စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (နအဖစစ်အစိုးရ) လက်ထက်က ၂၀၁၀ ပြည့်နှစ်မှာ ပြဌာန်းထား ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၁ စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ၊ တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ဖြစ်ပွားမှု ပိုမိုကျယ်ပြန်လာနေချိန် ၂၀၂၄ ဖော်ဖော်ဝါရီလ ၁၀ ရက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စတင်အာဏာတည်စေရမယ်လို့ ကြေညာခဲ့သည်။
ပြည်ပနိုင်ငံတစ်ခုခုနှင့် စစ်မက်ဖက်ပြိုင် ဖြစ်ပွားနေချိန်မဟုတ်ပါဘဲ ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခုစစ်ခေါင်းဆောင်က အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သည့် လူငယ်၊လူရွယ် ဦးရေသည် ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ ၁၃ သန်း (အမျိုးသား ၆.၃ သန်း၊ အမျိုးသမီး ၇.၇ သန်း) ရှိနေပြီး တစ်နှစ်ကို ၅ သောင်း ခန့် ခေါ်ယူမယ်လို့ စစ်ကောင်စီ ပြောဆိုထားသည်။
စစ်ကောင်စီသည် နိုင်ငံတဝန်းရှိ အရွယ်ရောက်သူတိုင်းကို စစ်တပ်ထဲသွပ်သွင်းနိုင်ဖို့ ဥပဒေအတည်ပြုပြီး ၂ လ နီးပါး အကြာ၊ ဧပြီလ၌ ပထမအကြိမ် သင်တန်းပေးပြီး စစ်မြေပြင်ကိုပို့နိုင်ရန် အချိန်တိုအတွင်း လျင်လျင်မြန်မြန် ဆောင်ရွက် နေသည်။
စစ်မှုမထမ်းမနေရ ဥပဒေအရ သာမန်အမျိုးသားသည် အသက် ၁၈ နှစ် မှ ၃၅ နှစ် အထိ သတ်မှတ်ထားပြီး အတတ်ပညာ တတ်မြောက်သူအမျိုးသားဖြစ်ပါက အသက် ၁၈ နှစ် မှ ၄၅ နှစ် အထိ သတ်မှတ်သည်။ သာမန်အမျိုးသမီးသည် အသက် ၁၈ နှစ် မှ ၂၇ နှစ်အထိ သတ်မှတ်ပြီး အတတ်ပညာတတ်မြောက်သူအမျိုးသမီး ဖြစ်ပါက အသက် ၁၈ နှစ် မှ ၃၅ နှစ် အထိ သတ်မှတ်ထားသည်။
စစ်မှုထမ်းရသူသည် သာမန်အခြေအနေတွင် ၂ နှစ်၊ အတတ်ပညာတစ်ခုခု ကျွမ်းကျင်သူဖြစ်ပါက ၃ နှစ် ထမ်းဆောင် ရမည်ဖြစ်ပြီး အရေးပေါ်အခြေအနေ ဖြစ်ပါက ၅ နှစ်အထိ စစ်မှုထမ်းရမည်ဖြစ်သည်။ ယင်းကဲ့သို့ အခြေအနေများကြောင့် နိုင်ငံတဝန်းလုံးရှိ လူငယ်များနှင့် မိဘများအကြား စိုးရိမ်ပူပန်မှု မြင့်တက်နေကြသည်။
