“စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်မှုကို ရပ်လိုက်တာမျိုးမဟုတ်ဘဲ ဆက်လက်ပြီး ထိုးစစ်ဆင်နေမယ်ဆို ကချင်ပြည်နယ်အနှံ့ တိုက်ပွဲတွေ ပြင်းထန် လာနိုင်ပါတယ်” သိက္ခာတော်ရဆရာ Rev. Lahpai Shing Rip

0
316
ပုံစာ- သိက္ခာတော်ရဆရာ Rev. Lahpai Shing Rip

လိုင်ဇာကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် သင်းအုပ်ဆရာ သိက္ခာတော်ရ ဆရာလဖိုင်ရှိန်ရစ် (Rev. Lahpai Shing Rip) နှင့် အမေးအဖြေ

နှစ်ဖက်တပ်အကြား စစ်ရေးအခြေအနေတွေနဲ့ ပတ်သတ်ပြီး ဒေသခံတွေကို ဆင်ခြင်သတိပြု နေထိုင်သွားလာ ကြဖို့နဲ့ အစားအသောက် ဆေးဝါးများကို ပြင်ဆင်စုဆောင်းထားရန် လိုင်ဇာမြို့ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်မှ ထုတ်ပြန်ကြေညာထားပါတယ်။

လိုင်ဇာမြို့ အခြေအနေနှင့် အနီးပတ်ဝန်းကျင်ရှိ စစ်ရေးအခြေအနေ၊ စစ်ရှောင်များ၏ ပြင်ဆင်မှုများနှင့် ပတ်သက်ပြီး လိုင်ဇာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် သင်းအုပ်ဆရာ သိက္ခာတော်ရဆရာလဖိုင်ရှိန်ရစ်ကို (Rev. Lahpai Shing Rip) ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ လိုင်ဇာအနီးပတ်ဝန်ကျင်အခြေအနေလေးကို ဦးစွာပြောပြပေးပါ။

ဖြေ။ ။ KIA ဌာနချူပ် လိုင်ဇာနဲ့နီးတဲ့ အနီးပတ်ဝန်ကျင်တွေမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တိုက်ပွဲတွေ ဖြစ်တော့ လက်နက်ကြီးတွေ ပစ်ကျတာပေါ့။ လက်နက်ကြီးပစ်တော့ ကျွန်တော်တို့ အသင်းတော် ပြည်သူတွေ နေတဲ့နေရာ အနီးပတ်ဝန်းကျင်တွေမှာ လက်နက်ကြီးကျလာတော့ သတိထားပြီးနေကျဖို့ စာထုတ် ပြန်ထားတာပါ။

မေး။ ။ အခုတိုက်ပွဲဖြစ်နေတဲ့ နေရာတချို့ဆို လိုင်ဇာအသင်းတော်ရဲ့နေရာတချို့လည်းပါတယ်လို့ သိရတယ်။ ဘယ်လိုအခြေအနေတွေ ရှိနေပါလဲ။

ဖြေ။ ။လိုင်ဇာအသင်းတော်မှာပါတာက တုန်ဟုန်း၊ လွယ်မောက်ယာန် လဂျားယာန်ကျေးရွာတွေ ဖြစ်တယ်။ ဟိုနေ့က လွယ်မောက်ယာန် ကျေးရွာနားတွင် မှိုင်းပေါက်ကွဲမှု ဖြစ်ခဲ့တယ်။ မှိုင်းပေါက်ကွဲမှုကြောင့် လွယ်မောက်ယာန် ကျေးရွာပြည်သူ ၁၀ ဦးခန့်ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးရိုက်နှိက်မှု ပြုခဲ့တယ်။ အဲလိုဖမ်းဆီး ရိုက်နှိက်မှုတွေကြောင့် ရွာသားတွေ ရွာမှာမနေရဲတော့တဲ့အတွက် လွယ်မောက်ယာန်နှင့် တုန်ဟုန်း ကျေးရွာက ပြည်သူတွေ ဗန်းမော်မြို့ အောင်သာဘုရားကျောင်းမှာ သွားရောက်ခိုလှုံနေပြီ ဖြစ်တယ်။ အားရှိတဲ့ လူလတ်ပိုင်းတွေက လယ်ယာ၊ ခြံတွေလုပ်ပြီး ကျွှဲ၊ နွားထိန်းပြီး ရွာစောင့်နေပါတယ်။

