30 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“စစ်ကောင်စီရဲ့ စစ်ရေးပုံစံကိုကြည့်ရတာ နောက်ဆုံး မီးစလေးကုန်ခါနီးမှာ သူတို့မှာရှိတဲ့အားကို ဖြစ်ညှစ်ပြီးတော့ ရရာလူတွေကို နောက်ဆုံးတောက်တဲ့ မီးတောက်လေးပေါ့ဗျာ။ ကျွန်တော်တို့ ဝိုင်းတိုက်ဖို့လိုတယ်” -...

“စစ်ကောင်စီရဲ့ စစ်ရေးပုံစံကိုကြည့်ရတာ နောက်ဆုံး မီးစလေးကုန်ခါနီးမှာ သူတို့မှာရှိတဲ့အားကို ဖြစ်ညှစ်ပြီးတော့ ရရာလူတွေကို နောက်ဆုံးတောက်တဲ့ မီးတောက်လေးပေါ့ဗျာ။ ကျွန်တော်တို့ ဝိုင်းတိုက်ဖို့လိုတယ်” – ရဲဘော်ဂျိုကာ (တနင်္သာရီတိုင်း စစ်ဌာန)

တနင်္သာရီတိုင်းတွင် စစ်ကောင်စီစစ်ကြောင်း ထိုးစစ်ဆင်လာမှု၊ စစ်ဆင်ရေးပုံစံ ပြောင်းလဲလာမှုနှင့်ပတ်သက်ပြီး တနင်္သာရီတိုင်း၊ စစ်ဌာန ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဂျိုကာနှင့် ဆက်သွယ်မေးမြန်းချက်။

မြန်မာနိုင်ငံတောင်ဘက်စွန်း တနင်္သာရီတိုင်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းအား လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်နေရသော အနေအထားရှိနေကြောင်း ဒေသဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တို့ထံက သိရသည်။

စစ်ကောင်စီက ၎င်းတို့လက်လွှတ်ထားရသည့် နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် စစ်ကြောင်းထိုး ကြိုးပမ်းလာသည့် အခြေအနေတွင် တနင်္သာရီဒေသက စစ်ကောင်စီ၏ ထိုးစစ်ဆင်မှု၊ လက်ရှိစစ်ကြောင်းထိုးလာသည့် စစ်ဆင်ရေးပုံစံ ပြောင်းလဲလာမှုနှင့် တော်လှန်ရေးတပ်ဖွဲ့တို့၏ တိုက်ပွဲနှင့်ပတ်သက်သည့် အခက်အခဲတို့ကို သိရှိနိုင်ရန် တနင်္သာရီတိုင်း၊ စစ်ဌာန ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဂျိုကာကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ အရင်ဦးဆုံးအနေနဲ့ လက်ရှိတနင်္သာရီတိုင်းမှာ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ။ ။ တနင်္သာရီတိုင်းအခြေအနေကတော့ စစ်ကောင်စီဘက်က ထိုးစစ်ဆင်တာတွေရှိတယ်။ တစ်တိုင်းလုံးနီးပါးပါပဲ။ ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင်ပေါ့။ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတာတွေရှိတယ်။ ကျွန်တော်တို့ ဘက်ကလည်း တန်ပြန်ခုခံတော်လှန်စစ်တွေ ဆင်နွှဲနေတာရှိတယ်။ တချို့တိုက်ပွဲတွေဆို ရက်ရှည်တယ်။ ၇ ရက်၊ ၈ ရက်အထိ တိုက်ပွဲတွေရှိတယ်။

သူတို့ဘက်က လှုပ်ရှားနယ်မြေတွေကိုဝင်လာရင် ကျွန်တော်တို့က ပြန်လည် ပြီးတော့ ခုခံတော်လှန်စစ် ဆင်နွှဲနေတယ်။ စစ်ကောင်စီကတော့ နယ်မြေစိုးမိုးမှုဆိုတာထက် ကျွန်တော်တို့ရဲ့ ထိန်းချုပ်နယ်မြေတွေကို သူတို့က ပြန်လည်ရယူချင်တဲ့သဘောပဲ။ ဘယ်လိုဗျူဟာရှိလဲဆိုတာ သူတို့ကိုယ်တိုင်ပဲ သိမယ်။ သူတို့က မြို့နဲ့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ဆင်ခြေဖုံးရပ်ကွက်တွေကို ပြန်ပြီးတော့ စိုးမိုးနယ်မြေအဖြစ် ပြန်ရအောင်လုပ်နေတဲ့ သဘောတွေ့ရတယ်။