ခုခံတော်လှန်စစ်အားကောင်းသည့် ချင်းပြည်နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေက ဘယ်လိုအကျိုးသက်ရောက်မှု ရှိလာနိုင်ပါလဲ။ လူငယ်များအနေနဲ့ ဘယ်လိုပြင်ဆင်မှုတွေ ရှိကြပါလဲ စသည့် အခြေအနေများနှင့် ပတ်သက်ပြီး ချင်းပြည်နယ် အရပ်ဖက်အဖွဲ့အစည်းနှင့် ဒေသခံလူငယ်တချို့ရဲ့ သဘောထားအမြင်များကို စုစည်းတင်ပြထားပါသည်။
Salai Mang Hre Lian – CHRO စီမံခန့်ခွဲရေးအရာရှိ
အခုက ချင်းပြည်တစ်ခုလုံးက မြို့ကလွဲလို့ ပလက်ဝနဲ့ တခြားနေရာတွေက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှု အောက်ရှိတယ်။ အခု စစ်ကောင်စီကလုပ်ထားတဲ့ စစ်မှုမထမ်းမနေရက သူတို့ထိန်းချုပ်လို့ရတဲ့ မြို့တွေမှာ အတင်းအဓမ္မနဲ့ လူငယ်တွေကို ဖမ်းဆီးစုဆောင်းတာမျိုး အနည်းနဲ့အများတော့ ရှိလာမယ်လို့ သုံးသပ်လို့ရတယ်။ ဒီစစ်မှုထမ်းဥပဒေ ပြဌာန်းတာက စစ်ကောင်စီအနေနဲ့ Force Labour ကို တရားဝင်အနေနဲ့ ပြဌာန်းလိုက်တာလို့ သက်ရောက်တယ်။ ဒီလိုပြဌာန်းခြင်းဟာ အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေ၊ အတင်းဓမ္မ ဖမ်းဆီးမှုတွေက စိုးရိမ်ရတဲ့အနေအထားမှာ ရှိနိုင်တယ်။ ဒီလိုပြဌာန်းမှုက လူအခွင့်အရေး ချိုးဖောက်မှုတွေ နည်းမျိုးစုံနဲ့ရှိလာမယ့် အနေအထား ဖြစ်တယ်။
ဒီစစ်မှုမထမ်းမနေရဥပဒေ ပြဌာန်းတာက ဒီဥပဒေဘောင်ထဲ ဝင်နေသူတွေကို အတင်းအဓမ္မ ဖိအားပေးမှုကြောင့် သူတို့မှာ မလုံခြုံမှုကို အများကြီးသက်ရောက်စေတယ်။ ဒီမှာ ဘယ်သူကမှ စစ်မှုထမ်းချင်မှာ မဟုတ်ဘူး။ လူငယ်တွေက ရွေးချယ်စရာလမ်း မရှိတော့တဲ့အဆုံး ကိုယ့်ပြည်နယ်မှာ မနေတော့ဘဲ ရှောင်ပြေးတာမျိုးလည်း လုပ်လာကြလိမ့်မယ်။ တချို့က စကစမှာ စစ်မှုထမ်းမယ့်အစား တော်လှန်ရေးမှာဝင်ပြီးတော့ စကစကို ပြန်တိုက်မှာတွေလည်း ရှိလာမယ်လို့ ယူဆတယ်။ ဆိုတော့ ချင်းလူငယ်တွေအနေနဲ့ ဘာလုပ်သင့်လဲဆိုရင် စစ်ကောင်စီကနေ စစ်မှုမထမ်းမနေရ ပြဌာန်းမှုကို ဆန့်ကျင်ဖို့လိုတယ်။ လုံးဝ လက်မခံဖို့လိုတယ်။ ဖြစ်နိုင်ရင်တော့ သူတို့လုံခြုံမှုအတွက် ထွက်ပေါက်နည်းလမ်းတွေ ရှာဖွေရမယ့် အနေအထားရှိနေပြီ ဖြစ်တယ်။
Salai Do Khar – India for Myanmar တည်ထောင်သူ
