ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၏ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောနှင့် အမေးအဖြေ
ကေအဲန်ယူ – KNU ကာကွယ်ရေးဌာနလက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ လက်ရှိဆောင်ရွက်ချက်များ၊ နောက်လာမည့် ဖက်ဒရယ်ပြည်ထောင်စုတွင် ပါဝင်မည့် KNLA အနေဖြင့် လုပ်ဆောင်သင့်သည့်အပိုင်းများ၊ ကေအဲန်ယူ အုပ်ချုပ်မှုနယ်မြေများအတွင်း စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး KNLA ၏ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကေအဲန်ယူရဲ့အုပ်ချုပ်မှုအောက်ကနေ စစ်ကောင်စီကို တော်လှန်ဖို့အတွက် အားလုံးပါဝင်လာကြပြီး လက်ရှိ စစ်ကောင်စီနဲ့လည်း တိုက်ပွဲတွေ အများအပြား ဖြစ်နေတယ်ဆိုတော့ ကော်သူးလေနယ်မြေအတွင်း ကေအဲန်ယူရဲ့နယ်မြေစိုးမိုးမှု ဘယ်လောက်ထိ ပိုရှိလာသလဲဆိုတာ ပြောပြပေးပါဦး။
ဖြေ။ ။ ကျနော်တို့ကေအဲန်ယူမှာ စစ်ရေးနဲ့တိုက်ပွဲ လမ်းစဉ်ရှိတယ်။ ဒီအပေါ်မှာ အခြေခံပြီး ကျနော်တို့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေပါတယ်။ အဲဒီတော့ ဒီအစီအမံတွေက ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ရဲ့အောက်ကနေ သွားနေတာဖြစ်တယ်။ နွေဦးတော်လှန်ရေးမှာ ပါဝင်လာသူတွေကလည်း အဲ့လိုပဲ သင်ယူလုပ်ဆောင်လာကြတယ်ပေါ့။ KNLA ရဲ့အစီအမံတွေ အောက်ကနေ နယ်မြေချဲ့ထွင်နိုင်တဲ့ အနေအထားနဲ့ နယ်မြေပြန်လည်ရရှိလာတာတွေတော့ ရှိတယ်လို့ ပြောလို့ရပါတယ်။
မေး။ ။ ပြီးခဲ့တဲ့လပိုင်းအတွင်းမှာ ကော်သူးလေနယ်မြေအတွင်းက လမ်းတံတားတွေကို စစ်ရေးပိုင်းမှာ လိုအပ်ချက်အရ ဖျက်ဆီးခဲ့ရတာမျိုး ရှိတဲ့အပေါ် တချို့သော ပြည်သူတွေရဲ့ ဝေဖန်ချက်ရှိလာမှုအပေါ် ဘာများပြောချင်ပါလဲ။
ဖြေ။ ။ နာမည်ထွက်တာတော့ KNLA ဖျက်ဆီးတာပေါ့။ အဖွဲ့ပေါင်းကလည်းစုံတော့ ဘယ်သူ ဖျက်တယ်ဆိုတာ အတိအကျမသိဘူး၊ ဒါပေမဲ့ တစ်ခုပြောချင်တာကတော့ စစ်ကောင်စီက စစ်ရေး အသာရမှုနဲ့ လုပ်ဆောင်နေတာတွေလည်း ရှိနိုင်တယ်။ သူလည်းပဲ လုပ်ဆောင်တာပါပဲပေါ့။ ဥပမာ တပ်မဟာ (၆) ဘက်ဆို လမ်းတွေကို ဘက်ဟိုးတွေနဲ့ ဖျက်တာ ရှိတယ်။ ဒီစစ်ရေး အချိန်ကာလကတော့ ဒါမျိုးတွေ ရှိနိုင်တယ်လေ။ ဘာပဲဖြစ်ဖြစ် စစ်ရေး အခင်းအကျင်းတွေ မြန်မြန် အဆုံးသတ်နိုင်ဖို့က ပိုအရေးကြီးတယ်။ ဒါမှသာ ပြည်သူလူထုအတွက် သက်သာမယ်၊ ဒီဒုက္ခတွေကို မခံစားရတော့ဘူးပေါ့။
