေရှိပါတယ်။ ဒီအပြင် ဒေသတွင်းမှာရှိတဲ့ တော်လှန်ရေးအစုအဖွဲ့တွေအားလုံး အတူတကွစုစည်းပြီး တစ်နိုင်ငံလုံးအနေနဲ့ ဆက်လက်ပြီးတော့ တွန်းလှန်တိုက်ပွဲဝင်သွားဖို့ လုပ်ငန်းစဉ်တွေချမှတ်ပြီး လုပ်ဆောင်နေတာရှိပါတယ်။
သံလွင်တိုင်းမ် ပေးပို့သည်။