အဓိက က ကျနော်အထင်က ဒီဥပဒေကို ပြည်သူတွေက လက်မခံမှန်းလည်းသိတယ်။ အရင်က မူကြမ်း တင်သွင်းခဲ့တယ်၊ လုံးဝ လက်မခံခဲ့ဘူး။ ခုချိန် သူက လုံးဝအင်အားတွေ စုဆောင်းလို့ မရတော့တဲ့ အနေအထားမျိုးမှာ အတင်းအဓမ္မ ပြဌာန်းလိုက်တဲ့အခါဖြစ်တော့ လူငယ်များစွာက သတိထားဖို့ လိုမယ်ထင်တယ်။ ပထမဦးစွာ လူငယ်တွေက ပေါ့လျောပြီး အဖမ်းခံရတာ၊ အတင်းစည်းရုံးခံရတာတွေဆိုရင် အဲဒီလူငယ်တွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရရုံတင်မကဘဲနဲ့ တော်လှန်ရေး အောင်မြင်နိုင်ရေးအတွက် စကစကို မလိုလာအပ်တဲ့ အင်အားဖြည့်တင်းရာ ရောက်သွားနိုင်တယ်။ လူငယ်တွေက သတိကပ်ဖို့လိုတယ်။ တကယ်လို့ အဖမ်းအဆီးခံရရင် ကိုယ့်ရပ်တည်ချက်ကို မပြောင်းလဲသွားဘဲနဲ့ စကစတပ်ဆင်ပေးတာကို သူတို့ကို ခုခံတဲ့လက်နက်ဖြစ်သွားနိုင်အောင် ခိုင်မာတဲ့ ရပ်တည်ချက် ထားဖို့လိုမယ်။ နောက်ဒုတိယတစ်ခုက ချင်းတော်လှန်ရေးအင်အားစုတွေအပါအဝင် နိုင်ငံတကာက စကစရဲ့ အင်အား စုဆောင်းမှုကို အခွင့်ကောင်းအဖြစ် ယူတတ်ရင်တော့ တော်လှန်ရေး မြန်မြန်ပြီးမယ်လို့ ယူဆတယ်။
စကစရဲ့ လက်ရှိဥပဒေ ပြဌာန်းလိုက်တဲ့ဟာက ပြည်သူတွေကို ဒဲ့စိန်ခေါ်တာမျိုးဖြစ်တယ်လို့ ယူဆတယ်။ နိုင်အောင် ငါကိုတိုက်မလား၊ ငါနဲ့ပူးပေါင်းမလားဆိုတဲ့ စိန်ခေါ်တဲ့လုပ်ရပ်လို့ ထင်တယ်။ ခုချိန်မှာ စကစနဲ့မပူးပေါင်းရင်လည်း ကြားနေလို့ မရတော့ဘူး။ ဘက်တစ်ဖက်ကို လုံးဝပူးပေါင်းရမယ့် အခင်းအကျင်းကို ခင်းလိုက်တာပေါ့။ ဒီဟာက စကစရဲ့ နောက်ဆုံး ရွေးချယ်စရာလမ်းကြောင်းပေါ့လေ။ အသက်ဆက်ရှင်ဖို့ပေါ့။ ဒါကို တော်လှန်ရေးအင်အားစုက အခွင့်အလမ်းကောင်း အဖြစ် အသုံးချနိုင်ဖို့လိုမယ်။ ဒီလို အသုံးအချနိုင်ဖို့က ပြည်သူတွေကိုလည်း စိတ်ပျက်စေတဲ့ အချင်းချင်း စိတ်ဝမ်းကွဲမှုတွေ၊ လူငယ်များစွာကိုလည်း စစ်မှုထမ်းလိုစိတ် ပျက်ပြားစေတဲ့ ပဋိပက္ခလိုဟာမျိုးတွေ ၊ နိုင်ငံရေးအရ ဖြစ်စေ၊ စစ်ရေးအရဖြစ်စေ သဘောထား ကွဲလွဲမှုလိုဟာမျိုးကို အမြန်ဆုံး အဆုံးသတ်ပေးပြီး မြို့ပေါ် ရန်ကုန်၊ မန္တလေး ရောက်နေတဲ့ ချင်းပြည်သူတွေကိုလည်းကောင်း ၊ မလုံခြုံတဲ့လူငယ်တွေကို တော်လှန်ရေးမှာ အင်အားအပြည့်အဝနဲ့ ပေါင်းစည်းလာနိုင်ဖို့ ဖိတ်ခေါ်တယ်ဆိုရင် အချိန်တိုအတွင်း တစ်နိုင်ငံလုံ မလွတ်မြောက်ရင် တောင်မှ ချင်းပြည်တော်လှန်ရေးကတော့ အောင်ပွဲခံလိမ့်မယ်လို့ ထင်ပါတယ်။
Salai Van Sui San – ချင်းရေးရာအဖွဲ့ချုပ် (ICA) က ပြောရေးဆိုခွင့်ရှိသူ