မေး။ ။ လူထုအားလုံးရည်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု ရရှိလာတဲ့အခါ ကော်သူးလေ တပ်မတော်ဟာ စည်းလုံးညီညွှတ်ပြီး စံပြတပ်မတော် ဖြစ်လာဖို့ ဘာတွေလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ထင်မြင်ပါလဲ။
ဖြေ။ ။ Standard Army ကြီး တစ်ခုဖြစ်အောင်တော့ တဖြည်းဖြည်းတည်ဆောက်ယူသွားရမှာပေါ့။ အရည်အသွေး မြှင့်တင်တာတို့ သင်တန်းပေးတာတို့ စည်းကမ်းပိုင်း လိုက်နာတာတို့တွေကတော့ ဆက်လက် လုပ်ဆောင်သွားရမယ့် အပိုင်းတွေပေါ့။
မေး။ ။ စစ်တပ်ရဲ့ အာဏာရှင်ဆန်မှုနဲ့ ကရင်တိုင်းရင်းသားတွေကို ဖိနှိပ်ခဲ့မှုတွေကြောင့် ကရင်လူထုက စစ်ကောင်စီကို နှစ်ပေါင်း (၇၀) ကျော် တော်လှန်နေရတဲ့ အကြောင်းအရင်းနဲ့ လမ်းစဉ်ကို အခုချိန်မှာ ပြည်သူတရပ်လုံး ပိုမိုမြင်သာလာတဲ့အပေါ် ဘာများပြောချင်ပါလဲ။
ဖြေ။ ။ တချို့ကတော့ ဘယ်အဖွဲ့အစည်း၊ ဘယ်တပ်မတော်က တကယ့်အစစ်အမှန်လဲဆိုတာ မသိဘူးပေါ့လေ။ ဘာပဲပြောပြော ကေအဲန်ယူကတော့ မဏ္ဍိုင်ဖြစ်တဲ့အတွက် သူ့လက်အောက်မှာ ရှိတဲ့ KNLA နဲ့ KNDO ကတော့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမှာက မြေကြီးလက်ခတ် မလွဲပဲ။ ဒါကြောင့် ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်၊ ကူညီဖို့ လိုပါတယ်။
မေး။ ။ လက်ရှိ ကော်သူးလေနယ်မြေအတွင်းက စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး အကျဉ်းချုံး သုံးသပ်ပြောပြပေးပါဦး။
ဖြေ။ ။ စစ်ရေးအခြေအနေက အခုကတော့ စစ်ကောင်စီက ထိုးစစ်အနေအထားကနေ ခံစစ်အနေအထားကို ပြန်ရောက်သွားပြီ။ ထိုးစစ်နေရာမှာလည်း သူတို့က လေယာဉ်နဲ့ ပုံစံမျိုးစုံ သုံးလာတာ တွေရတယ်။ ပြီးတော့ နောက်ဆုံး သူတို့ကို အင်အားကြီးနိုင်ငံက ရရှိတဲ့ နည်းပညာရော ဘာရော အကူအညီနဲ့ ကျနော်တို့ကို တိုက်ခိုက်နေတာရှိတယ်။ နောက် စစ်အုပ်စုက ပြည်သူတွေကိုပဲ ဦးတည်ထားတဲ့အတွက် ပြည်သူလူထုက ရှောင်ပြေးနေရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပြည်သူတွေ ရှိနေသရွေ့ မျိုးဆက်သစ်တွေက ကျောင်းတွေမှာ စာသင်နေသရွေ့ ကေအဲန်ယူက ဆက်ရှိနေဦးမယ်ဆိုတဲ့ သဘောနဲ့ ပြည်သူကိုပဲ ဦးတည်ပြီး တိုက်ခိုက်နေတာမျိုးပေါ့။
ကေအိုင်စီ ပေးပို့သည်။