စစ်ကောင်စီက မုန်တိုင်းကယ်ဆယ်ရေး သွားလာကူညီခွင့် ရပ်ဆိုင်းလိုက်သည့် အပေါ်အမြင်များ

0
261

မိုခါဆိုက်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ဆိုးဝါးစွာဒုက္ခရောက်နေသည့် ရခိုင်လေဘေးသင့်ပြည်သူများအတွက် အရေးပေါ်အကူအညီများ အထူးလိုအပ်နေချိန်တွင် နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်းများ၏ မုန်တိုင်းသင့် ရခိုင်ဒေသများသို့ ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ကူညီခွင့်ကို စစ်ကောင်စီက ဇွန် ၇ ရက်က စာထုတ်ပြီး ဇွန် ၈ ရက်တွင် ရပ်ဆိုင်းလိုက်သည်။

ကူညီသွားလာခွင့်များ ရပ်ဆိုင်းထားရန် အသိပေးစာကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မုန်တိုင်းဒဏ်ကြောင့် ရခိုင်ဒေသခံ ပြည်သူများ အတိဒုက္ခရောက်နေချိန် စစ်ကောင်စီအနေဖြင့် ကူညီကယ်ဆယ်ရေး သွားလာခွင့်များ ပိတ်ပင်လိုက်မှုနှင့် ပတ်သတ်ပြီး ဒေသခံ ရခိုင်ပြည်သူများနှင့် လူမှုကူညီဆယ်ရေးလုပ်ကိုင်သူတို့၏ အမြင်များကို အခုလိုစုစည်း တင်ပြလိုက်ပါသည်။

ဦးဖေသန်း (မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)

နိုင်ငံတကာက အကူညီကမ်းလှမ်းထားတာတွေရှိတယ်။ ကူညီဖို့ ကြိုးစားနေတာတွေရှိတယ်။ နောက်ပြည်တွင်း ပြည်ပ အလှူရှင်တွေလည်း မုန်တိုင်းနဲ့ ဒုက္ခရောက်နေတဲ့ပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ကူညီဖို့ကြိုးစားနေချိန် ဖြစ်တယ်။ တစ်ဖက်မှာ မြေပြင် အခြေအနေကလည်း မုန်တိုင်းသင့် ပြည်သူတွေဟာ အမိုးအကာအောက်ကို အားလုံး မရောက်ကြသေးဘူး။ ရွက်ဖျင်တဲတွေနဲ့မြေပြင်မှာ တဲထိုးနေကြရတယ်။ နောက် စားနပ်ရိက္ခာ တစ်နပ်စားဖို့ကို မလွယ်ကူတဲ့အခြေအနေ ဖြစ်နေတယ်။ ဒေသတစ်ခုလုံးလည်း မုန်းတိုင်းဒဏ်ကြောင့် စီးပွားရေးက ဆိုးနေတယ်။ ကုန်ဈေးနှုန်းတွေလည်း တက်နေတယ်။

ဒီလိုအခြေအနေမျိုးမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေဟာ အများကြီးလိုအပ်နေတယ်။ ကူညီနေတဲ့ နိုင်ငံတွေ အဖွဲ့အစည်းတွေကိုလည်း ကျနော်တို့ အမြဲတမ်းဖိတ်ခေါ်နေဖို့ လိုတဲ့ကာလ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုလုပ်ရပ်တွေဟာ ဘာကြောင့်လုပ်တယ်ဆိုတာ စဉ်းစားရခက်ပါတယ်။ သူများအလှူကို ပိတ်ပင်တယ်။ သူများကူညီ ထောက်ပံ့မှုကို ကိုယ့်ပြည်သူတွေအတွက် မရောက်အောင်တားမြစ်တာက လုံးဝမဖြစ်သင့်တဲ့အလုပ် ဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်နေတာကတော့ ဒီနိုင်ငံတကာအကူအညီတွေ ပြည်တွင်းပြည်ပက အကူအညီတွေ အပေါ်မှာ သူ့အနေနဲ့ နိုင်ငံရေး၊ စစ်ရေးအသာစီးရအောင်၊ အမြတ်ရအောင် ကြိုးစားချင်နေတဲ့ အရိပ်လက္ခဏာတွေလည်း တွေ့နေရတယ်။

ဒါကြောင့် သူ့တို့ဘက်က ဒီအလှူငွေတွေကိုလက်ခံပြီး သူတို့ကိုယ်တိုင်က ကူညီထောက်ပံ့နေတယ်ဆိုတဲ့ပုံစံမျိုး လုပ်ချင်နေတာကိုလည်း တွေ့ရတယ်။ ဒါကြောင့် ဒီလိုမျိုး ကန့်သတ်လိုက်သလား။ ပိတ်ပင်လိုက်သလားဆိုတာကို စဉ်းစားစရာဖြစ်နေပါတယ်။ မစားရတဲ့အမဲ သဲနဲ့ပတ်တယ်ဆိုသလို ငါမလုပ်ရရင် မင်းတို့လည်း မလုပ်ရဘူးဆိုတဲ့ ပုံစံမျိုး လုပ်သလားလို့ ယူဆပါတယ်။ ဒါကြောင့် လူသားချင်းစာနာမှု အထောက်အကူပြုပစ္စည်းတွေ မရောက်လာအောင် နိုင်ငံရေး၊ စစ်ရေး အမြတ်ထုတ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုရင် ဒါက လုံးဝမလုပ်သင့်တဲ့ အလုပ်ဖြစ်တယ်။ ပြည်သူတွေကို ဒုက္ခရောက်အောင်လုပ်တာနဲ့လည်း တူပါတယ်။ အစိုးရကောင်းတစ်ရပ်ရဲ့ လုပ်ရပ် မဟုတ်ဘူးလို့လည်းမှတ်ချက်ပြုချင်ပါတယ်။

