ထားဝယ်ခရိုင်အတွင်းက လူထုသပိတ် ဆန္ဒပြလှုပ်ရှားမှုများနှင့် ပတ်သက်ပြီး ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) တာဝန်ခံ ကိုမင်းလွင်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ပြီးနောက် အာဏာရှင်စနစ်ကို အလိုမရှိ သည့် ပြည်သူများသည် အကြမ်းမဖက်သောနည်းနှင့် ဆန့်ကျင်တော်လှန်ခဲ့ကြသည်။
အာဏာသိမ်းကာလ ၃ နှစ်ကျော်လာသည့် ယခုလိုအချိန်မျိုးအထိ စစ်အာဏာရှင်ကို အကြမ်းမဖက်ဘဲ ဆန္ဒပြပွဲ များ ပြုလုပ်၍ ဆန့်ကျင်တော်လှန်နေမှုထဲတွင် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းထဲရှိ ထားဝယ်ခရိုင်လည်း အပါအဝင် ဖြစ်သည်။
ထိုသို့ဆန္ဒပြ လှုပ်ရှားမှုများကို ကိုယ်တိုင်ဦးဆောင်လုပ်ကိုင်ပြီး ပြည်သူများလိုက်ပါလာအောင် စည်းရုံးမှုပြုရာ၌ တွေ့ကြုံရသည့် အခက်အခဲများ၊ ထားဝယ်ခရိုင်အတွင်းက လူထုသပိတ်လှုပ်ရှားမှု အခြေအနေများနှင့် ပတ်သက်ပြီး ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) တာဝန်ခံ ကိုမင်းလွင်ဦးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အရင်ဦးဆုံးအနေနဲ့ လက်ရှိ ထားဝယ်ခရိုင်သပိတ်ကော်မတီအနေနဲ့ လူထုသပိတ်လှုပ်ရှားမှု အခြေအနေ ဘယ်လိုရှိလဲဆိုတာ ပြောပြပေးပါ။
ဖြေ။ ။ လက်ရှိအခြေအနေထိတော့ ပုံမှန်လူထုသပိတ်လှုပ်ရှားမှုတွေ ပြုလုပ်နေတုန်းပဲ။ အဓိက အခြေခံ နယ်မြေကတော့ လောင်းလုံးမှာပဲ အဓိက လှုပ်ရှားဖြစ်တယ်။ ထားဝယ်ခရိုင်သပိတ်ကော်မတီကတော့ ထားဝယ်ခရိုင် လေးမြို့နယ်လုံးက ကော်မတီအပါအဝင်ပေါ့ဗျာ။ ကျွန်တော်တို့ အဓိက လှုပ်ရှားတဲ့နယ်မြေကတော့ လောင်းလုံးဆိုပေမဲ့ ကျန်တဲ့မြို့နယ်တွေမှာလည်း ထားဝယ်မြို့နယ်တို့ သရက်ချောင်းမြို့နယ်တို့ အဆင်ပြေရင် ပြေသလို ကြည့်ပြီးတော့ လှုပ်ရှားနေတာမျိုးလည်း ရှိပါတယ်။
မေး။ ။ ဒီလို သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရပါလဲ။
ဖြေ။ ။ စစ်ကောင်စီကနေပြီးတော့ သပိတ်လှုပ်ရှားတဲ့လူငယ်တွေကို လိုင်းပေါ်ဓာတ်ပုံ တက်လာတယ်ဆိုရင် တခါတလေ မြို့နယ်ဂိတ်တွေမှာ အဲဒီဓာတ်ပုံပြပြီးတော့ စစ်တဲ့ဟာမျိုး ရှိတယ်။ သပိတ်လှုပ်ရှားတဲ့ လူငယ်တွေကို ခြိမ်းခြောက်တဲ့ နည်းလမ်းပေါ့။ အဲဒီလိုမျိုး အခြေအနေ ရှိတယ်။ ကျွန်တော်တို့ဆိုရင်လည်း သပိတ်လှုပ်ရှားတယ် ဆိုပြီးတော့ ခြိမ်းခြောက်တာ ဝရမ်းထုတ်တာမျိုးရှိတယ်။ ကျွန်တော်တို့ကို ဆုငွေထုတ်တာမျိုးတောင်ရှိတယ်။