ဒီဟာကိုပြောရမယ်ဆိုရင်က ချင်းပြည်နယ်မှာက ထိခိုက်မှုက ထင်သလောက်မရှိနိုင်ဘူးလို့ သုံးသပ်ရပါလိ့မ်မယ်။ ဘာလို့လည်းဆိုတော့ မြို့ပေါ်ဒေသကလွဲရင် ကျန်တဲ့ဒေသတွေအားလုံးက ဒီဒေသခံတော်လှန်ရေးတပ်သားတွေရဲ့ ထိန်းချုပ်ထားတဲ့အောက်မှာ ရောက်နေပြီးဆိုတော့ ဒီဟာ သက်ရောက်မှု အဲလောက်ကြီးမားလိမ့်မယ်လို့ မထင်ရဘူး။ ဒါပေမယ့် ဒီဟာလုပ်ချင်းအားဖြင့် ဒီတော်လှန်ရေးမှာ ဖြူမလား၊ မဲမလား ဆိုတာကို ကွင်းကွင်းကွက်ကွက်ပေါ်လာ မှာပေါ့နော်။ အရင်တုန်းက ဟိုယောင်ယောင်၊ ဒီယောင်ယောင်နဲ့ လုပ်နေတဲ့လူတွေလည်း စစ်ကောင်စီတပ်ထဲ ဝင်မလား၊ ဒါမှမဟုတ် ဒေသခံတော်လှန်ရေးတပ်ထဲ ဝင်မလားဆိုတဲ့ဟာကို သဲသဲကွဲကွဲ မြင်ရတော့မှာဖြစ်တယ်။ ဆိုတော့ တမျိုးအနေနဲ့ အရမ်းကောင်းတဲ့ အချက်တစ်ချက်လို့ သုံးသပ်ချင်တယ်။
ဒီဥပဒေထဲကနေ ဘယ်လိုထွက်ပေါက် ရှိနိုင်သလဲဆိုတာက စစ်ကောင်စီက ကျနော်တို့ အစိုးရမဟုတ်တော့ဘူးလို့ သတ်မှတ်ရင် ကျနော်တို့အပေါ်မှာ သတ်မှတ်တဲ့ဥပဒေ မဟုတ်ဘူးလို့ပဲ ခံယူလိုက်ပါ။ ပြီးရင်ချင်းပြည်နယ်မှာရှိတဲ့ ICNCC ဒါမှမဟုတ် ချင်းလဲန်းအစိုးရ ဒါမှမဟုတ် ကိုယ့်ရဲ့ထိန်းချုပ်နယ်မြေမှာရှိတဲ့ လူတွေက ဘယ်ဟာကို ငါတို့အစိုးရ အနေနဲ့ ထောက်ခံမလဲ၊ ဘယ်အဖွဲ့အစည်းက ချမှတ်တဲ့ဥပဒေကို လိုက်နာမလဲဆိုတာ ပြည်သူတွေက ကွဲကွဲပြားပြားနဲ့ လက်ခံဖို့ လိုအပ်လာပြီး။ ဒီဟာက စစ်ကောင်စီဘက်က ချမှတ်ထားတဲ့ ဥပဒေဆိုပေမယ့် ချင်းပြည်နယ်မှာက ICNCC ၊ ချင်းလဲန်းကောင်စီ Three brother စသဖြင့် ရှိတယ်ဆိုတော့ ဘယ်သူက ပြဌာန်းတာကိုပဲ လိုက်နာမယ်လို့ သုံးသပ် ဆုံးဖြတ်လိုက်မယ်ဆိုရင် အခုချိန်မှာ ဒေသခံ တော်လှန်ရေးတပ်သားတွေ အနေနဲ့လည်း ပြည်သူတွေကို ကာကွယ်ပေးဖို့ လုံလုံလောက်လောက် မဟုတ်ရင်တောင်မှ အနေအထားတစ်ခုထိ ရှိနေပြီဆိုတော့ ချင်းပြည်နယ်မှာရှိတဲ့ ချင်းလူထုက စိုးရိမ်စရာ မလိုဘူးလို့ပဲ ကျနော်အနေနဲ့ သုံးသပ်ချင်တယ်။
နောက်ထပ် မြို့ထဲမှာရှိတဲ့ ဟိုယောင်ယောင် ဒီယောင်ယောင်တွေ၊ ငါတော့ CDM မလုပ်ဘူးဆိုတဲ့ဟာတွေ ပြီးရင် ဒေသခံတော်လှန်ရေးကို အားမပေးတဲ့ လူတွေကြတော့လည်း ဟာသသဘောနဲ့ ပြောရမယ်ဆိုရင်လည်း ကိုယ်ဖြစ်၊ ကိုယ်ခံပေါ့။ ဒီဟာက ချင်းမှာ မြို့ပေါ်ဒေသမှာ အနည်းအကျဉ်းတော့ သက်ရောက်မှုရှိလိမ့်မယ်လို့ သုံးသပ်မိတယ်။ ကျေးလက်ဒေသတွေမှာတော့ လုံးဝသက်ရောက်မှု ရှိလိမ့်မယ်လို့ မထင်ဘူး။ ဒီချင်းလူမျိုးတွေ နေထိုင်တဲ့ ချင်းလူမျိုးတွေအပေါ်မှာတော့ သက်ရောက်မှု ရှိလိမ့်ဦးမယ်။ အဲဒါကိုတော့ ဒေသခံတော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့ ကလေး PDF နဲ့ ပူးပေါင်းပြီး ဘယ်လိုဖြေရှင်းကြမလဲဆိုတာ လက်နက်ကိုင်တပ်ဖွဲ့တွေက ဘယ်လိုစေ့စပ်ပြီး လှုပ်ရှားမလဲဆိုတာ စောင့်ကြည့်ရပါမယ်။
တီးတိန်မြို့ခံ CDM သူနာပြုအမျိုးသမီးငယ်တစ်ဦး
အားလုံးကစိုးရိမ်ပြီး ကြောက်နေကြတယ်၊၊ မိဘပြည်သူကအစ လူငယ်တွေရော၊ အသက်မပြည့်သေးတဲ့သူတွေရော ကြောက်ကြတယ်၊၊ အခုက ကလေးတွေက ကျောင်းလဲပုံမှန် မတက်ကြဘူးဆိုတော့ သူတို့အသက်ငယ်ငယ်လေးနဲ့ လူကြီးတွေဖြစ်နေပြီ မိဘတွေကလည်း စိတ်ပူကြတယ်။ အပြင်တွေလည်း သိပ်မထွက်ခိုင်းဘူး။ အဖမ်းခံရမှာ စိုးလို့လေ။ တီးတိန်မြို့ပေါ်မှာ လူစည်ကားတဲ့ရပ်ကွက်ထဲမှာ စစ်တပ်က နေရာယူထားကြတယ်။ မြို့ထဲလျှောက်သွားတဲ့လူက နည်းသွားတယ်။ နယ်ဘက်ကလာတဲ့လူလည်း နည်းသွားတယ်။ လက်ရှိမှာ လူငယ်တွေကြားမှာ စစ်တပ်က သူတို့ဆွဲခေါ်ပြီး အဲလိုမျိုး လုပ်ခိုင်းတာထက်စာရင် လူငယ်တွေ လက်နက်ကိုင်တွေဆီဝင်ပြီးမှ သူတို့နဲ့ လက်တွဲလုပ်တာ ကောင်းတယ်။ အဲဒီမှာ ကိုယ့်အသိမိတ်ဆွေတွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် PDF ၊ CDF ထဲပဲ ဝင်ကြမယ်ဆိုပြီး သူတို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်တွေရှိကြတယ်။ ပြီးတော့ လက်နက်ကိုင် လူငယ်တွေကလည်း warmly welcome လုပ်တယ် ဆိုတော့ စိတ်ဝင်စားတဲ့သူအတွက် သူတို့နဲ့ဆက်သွယ်ဖို့ ဖုန်းနံပါတ်၊ social media တွေရှိတယ်၊၊
ဆက်သွယ်လို့ရတဲ့ လူလည်းရှိတယ်ဆိုတော့ လူငယ်တွေ အနေနဲ့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချနိုင်ရင်တော့ လွတ်လမ်းတွေရှိတယ်။ ကျွန်မ စဉ်းစားထားတာက အရင်ကလဲ ကျွန်မ လက်နက်ကိုင်လူငယ်တွေနဲ့ တတ်နိုင်သလောက် ပူးပေါင်းပြီး ပါဝင်တယ်။ သူတို့နဲ့ အမြဲတမ်းအတူ မနေနိုင်တာတစ်ခုပဲရှိတယ်။ တကယ်လို့ စစ်ကောင်စီဘက်က လူဆွဲခေါ်တယ် ဆိုရင် ကျွန်မအတွက်ကတော့ လွတ်မြောက်နယ်မြေထဲသွားဖို့ လမ်းကြောင်းအဆင်သင့်ရှိတယ်။ လုပ်ဖို့အလုပ်လဲ အဆင်သင့်ရှိတယ်။ ကျွန်မအတွက်ကတော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။ အခုလောလောဆယ်တော့ အိမ်က အခြေအနေကြောင့် အိမ်မှာပဲနေတယ်။ ဘယ်မိဘမှ ကိုယ့်သားသမီးကို ခွင့်လဲမပြုဘူး၊ သွားလဲမသွားစေချင်ဘူး ပေါ့နော်။ ဒီရက်ပိုင်းတော့ မိဘကိုပွင့်ပွင့်လင်းလင်း မပြောသေးဘူး။ ဒါပေမဲ့ ကျွန်မက အထုပ်တွေ၊ ပစ္စည်းတွေကို အဆင်သင့်လုပ်ထားတယ်၊ တကယ်လိုအပ်လာရင်တော့ မိဘကို ခဏသွားရှောင်လိုက်မယ်ဆိုပြီး ပြောမယ်ပေါ့၊ ကျွန်မကိုယ်ကျွန်မ အဆင်သင့်လုပ်ထားပါတယ်။
ဟားခါးမြို့ခံ လူငယ်အမျိုးသမီးတစ်ဦး
မိန်းကလေးတွေရော၊ ယောင်္ကျားလေးတွေကို စစ်မူမထမ်းမနေရဥပဒေ ပြဌာန်းလာပြီဆိုတော့ သူတို့က ဘယ်လောက် ထိ ကြိုတင်ပြင်ဆင်ထားလဲဆိုတာလဲ သတိထားရမှာပေ့ါနော ။ တကယ်လို့များ ထမ်းရတော့မယ်ဆိုရင် ကျမတို့ဘက်မှာ ရှိတဲ့ ဒေသကာကွယ်ရေးဘက်မှာပဲဖြစ်ဖြစ်၊ CNA/CNF ဘက် အဲမှာပဲဖြစ်ဖြစ် အဲ့ဒီဘက်မှာ ထမ်းရတာ ပိုကောင်းတာပေါ့နော်။ ဒါမှမဟုတ်ရင် လွတ်မြောက်နယ်မြေမှာ စစ်ဘေးရှောင် သွားနေတာပဲဖြစ်ဖြစ် ၊ငွေကြေး တတ်နိုင်လို့ရှိရင် နိုင်ငံခြားသွားလို့လည်း ရတယ်၊၊ ဒါပေမယ့် အဲ့တာက လူနည်းစုပဲ သာမာန် အခြေခံ လူ တန်းစားတွေ က နိုင်ငံခြားထွက်ဖို့ကလည်း သိပ်ပြီးတော့ အခြေအနေမပေးဘူးလေ။ အခြေအနေတွေ ကြည့်ပြီးတော့မှ ခဏရှောင်ပြီးမှ ပြန်လာပြီး အလုပ်လုပ်ရမလားဆိုတာ စောင့်ကြည့်ရမှာပေါ့။
ဒီဟာက သေချာကြိုတင်ပြင်ဆင်ပြီးမှ ထုတ်လာတဲ့သဘောရှိတယ်။ ဒီဟာကို လက်ကိုင်စွဲပြီးတော့ သူတို့ရဲ့ ယုတ်မာမူတွေကို တရားဝင် လုပ်လာတော့မယ် ဆိုတဲ့ သဘောသက်ရောက်တယ်။ တဖက်ကနေ ပြန်ကြည့်ရင် တိုင်းရင်းသားလက်နက်ကိုင်နဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေရဲ့ အင်အားတိုးလာဖို့အတွက် တဖက်ကနေ ဖိအားပေးသလိုမျိုး ၊အဖြူအမဲ သေချာကွဲအောင် တွန်းပို့သလို ဖြစ်သွားတယ်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ကျမက ကျောင်းမတက်တော့ဘူး၊ အစိုးရနဲ့ ပတ်သတ်တာမှန်သမျှကို ရှောင်တယ်၊၊ ရုံးသွားလာမှုတွေကိုလည်း တတ်နိုင်သလောက် မသွားဘူး၊၊ စစ်မူမထမ်းမနေရဆိုတဲ့နောက်မှာ တကယ်လို့များ မဖြစ်မနေ လုပ်ရမယ်ဆိုရင် ကိုယ့်တိုင်းရင်းသား လက်နက်တွေဆီမှာ လက်နက်ကိုင်ဖို့ တွေးထားတယ်၊၊ စကစဘက်ကိုတော့ စစ်မှုထမ်းဖို့ အစီအစဉ်မရှိဘူး။
KMG ပေးပို့သည်။