စစ်တွေမြို့မှ အမည်မဖော်လိုသူ အရေးပေါ်ကူညီကယ်ဆယ်ရေးသမားတစ်ဦး

ဒီလုပ်ရပ်က တော်တော်ဆိုးဝါးပါတယ်။ ဟုတ်ပြီ။ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပ အလှူရှင်တွေကို သွားလာခွင့်ကန့်သတ်ရင် သူတို့အနေနဲ့ရော ပြည့်ပြည့်ဝဝ လုပ်ပေးနိုင်မလားဆိုတော့ မဟုတ်ပြန်ဘူး။ သူတို့ပေးတဲ့အကူအညီလောက်နဲ့ အခုလေဘေးဒုက္ခသည်တွေဟာ ထမင်းတောင် မစားရသူအများကြီးပါ။ သွပ်တွေလည်း တစ်အိမ်ကို တစ်ချပ်၊ နှစ်ချပ်နှုန်း၊ ဒီအထဲ သုံးပြီးသားအဟောင်းတွေတောင်ပါပါတယ်။ အဟောင်းလေးတောင် မရတဲ့လူက ပုံလို့။ ဒါတွေကို မိုးဝင်လာပြီ သူတို့ဘယ်လို ဖြေရှင်းပေးမလဲ။ ဘာကြောင့်နဲ့ဖြစ်ဖြစ် ဒုက္ခသည်တွေကို ရှေ့တန်းတင်ရမယ်။ နိုင်ငံရေးကြောင့်ဖြစ်ဖြစ် ဘာကြောင့်ဖြစ်ဖြစ် ဒီလိုကာလမျိုးမှာ ပိတ်ပင်တားဆီးတာဟာ ပြောစရာစကားတောင်မရှိပါဘူး။ အရမ်းအောက်တန်းကျပါတယ်။ တကယ်ဆို သူတို့ကတောင် ဝမ်းသာကြိုဆိုပြီး ပူးပေါင်းပေးသင့်တာပါ။အခုတော့ တကယ်ကို ဆိုးဝါးပါတယ်။

ဒေါ်မခင်အေး (ကျောက်တော်မြို့နယ်၊ ရောင်စုံတောင်ကျေးရွာမှ လေဘေးဒုက္ခသည်)

အားလုံးဆီက အကူအညီလာဖို့ကို မျှော်လင့်နေရတယ်လေ။ ဟိုက နည်းနည်း ဒီကနည်းနည်းရမလား။ မရှိလူတွေမှာတော့ ဟိုက တာပေါ်လင်စလေး၊ ဒီက ဆန်တစ်သိုက် (၄ လုံး) ရနိုင်မလား မျှော်လင့်နေရတယ်။ သူတို့ကမပေးနိုင်ဘူးဆိုရင် အရီးတို့လည်း မတတ်နိုင်တော့ဘူး။ ဒီလိုပဲ ငတ်တစ်ထပ်၊ မွတ်တစ်နပ်နဲ့ စားရသူစား မစားရသူမစားနဲ့ ရှိရတော့မှာပါပဲ။ ကူညီတာတော့ လိုချင်တာပေါ့။ အရီးမှ မဟုတ်ဘူး။ တခြားလူတွေလည်း ဒီလိုပဲ အခုစားဖို့ အခုမရှိကြဘူး။ ဒုက္ခဖြစ်နေကြရတယ်။ ခုလို ကူညီခွင့်ကို တားတာကတော့ ဒီအစိုးရရဲ့လုပ်ရပ်ဟာ မှားရုံတင်မကဘူး ဒီထက် မှားတာမှ ပြောစရာ မလိုတော့ဘူး။ သူတို့လည်း မကူညီ။ ဝင်လာတဲ့ အကူအညီကိုလည်း မပေးရ။ ဘယ်နေရာမှာမှ ကောင်းတာမရှိဘူး။ ဒီလူတွေကို ဒုက္ခပဲပေးနေတာ။ အစစအရာရာ ဒုက္ခပေးတယ်။

မောင်တောမြို့မှ အမည်မဖော်လိုသူ အရေးပေါ်ကူညီကယ်ဆယ်ရေးသမားတစ်ဦး

ကယ်ဆယ်ရေးပေးဖို့သွားတဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကို ဒီမတိုင်ခင်ကတည်းက စစ်တပ်နယ်ခြားစောင့် နခခ (၅) က တော်တော်စစ်တယ်။ ပစ္စည်းတွေက ဘယ်ကဝယ်တယ်။ ဘယ်ကို သွားခဲ့တယ်။ ဒါတွေကိုစစ်တယ်။ နောက်တစ်ခေါက်သွားပေးဖို့အတွက် ကျနော်တို့မှာလည်း ငွေကောက်ခံထားတာတွေရှိပါတယ်။ အဲ့ဒါတွေကိုလည်း သူတို့က သိနေတော့ ရှေ့ကသွားခဲ့တာတွေကို သူတို့က စစ်တယ်။ ဒါကြောင့် နောက်တစ်ခေါက် ကယ်ဆယ်ရေးသွားဖို့ကို တော်တော်စဉ်းစားနေခဲ့ရတယ်။ အခုလိုစာပါထုတ်တော့ ပိုဝေးသွားပြီ။ ဒီလိုကာလမှာ အခုလိုလုပ်တာက တော်တော်ဆိုးဝါးပါတယ်။ ရှေ့က ဆွေးနွေးပွဲမအောင်မြင်ခဲ့လို့များလားလို့ ကျနော်ကတော့ ထင်မိပါတယ်။

နိရဉ္စရာ – ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here