ပုံစာ – လိုင်ဇာကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ရဲ့ သတိပေးထုတ်ပြန်စာ။

မေး။ ။ အခုတိုက်ပွဲဖြစ်တဲ့ နေရာတွေက ဘယ်ကျေးရွာတွေမှာလဲ။ ဘယ်လို အခြေအနေရှိပါလဲ။

ဖြေ။ ။ အခုတိုက်ပွဲပြင်းထန်နေတာက လဂျားယာန်၊ မဒီးယာန်၊ ခယာ ကျေးရွာတွေမှာ ဖြစ်တယ်။ မဒီးယာန်နှင့် အောင်ဂျာကျေးရွာက လယ်ယာ၊ ခြံ လုပ်နေတဲ့ ပြည်သူတချို့ ဘယ်ကိုမှ ထွက်လို့မရတဲ့ အခြေအနေတွေမှာတော့ ရှိနေပါတယ်။ ဘာကြောင့်လဲဆို လမ်းကြောတွေအားလုံး ဖြတ်တောက်ထားပြီး နှစ်ဖက်တပ်တွေ နေ့တိုင်းလိုလို တိုက်ပွဲ ဖြစ်နေတယ်။ စစ်ကောင်စီတပ်ကလည်း ထိုးလို့မရ ဖြစ်နေတယ်။ အဲလိုအခြေအနေပေါ် ရှိနေပါတယ်။

မေး။ ။ အခုတိုက်ပွဲဖြစ်နေတဲ့ လဂျားယာန်၊ မဒီးယာန်၊ အောင်ဂျာဘက်တွေမှာ လယ်ယာခြံလုပ်ပြီး နေထိုင်နေတဲ့ ပြည်သူဘယ်နှစ်ယောက်လောက် ရှိပါလဲ။ သူတို့အခြေအနေကကော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ နားလုံနှင့် နမ်ဆန်ယာန် အစပ် မဒီးယာန် အထဲဘက်မှာ တော်တော်များတယ်။ အဲဒီဘက်ကသူတွေ နမ်ဆန်ယာန်ကနေ ထွက်ပြီလို့ ကြားရတယ်။ လဂျားယာန် အထဲဘက်မှာတော့ ရွာအနေဖြင့် နေတာ များတယ်။ တချို့ရွာတွေမှာတော့ ဘာမဖြစ်ဘူး။ တိုက်ပွဲမဖြစ်တဲ့ ရွာတွေကို ဒီတိုင်းရှိနေကြပါသေးတယ်။

မေး။ ။ လိုင်ဇာဒေသခံတွေအနေနဲ့ ဘယ်လို စိုးရိမ်သတိပြုပြီး နေနေကြပါလဲ။

ဖြေ။ ။ သတိပြုပြီးနေထိုင် နေကြပါတယ်။ လက်နက်ကြီးတွေ ကျလာရင်ပေါ့၊ အရမ်းစိုးရိမ်ပြီး ကြောက်တာတွေတော့ မရှိဘူး။ လက်နက်ကြီးကျတာက ပုံမှန်လို ဖြစ်နေပြီ။ ဒီထက်ဆိုးတာတွေကိုတောင်မှ ကျော်လွှားနိုင်ပြီကြီးကိုး။