အဓိကပြောချင်တာတော့ သပိတ်လှုပ်ရှားနေတဲ့ လူငယ်တွေကို စစ်ကောင်စီက အသက်အန္တရာယ်ဖြစ်အောင် လုပ်နေတာပေါ့။ အဲဒီအထဲကပဲ ကြားမှာ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ရပ်ရွာတွေမှာဆိုရင်လည်း တချို့ပေါ့။ ပကဖရဲ့အဓိက အမာခံထောက်ပို့တွေပေါ့ဗျာ၊ အားလုံးကိုတော့ ဆိုလိုတာမဟုတ်ဘူး။ တချို့တလေ ပေါ့။ သူတို့ကနေပြီးတော့ ရွာထဲမှာ သပိတ်ထွက်တဲ့ဟာမျိုးဆိုရင် မကြိုက်တဲ့ဟာမျိုးဗျာ။ သပိတ်ထွက်လို့ ဘာမှ ထူးလာမှာ မဟုတ်ဘူး။ သပိတ်က မလိုဘူး။ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ဗျာ။
ရွာထဲမှာ အဲဒီလိုမျိုးတွေ နီးစပ်ရာဝါဒဖြန့်တာမျိုးတွေလည်း ကျွန်တော်တို့ ကြုံခဲ့ရပြီးပြီ။ တချို့ရွာတွေမှာဆိုရင် သပိတ်လိုက် နေတာ။ ဘယ်သူ ဘယ်သူတွေလဲ ဆိုပြီးတော့ စာရင်းအနေနဲ့ မှတ်ပြီးတော့ ရွာထဲကို စစ်ကောင်စီက စစ်ကြောင်း ထိုးလာရင် ဒီလူ ဒီလူတွေကြောင့်ဆိုပြီး လက်ညှိုးထိုးဖို့ ပုံစံမျိုးနဲ့ လုပ်ခဲ့တဲ့ဟာတွေလည်း ကျွန်တော်တို့ကြုံခဲ့ရ တယ်ဗျ။ ဒါကတော့ ကျွန်တော်တို့ရဲ့ ကြုံနေရတဲ့ အခက်အခဲတွေပေါ့ဗျာ။
ပြီးတော့ နောက်တစ်ခုအခြေအနေက ကျွန်တော်တို့ဆီမှာ စစ်မှုထမ်းဥပဒေနဲ့ ပြဌန်းထဲဟာမျိုးဆိုရင် စစ်တပ် ကနေပြီးတော့ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ လူငယ်တော်တော်များများ၊ ပြည်ပကိုထွက်သွားတဲ့ လူငယ် တော်တော်များများ ရှိလာတဲ့အနေအထားပေါ့။ အဲဒီတော့ လူငယ်တွေ တော်တော်ရှားလာတဲ့ အနေထားမျိုး ကြုံရတာပေါ့။ သူတို့တွေမှာ အင်အားချိနဲ့လာတယ်။ စစ်ကောင်စီက တခါစစ်ကြောင်းထိုးလာရင် သပိတ်လူငယ် အင်အား နည်းလာတယ်ပေါ့။
စစ်ကြောင်းထိုးလာတာနဲ့ မိဘတွေက သားသမီးတွေရဲ့ လုံခြုံရေးအတွက် အိမ်မှာမထားရဲဘဲ ပြည်ပကိုလွှတ်တာ မျိုးတွေ တနေရာကိုလွှတ်ပြီးတော့ ပညာသင်ခိုင်းတာမျိုးတွေဆိုတာလည်း ရှိတဲ့အခါကြတော့ လူငယ်အင်အား နည်းလာတဲ့ အနေအထားမျိုး ကြုံနေရတာပေါ့။ အတတ်နိုင်ဆုံး ကျွန်တော်တို့လည်း လူထုစည်းရုံးရေးတွေ လုပ်ပြီးတော့ လူငယ်တွေကြားမှာ လူထုလှုပ်ရှားရေး အရေးပါတဲ့အကြောင်းပြောပြီး နိုင်ငံရေးအရ စစ်တပ်ကို ထိုးနှက်ဖို့ အရေးကြီးတယ်ဆိုပြီး လူထုစည်းရုံးရေး လုပ်ပြီးတော့ အင်အားပြန်စုနေတာမျိုးတော့ ရှိတာပေါ့။
မေး။ ။ ထားဝယ်ခရိုင်အတွင်းက မြို့နယ်တွေမှာ ဖြတ်လေးဖြတ် လုပ်ခံထားရတာဟာ သပိတ်ကော်မတီ အပေါ်မှာရော ဘယ်လိုသက်ရောက်မှုတွေ ရှိနေပါလဲ။