မေး။ ။ တနင်္သာရီတိုင်းထဲကမြို့နယ်တွေမှာ နယ်မြေစိုးမိုးမှုအတွက် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေတဲ့ အခြေအနေရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ စစ်ကြောင်းထိုးတဲ့ပုံစံကတော့ အတူတူပါပဲ။ အရင်နဲ့ သိပ်ပြီးထူးခြားတာ မရှိပါဘူး။ ရွာတွေထဲဝင်တယ်။ မီးရှို့တယ်။ ကျွန်တော်တို့ စခန်းတွေနားအထိတော့ မရောက်လာသေးဘူး။ ကျွန်တော်တို့က ရွာပြင်ရောက်ရင် သူတို့တိုက်ခိုက်တာရှိတယ်။ လေကြောင်းနည်းစနစ်နဲ့ တိုက်ခိုက်တာရှိတယ်။

မေး။ ။ လက်ရှိ စစ်ကြောင်းထိုးနေတာဟာ နယ်မြေစိုးမိုးမှုအတွက် စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ ပြောလို့ရမလား။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ။ ။ စစ်ကြောင်းထိုးတဲ့ ပုံစံကတော့အတူတူပါပဲ။ ကျွန်တော်တို့ရဲ့ တပ်ရင်းတပ်စခန်းတွေကို မလာနိုင်ဘူး။ လာလည်း မလာကြဘူး။ ရွာတွေထဲ ဝင်တယ်။ လေယာဉ်တွေကို ဖျက်ဆီးတယ်။ မီးရှို့တယ်။ လူတွေတွေ့ရင် ဖမ်းတယ်။ သတ်တယ်။ ကျွန်တော်တို့ ရွာထဲမှာတော့ ဝင်မတိုက်ဘူး။ ရွာပြင်ထွက်လာပြီဆိုရင် တိုက်ခိုက်တယ်။

ခုခံကာကွယ်စစ် ဆင်နွှဲတယ်။ သူတို့မှာ အရင်လိုစစ်တိုက်ရဲတဲ့ စစ်ခွေးတွေ မရှိသလောက်ဖြစ်နေပြီ။ အခု စစ်တပ်မှာ အိုနာကျိုးကန်းတွေနဲ့ စစ်မှုထမ်းဥပဒေအရ ခေါ်ထားတဲ့သူတွေဖြစ်ရင်ဖြစ်မယ်။ သူတို့လိုက်လံဖမ်းဆီးပြီးတော့ ခေါ်သွင်းထားတဲ့လူငယ်တွေဖြစ်မယ်။ အဲဒီ လူငယ်တွေကို လက်နက်ပေးပြီး တိုက်ခိုင်းသလို ဖြစ်နေတယ်။

မေး။ ။ အခုနောက်ပိုင်း စစ်ကောင်စီက စစ်ကြောင်းထိုးတဲ့အခါ ဒရုန်းတွေကို ပိုမိုအသုံးပြုလာတာတွေ့ရတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ။ ။ စစ်ကောင်စီဘက်ကလည်း ဒရုန်းတွေသုံးတာ တွေ့ရတယ်။ ဒါက ဘာမှထွေထူးပြောစရာ မရှိပါဘူး။ ဒရုန်းနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားတာတွေလည်း ရှိပါတယ်။

မေး။ ။ ဘယ်လို ဒရုန်းအမျိုးအစားတွေကို သုံးတာတွေ့ရလဲ။ တော်လှန်ရေး အင်အားစုတွေအနေနဲ့ရော စကစရဲ့ ဒရုန်းအသုံးပြုမှုကြောင့် ဘယ်လိုအခက်အခဲတွေရှိလဲ။

ဖြေ။ ။ သူတို့ဘက်က ဒရုန်းအကြီးလည်းပါတယ်။ အစုံပါပဲ။ အလေးချိန် တော်တော်လေးသယ်ဆောင်နိုင်တဲ့ ဒရုန်းလည်း ပါတယ်။ အဲဒီအပေါ် ဘယ်လိုအခက်အခဲရှိလဲဆို ကျွန်တော်တို့က လေယာဉ်ကိုတောင်မှ အံတုပြီး တိုက်နေတာပဲ။ ဒရုန်းအတွက်ကတော့ အခက်အခဲတစုံတရာတော့ မရှိပါဘူး။

မေး။ ။ နောက်ဆုံးအနေနဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးပုံစံက‌ရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ စစ်ကောင်စီရဲ့ စစ်ရေးပုံစံကိုကြည့်ရတာ နောက်ဆုံး မီးစလေးကုန်ခါနီးမှာ သူတို့မှာရှိတဲ့အားကို ဖြစ်ညှစ်ပြီးတော့ ရရာလူတွေကို နောက်ဆုံးတောက်တဲ့ မီးတောက်လေးပေါ့ဗျာ။ ကျွန်တော်တို့ ဝိုင်းတိုက်ဖို့ လိုတယ်။ ဒါဆို ပွဲကသိမ်းပါပြီ။

သံလွင်တိုင်းမ် ပေးပို့သည်။