ရမခ တိုင်းစစ်ဌာနချုပ်ကြီးကျဆုံးမှု၊ ၁၀၂၇ စစ်ဆင်ရေး ရှေ့ဆက်အလားအလာများနှင့် ပတ်သက်ပြီး စစ်ရေး လေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်နှင့် ဆက်သွယ်မေးမြန်းချက်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) သည် ယခင်က တရုတ်ဖြူ ကူမင်တန် ကျုးကျော်စစ်၊ ဗကပ ကျုးကျော်စစ်တို့ကို တန်ပြန်တိုက်နိုင်ခဲ့တာကြောင့် စစ်တပ်က အမြဲဂုဏ်ယူ နေရသည့် ရမခဌာနချုပ်သည် ယခုအချိန်၌ ကိုးကန့်တပ် MNDAA လက်ထဲ ကျဆုံးကြောင်း စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောဆိုလာသည်ကို တွေ့ရသည်။
ယခုလိုမျိုး တိုင်းစစ်ဌာနချုပ်ကြီးတစ်ခုသည် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီ လက်ထက်တွင်မှ ကျဆုံးခဲ့ရသည်မှာ ဘာကြောင့်ပါလဲ။ ဘယ်လိုအကျိုးဆက်များ ရှိလာနိုင်ပါလဲ။ စစ်ကောင်စီ တပ်၏ တိုက်ရည်ခိုက်ရည်၊ အမိန့်ပေးကွပ်ကဲမှု စနစ်များနှင့် “၁၀၂၇ စစ်ဆင်ရေး” ၏ ရှေ့ဆက်အလားအလာ အခြေအနေများကို စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ဒီလိုမျိုး သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ တိုင်းစစ်ဌာနချုပ်ကြီးတစ်ခုလုံး စစ်ကောင်စီလက်ထက်မှာ ကျဆုံးခဲ့တဲ့အပေါ် ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ နေဝင်းနီလို့ခေါ်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က စစ်တိုင်း ၁၄ တိုင်းမှာ စစ်အတိုက်ရဆုံးတိုင်း တွေထဲပါဝင်တယ်။ မင်းအောင်လှိုင်လက်ထက်မှာ စစ်ဌာနချုပ်ကြီးတစ်ခုလုံး ကျဆုံးခဲ့တာပေါ့။ ၁၀၂၇ ပထမ အဆင့်ပြီးတော့ စကစက လားရှိုးကို မဟာမိတ်ညီနောင်တွေ လာတိုက်မယ်ဆိုတာ သူတို့သိတယ်။ တိုက်စရာ လားရှိုးပဲ ရှိတယ်။ သူတို့မှာ ပြင်ဆင်ချိန် ၄ လ ရတယ်။ သူတို့ မပြင်ဆင်နိုင်ခဲ့ဘူး။ စစ်အင်အား ဖြည့်တင်းမှုလည်း မရှိဘူး။ ခံစစ် ပြင်မထားဘူး။