မေး။ ။ တိုက်ပွဲတွေဘယ်လောက်ထိ ပြင်းထန်လာနိုင်ပါလဲ။

ဖြေ။ ။ ဘယ်လောက်ထိ ပြင်းထန်လာမယ်ဆိုတာက စစ်ကောင်စီတွေရဲ့ လက်ထဲမှာ ရှိပါတယ်။ စစ်ဆိုတာ ဘယ်လို အခြေအနေမျိုးမဆို ဖြစ်သွားနိုင်တယ်။ နေရာဒေသ အသီးသီးသို့ ဖြစ်လာနိုင်တယ်။ ဒါကို စစ်မီး ကူးစက်တယ်လို့ ပြောတယ်။ ကျွန်တော် Statement မှာလည်း ထည့်ထားတယ်။ စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်မှုကို ရပ်လိုက်တာမျိုးမဟုတ်ဘဲ ဆက်လက်ပြီး ထိုးစစ်ဆင်နေမယ်ဆို ကချင်ပြည်နယ်အနှံ့ တိုက်ပွဲတွေ ပြင်းထန် လာနိုင်ပါတယ်။ ဘယ်လောက်ထိ ပြင်းထန်လာနိုင်တယ် ဆိုတာကိုတော့ ကျွန်တော်တို့ပြည်သူတွေ အနေဖြင့်တော့ မသိနိုင်ဘူး။ စစ်ကောင်စီရဲ့ လက်ထဲမှာပဲ ရှိတယ်။

မေး။ ။ ပြည်သူတွေအနေနဲ့ ဘယ်လောက်ထိ ပြင်ဆင်ထားရမှာပါလဲ။

ဖြေ။ ။ ပြင်ဆင်ထားဖို့ဆိုတာ တခြားထွေထွေထူးထူး မရှိဘူး။ ရှိတဲ့ဆေးတွေကို ဝယ်စုဆောင်းထား၊ ရိက္ခာတွေကို ရှိတဲ့ ပိုက်ဆံနဲ့ ဝယ်စုဆောင်းထား၊ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို အဆင်သင့် ပြင်ဆင်ထား၊ အဲလိုတွေပေါ့။ တခြားပိုပြီး ပြင်ဆင်ဖို့လည်းမရှိပါဘူး။ နမော်နမဲ့ မနေဖို့ပေါ့။

မေး။ ။ နယ်စပ်ဒေသ အစားအသောက်အခြေအနေ ဘယ်လိုရှိပါလဲ။ ဘယ်ကနေ တင်သွင်းယူနေပါလဲ။

ဖြေ။ ။ ဒါက မထင်ထားပဲ ဖြစ်လာတဲ့ အရာတွေဆိုတော့၊ ဟိုလှည့်ဒီလှည့်နဲ့ တင်သွင်းယူနေတယ်။ ပြီးခဲ့တဲ့ ၇ နှစ်ခန့် ဆိုလည်း လမ်းတွေအားလုံး ပိတ်သွားတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သယ်ယူ တင်သွင်း ယူရတယ်ပေါ့။

မေး။ ။ နောက်ဆုံးအနေနဲ့ KIA ဌာနချူပ် အနီးတဝိုက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြီး ပြောကြားပေးပါ။

ဖြေ။ ။ ဒီတခါ တိုက်ပွဲအခြေအနေကို ကြည့်ရင် စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲအခြေအနေပေါ် မူတည်တယ်။ အင်အားရှိသမျှနှင့် နောက်ဆုံးထိ တိုက်မလား၊ ရှိသလောက်နှင့် အတော်အသင့် တိုက်မလား ဆိုတဲ့ အပေါ်မှာ မူတည်တယ်။ ဒီဘက်ထိုးလာရင်တော့ ဒီဘက်ကလူတွေလည်း နေရာတိုင်းမှာ တိုက်ပွဲတွေ ဖော်ဆောင်လာ နိုင်တယ်။ ဘယ်လောက်ထိ ပြင်းထန်လာမယ်၊ ဘယ်လောက်ထိ ဖြစ်လာမယ်ဆိုတာ စစ်ကောင်စီပေါ်မှာ မူတည်ပါတယ်။ ဒါကို ကြိုပြီး မပြောနိုင်ဘူး။ ဘာမဆို ဖြစ်လာနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here