ဖြေ။ ။ စစ်တပ်ရဲ့ဖိနှိပ်မှုက ပြည်သူလူထုကို ထိခိုက်တယ်ဆိုရင် ကျွန်တော်တို့ သပိတ်အင်အားစုကိုလည်း ထိခိုက်တာပဲ။ ကျွန်တော်တို့လည်း ပြည်သူလူထု ထောက်ခံမှုနဲ့ လူထုလှုပ်ရှားမှုတွေ လုပ်နေရတယ်ဆိုတော့ ပြည်သူတွေဆင်းရဲတယ်ဆိုရင် ကျွန်တော်တို့လည်းဆင်းရဲတယ်။ ကျွန်တော်တို့လည်း ဝန်ထုတ်ဝန်ပိုးတွေ ပိုဖြစ်လာစေတာပေါ့ဗျာ။
ဥပမာ – ကျွန်တော်တို့ဆီမှာ လူမှုကူညီရေးဆပ်ကော်မတီ ရှိတယ်။ အဲဒီ လူမှုကူညီရေး ဆပ်ကော်မတီကလည်း တတ်နိုင်သလောက်တော့ ပြည်သူတွေကို ကူညီတာရှိတယ်။ ပြောချင်တာကတော့ စစ်တပ်ကနေပြီး ဖြတ်လေးဖြတ် အနေအထား ကန့်သတ်လိုက်တဲ့အခါမှာ ကုန်ဈေးနှုန်းတွေ ပိုမြင့်လာပြီး လူထုက ခက်ခဲကျပ်တည်း လာတယ်။ လူထုခက်ခဲလာတော့ ကျွန်တော်တို့လည်း ခက်ခဲလာတယ်။ အဲဒီလိုမျိုးအခြေအနေတော့ ရှိတာပေါ့ဗျာ။
မေး။ ။ DDMSC အနေနဲ့လည်း အခုလို သပိတ်စစ်ကြောင်းတွေ မကြာခဏ ပြုလုပ်တဲ့အပေါ်မှာ ပြည်သူလူထုကို ဘာများ အသိပေး ပြောချင်တာရှိပါလဲ။
ဖြေ။ ။ အဓိကကတော့ သိတဲ့အတိုင်းပဲ။ ကျွန်တော်တို့ရဲ့ အကြမ်းမဖက်တဲ့ လူထုတော်လှန်ရေး စတင်ခဲ့ တယ်ပေါ့။ အခုထိလည်း တစ်နိုင်ငံလုံးမှာရှိနေတဲ့ သပိတ်ကော်မတီတွေ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ စီမံဆဲပေါ့။ အခုပြန်ပြီး ကြိုးစားနေတာမျိုးရှိတယ်။ ပြောချင်တာက ဘာလဲဆိုတော့ စစ်တပ်ကို စစ်ရေးအရတိုက်ခိုက်သလို နိုင်ငံရေးအရ တိုက်ခိုက်ဖို့လည်း လိုတယ်ဆိုတာကို ကျွန်တော်တို့က ပြည်သူလူထုကို အဓိက ထားပြီးတော့ ပြောချင်တယ်။ ဘာလို့လဲဆိုတော့ စစ်တပ်က စစ်ရေးအရ အခုအချိန်မှာ အရေးနိမ့်တယ်ဆိုတာမျိုး တွေ့လာရပြီဗျာ။ တွေ့လာတဲ့ အခါမှာလည်း စစ်တပ်ရဲ့အာဏာကို ထောက်ပေးထားတဲ့ဟာထဲမှာ နိုင်ငံရေးအရလည်းပါတယ်။ အခြေခံစီးပွားရေး အရလည်းပါတယ်။
နိုင်ငံရေး အခြေခံစီးပွားရေး ထောက်တိုင်တွေကို ကျွန်တော်တို့ လူထုတော်လှန်ရေးနဲ့ ဖြုတ်ချလို့ရတယ်လို့ ကျွန်တော်တို့က လူထုကိုပြောချင်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ လူထုတော်လှန်ရေးလို့ ပြောမယ်ဆိုရင် လူထုက ကိုယ့်ရဲ့အကျိုးစီးပွားကို ကိုယ်တိုင်သိပြီးတော့ ကိုယ်တိုင်ကိုယ်ကျတိုက်ပွဲဝင်ရမယ်ဆိုတဲ့ အသိတွေကို တောက်လျှောက် ထည့်ထားဖို့ လိုပါတယ်။
သံလွင်တိုင်းမ် ပေးပို့သည်။