ခံစစ်ပြင်ဖို့ အချိန် ၄ လ ရတယ်။ ၄ လအတွင်းမှာ မဟာမိတ်ညီနောင်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်မယ်။ ပစ်ရင် ဘန်ကာတွေဆောက်ဖို့ အချိန်အများကြီးရတယ်။ မဆောက်ခဲ့ဘူး။ အဲဒီမှာ သေရောပဲ။ ဘာမှကို ခံစစ်ပြင်မထား တာ။ နောက်အချက်က ရမခကို သွားမယ်ဆိုတဲ့ တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး အဆင့်လောက်က ဂွင်ဖန် မယ်ပဲ။ ပြည်သူ့စစ်တွေနဲ့ပေါင်းမယ် ပိုက်ဆံရှာမယ်။ ဒါပဲ မှောင်ခိုလုပ်လို့ရတာ အကုန်လုပ်တယ်။ စစ်တိုက်မယ့် အလုပ်ကို သူတို့ အလုပ်မလုပ်တော့ဘူး။
ကျွန်တော်တို့ ဒရုန်းတပ်ရင်း ၆၀၆ မှာ နည်းပညာမြင့်ဒရုန်းတွေ တွေ့တယ်။ မသုံးဘူး။ မသုံးတတ်တာလည်း ပါမယ်။ သုံးလို့ဖြစ်ရင် လျော်ရမှာ စိုးလို့လည်းပါမယ်။ ထုတ်ပေးထားတဲ့ စစ်လက်နက်ပစ္စည်းကိုလည်း အသုံးချဖို့ အာရုံမရဘူး။ စီးပွားရေးစိတ်ကိုပဲ ရောက်နေတယ်။ တကယ်တိုက်လာတဲ့ ခေတ်သစ်စစ်ပွဲ၊ ကိုးကန့်တပ်တွေနဲ့ မဟာမိတ်တွေရဲ့ စစ်နည်းဗျူဟာအောက်မှာ ဒီတစ်လအတွင်းမှာပဲ ရမခက ကျဆုံးသွားရခြင်းပဲ ဖြစ်ပါတယ်။
မေး။ ။ သတင်းတွေအရ ရမခ တိုင်းမှူးဟောင်းအပါအဝင် တပ်အရာရှိ ၃ ဦး အရှင်အဖမ်းခံထားရတယ်။ နောက် စစ်ကောင်စီ တပ်မိသားစုဝင်အယောက် ၄၇၀၀ ကျော် လက်နက်ချ အညံ့ခံတယ်လို့လည်းသိရတယ်။ ဒီလိုမျိုး အခြေအနေတွေအရ Standard Army လို့ ပြောနေတဲ့ စစ်တပ်ရဲ့တိုက်ရည်ခိုက်ရည်နဲ့ အမိန့်ပေး ကွပ်ကဲမှုစနစ်အပေါ် မေးခွန်းထုတ်စရာများ ရှိနေမလား။ ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ ထောင်ချီတဲ့ မိသားစုဝင်တွေရော စစ်သည်တွေရောပါတယ်။ ဗိုလ်ချုပ်လယ်ဗယ် ၃ ယောက်ပါတယ်။ ဒီ ၄၇၀၀ ကလည်း ဗိုလ်ချုပ်တွေကို ကာကွယ်ပေးလိုစိတ် မရှိတော့ဘူး။ အဓိက စစ်တပ်မှာဖြစ်သွားတာ အဲဒါပဲ။ ဒီဗိုလ်ချုပ် ၃ ယောက်က ဒီလူ ၄၇၀၀ မှာ စစ်တိုက်နိုင်တာ တစ်ထောင်တော့ရှိရမယ်။ လက်နက်လည်း မရှိစရာ အကြောင်းမရှိဘူး။ ဘေးမှာ စစ်လက်နက်ပစ္စည်းတပ်ခွဲ ရှိတယ်။ လက်နက်ခဲယမ်းတွေလည်း ရှိတယ်။ ခဲယမ်း မလောက်လို့ဆိုတာလည်း မဟုတ်ဘူး။
ဒီစစ်ဗိုလ်တွေကိုယ်တိုင်က ကျန်တဲ့တပ်သားတွေကို ကွပ်ကဲပြီး မတိုက်နိုင်တာပါတယ်။ အောက်ခြေစစ်သား တပ်ဖွဲ့ဝင်ပေါင်းများစွာကလည်း သူတို့ရဲ့မိသားစုဝင်တွေကိုတောင် မကာကွယ်ပေးနိုင်ဘူး။ ကာကွယ်ပေးမှာ မဟုတ်ဘူး။ သူတို့ကတောင်ဖမ်းပြီး စစ်မတိုက်ရင်ပြီးရောဆိုတဲ့ ဒီစစ်ဗိုလ်ချုပ် ၃ ယောက်ကို အပ်လာမယ့် အနေအထားမျိုးတောင် တွေ့ရတယ်။ Standard Army ကြီးက သူ့ဘာသာ ရေငုပ်သင်္ဘောတွေဝယ်တယ်။ စစ်လက်နက်ပစ္စည်းတွေ ဝယ်တယ်။
အောက်ခြေက တကယ်တိုက်နေတဲ့သူတွေဆီ မရောက်ဘူး။ မင်းတို့အသေခံ တိုက်ခိုင်းတာ။ ဒီလိုဖြစ်လာတော့ အောက်ခြေစစ်သားတွေက တိုက်ချင်စိတ်မရှိတော့ ဒီ Standard Army ကြီးက ကျဆုံးရတာပဲ။ လက်နက်ချ အညံ့ခံရတဲ့အဆင့် ရောက်သွားတာလို့ တကယ်ကိုပြောရမှာပဲ။ စစ်အင်အား ဘယ်လောက်ရှိရှိ တိုက်ချင်စိတ် မရှိရင်သွားပြီ။ ဒီစစ်ဗိုလ် ၃ ယောက် ထောင်ကျော်တဲ့ စစ်သည်အင်အားကို အသုံးချလို့ရတယ်။ ဒါပေမယ့် အောက်ခြေစစ်သည်မိသားစုတွေ ပါမလာဘူး။ ပါမလာတော့ သူတို့အဖမ်းခံလိုက်ရတယ်။ ဒါပါပဲ။ ဒီ Standard Army က အပေါ်ယံ ရုပ်ပြပဲ။
မေး။ ။ စစ်တပ်မှာ တိုင်းစစ်ဌာနချုပ် ၁၄ ခု ရှိတဲ့အနက် လားရှိုး ရမခ တိုင်းစစ်ဌာနချုပ်က ပထမဆုံး ကျဆုံးမှု ဖြစ်တာကြောင့် ဒီကျဆုံးမှုဟာ တော်လှန်ရေးအင်အားစုတစ်ခုလုံးက အမြစ်ဖြုတ်ချင်နေတဲ့ စစ်တပ်ရဲ့ အာဏာရှင် စနစ်ကြီးပြိုလဲဖို့ နိဒါန်းဖြစ်နေမလား၊ သုံးသပ်ပေးပါဦး။
ဖြေ။ ။ စစ်တိုင်းဌာနချုပ် ၁၄ ခုမှာ စစ်အင်္ဂါစဉ်က တတိယမြောက်တိုင်းစစ်ဌာနချုပ်ဖြစ်တယ်။ ဒီအတိုင်း စစ်ဌာနချုပ် ကျသွားတာဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အမြစ်ဖြုတ်ချင်တဲ့ နိဒါန်းရဲ့အစလို့ ပြောလို့ရမယ်။ လေနဲ့တိုက်ရင် လေပဲရမယ်။ တကယ်တိုက်ရင် တကယ်ရမယ်။ တချို့ကလည်း ကျူးကျော်စစ်လိုလို စကစကပဲ တရုတ်ကို အကူအညီတောင်းနေသလို တရုတ်ကျူးကျော်စစ်ဆိုပြီး ပြောနေကြတာ။ တကယ်တမ်းက အရှုပ်ပေါ့။ အရှုပ်ထဲမှာ ရှင်းအောင်နေလို့မရဘူး။
ကျန်တဲ့တော်လှန်ရေးသမားတွေ ကြောင်တောင်တောင် ပြောတဲ့သူတွေလည်း ရှိတယ်။ ဒီတော်လှန်ရေးအစမှာ အားလုံးက အသက်တွေ သွေးတွေချွေးတွေနဲ့ ပါလာတာ။ ပြည်သူ့ထောက်ခံမှု တော်လှန်ရေးတပ်ဖွဲ့တွေဆိုတာ လည်း ပညာတတ်လူငယ်တွေ စိတ်ဓာတ်ကြီးတဲ့သူတွေ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်မှ ရမယ်။ ဒီစိတ်နဲ့ သွားနေတာ။ ဒီစိတ်နဲ့သွားလို့ တော်လှန်ရေးက နိဒါန်းအစကို ရောက်လာတာ။ ဒါက ကျူးကျော်စစ်လားဆိုပြီး အရှုပ်ထဲမှာ ရှင်းအောင် နေလို့မရဘူး။ အရှုပ်ထဲမှာ ရှင်းအောင်နေမယ်ဆိုတာ လူညာပဲ။
မေး။ ။ အခုဆို လားရှိုး ရမခ တိုင်းစစ်ဌာနချုပ်ကြီးလည်း MNDAA လက်ထဲ နိဂုံးချုပ်သွားပြီဆိုတော့ ၁၀၂၇ စစ်ဆင်ရေးအနေနဲ့ နောက်ထပ် စစ်ကောင်စီတပ်စခန်းတွေရှိတဲ့ မြို့တွေ၊ ဌာနချုပ်တွေကို စစ်ဆင်ရေး လုပ်လာနိုင်လဲ။ (ဥပမာ – မူဆယ်၊ ပြင်ဦးလွင် စသဖြင့်ပေါ့)
ဖြေ။ ။ မန္တလေးတိုင်းထဲကနေ စစ်ကိုင်းတိုင်းထဲ ဝင်သွားတာမျိုးလည်း ဖြစ်နိုင်တယ်။ စစ်ကိုင်းတိုင်းထဲကနေ အညာမြေဆီ ဖောက်သွားတာလည်း ဖြစ်နိုင်တယ်။ စစ်ကောင်စီကလည်း လားရှိုးပတ်ဝန်းကျင်ကို ရှမ်းတောင် ကနေလာဖို့ လမ်းတွေဖောက်နေတာ ရှိတယ်။ ဖောက်တဲ့လမ်းအတိုင်းပဲ ရှမ်းမြောက်စစ်ဆင်ရေးက ရှမ်းတောင် မှသည် ကရင်နီဘက်ကို စီးဆင်းသွားမယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ စစ်ဆင်ရေး ဆက်လုပ်မှာပါ။
မေး။ ။ စစ်ကောင်စီဘက်ကရော နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ထပ်မကျရေး လားရှိုးနဲ့နီးစပ်တဲ့ အလယ်ပိုင်းတိုင်းတို့ နေပြည်တော်တို့လို တိုင်းစစ်ဌာနချုပ်တွေမှာ အင်အားအလုံးအရင်းတိုးပြီး ခံစစ်တွေ သေသေချာချာ ပြင်ဆင်လာနိုင်မယ့်သဘော ရှိနိုင်မလား။ သုံးသပ်ပေးပါဦး။
ဖြေ။ ။ ရမခ ကျအပြီး စစ်တပ်မြို့လို့ပြောတဲ့ ပြင်ဦးလွင်ကို စစ်တပ်က ခံစစ်တွေပြင်နေပါပြီ။ ရမခကို နမူနာ ယူပြီးတော့ ခံစစ်ပြင်တာတွေ လုပ်လာနိုင်တယ်။ အကောင်းဆုံးခံစစ်သည် တိုက်စစ်လို့ ပြောတဲ့အတိုင်း စစ်ကောင်စီက လားရှိုးကို စိတ်လျော့လိုက်တော့မယ်။ အခု နောင်ချို၊ ကျောက်မဲ တန်ပြန်တိုက်စစ် တိုက်နေတယ်။ ခံစစ် စစ်ကြောင်းတွေ လုပ်နေတာရှိတယ်။ ပြင်ဦးလွင်မကျအောင် သူတို့တွေ ရအောင်ကာမယ့် အနေအထားမျိုး တွေမြင်နေရတယ်။
သံလွင်တိုင်းမ် ပေးပို့သည်။